“၀” ဒီဂရီနေ့စွဲများနဲ့လူ

ပြောခဲ့ရတာတွေသိပ်များလာတော့
ကိုယ့်ပါးစပ်ကညှီနံ့တွေကို
ကိုယ်ကိုတိုင်ပြန်မုန်းလာ
ငါ့ဘဝရဲ့ရှင်သန်ခြင်းအရွယ်အစားသုံးခုထဲက
တတိယမြောက်ရှင်သန်ခြင်းဟာ
လက်သည်းရိုင်းရိုင်းတွေနဲ့
နှလုံးသားကိုလာလာကုတ်
အရေခွံလဲချိန်ရောက်ခါနီးမှ
အသက်ရှုဝဝလာတော့
င့ါပြက္ကဒိန်မှာ
တစ်နှစ်ပတ်လုံးရက်ရာဇာပျောက်ခဲ့တယ် .................

ဘယ်ကံကြမ္မာဆီကမှ
မျှော်ကိုးမှုတွေနဲ့လက်မဖြန့်ခဲ့ပါဘူး
စုတ်တီးစုတ်ချာနဲ့ပဲ
ပြန်ပြန်ပြီး
ရသလောက် ဖာထေးခဲ့
ဒါတောင်သနားတတ်တဲ့
မျက်ဝန်းတွေကအရောင်မကျသေးဘူး ...................

ဥပေက္ခာဆိုတာက
ငါ့ရဲ့အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်နေတော့
“ဇရာ” ဆိုတာသာ
ငါမလျှောက်ဘဲရောက်ခဲ့တဲ့
ငါ့ရဲ့တစ်ခုတည်းသောခရီးဖြစ်တယ် ..................

ငါဟာ
သူများကျန်ခဲ့လို့မဟုတ်ဘဲ
ကိုယ်ဖော်တဲ့ဆေးကိုယ်သောက်ရင်း
ဖြစ်ခဲ့ရတဲ့
ဇော်ကန့်လန့်တစ်ကောင်ပါ……………။။။

အိုင်လွယ်ပန်



0 comments: