မိုးမှတ်တမ်း

မနေ့ကအိပ်မက်နဲ့
ဒီနေ့အိပ်မက်တွေကသာမတူတော့တာ
အဲဒီရာသီရောက်တိုင်း
ရင်ထဲမှာမြေနံ့တွေသင်းသင်းနေတုန်း…………

အဲဒီရာသီရဲ့
ကြုံရာကျပမ်းအနေအထိုင်တွေထဲမှာ
ငါတို့ကရေးရေးလေးတောင်
မနက်ဖြန်အကြောင်းမတွေးခဲ့ကြဘူး
ပျော်သလိုပဲလွင့်တယ်
ခိုက်ခိုက်မတုန်ရင်အဝင်မကောင်းမှာစိုးလို့
တွဲလွဲခိုမြက်ဖျားရေစက်တွေကို
ရွှဲရွှဲစိုအောင်ထိုင်ငေးခဲ့ကြ
အရှိန်လေးရလာကြပဟေ့ဆို
ကိုယ်စီအလံတွေလွှင့်ကြ
ဝါဒတွေရဲရဲတောက်တဲ့ပွဲ
နောက်တော့လည်းဟာသတွေပဲလေ
အပြီးသတ်တော့
ပါးစပ်ထဲကဝင်ပြီးဗိုက်ထဲရောက်
မဆီမဆိုင်ခေါင်းကဘာလို့ချာချာလည်သလဲဆိုတာ
ချာချာလည်အောင်ငြင်းကြခုန်ကြရင်း
ကိုယ်စီကိုယ်စီလည်ပင်းဖက်လို့
ဘယ်အဖြူရောင်က
အဲဒီသံယောဇဉ်တွေလောက်ဖြူခဲ့လို့လဲ
တစ်ယောက်ကဘယ်ယိမ်းရင်
တစ်ယောက်ကညာကိုယိမ်း
ယိမ်းတကာ့ယိမ်းထဲမှာ
ငါတို့ယိမ်းကစည်းချက်အမှန်ဆုံး
ခါးကြားကဖိနပ်တွေပါယိမ်းခဲ့ကြ
လမ်းမီးမှိန်မှိန်တွေအောက်မှာ……………..

ကြာတော့ကြာခဲ့ပါပြီ
ဒါပေမယ့်
အဲဒီရာသီရောက်တိုင်းပေါ့
ရင်ထဲမှာမြေနံ့တွေပြန်ရနေတုန်းပဲ
အတိတ်ရဲ့အရိပ်ကချိုတယ်……………….။။။

အိုင်လွယ်ပန်
(p.S…..သူငယ်ချင်းတွေကိုသတိရတယ်ဗျးp )

9 comments:

Unknown said...

ကဗျာတစ်ပုဒ်လုံး ကြိုက်တယ်ဗျာ..။ ငါတို့ ယိမ်းက အညီဆုံးပဲ ခါးကြားက ဖိနပ်တွေပါ ယိမ်းခဲ့ကြ...တဲ့...။ ရေလည် မိုက်တယ်..။

နောက်ထပ်ကျွန်တော်ကြိုက်တဲ့ ရိထားတဲ့ စာသားလေးကတော့ "ဝါဒတွေရဲရဲတောက်တဲ့ပွဲ
နောက်တော့လည်းဟာသတွေပဲလေ" ဗျ..။ အစ်ကိုကတော့ ဘာသဘောနဲ့ ရေးလဲ မသိ။ ကျွန်တော်ကတော့ ကျွန်တော့် အတွေးနဲ့ ကျွန်တော် တော်တော်သဘောကျမိတယ် :)

တင့်ထူးရွှေ said...

မိုးအေးအေးလေးမှာ နွေးနွေးလေးဖြစ်သွားအောင် တစ်ခွက်လောက်ဗျာ ကိုအိုင် :)

mgngal said...

ဘယ်အဖြူရောင်က
အဲဒီသံယောဇဉ်တွေလောက်ဖြူခဲ့လို့လဲ

အဲဒီစာသားလေးခိုက်တယ်ဗျာ။ တစ်ပုဒ်လုံးကောင်းတယ်။

Anonymous said...

ကဗျာလေးကောင်းတယ် ကိုအိုင်းရေ့ အပေါ်နားလေးက ဒီရာသီဆိုတော့ ပြီးခဲ့လကအကြောင်းလေးကို ခံစားချက်တွေဖွင့်ထားတာလားလို့  ပြီးမှသိတော့တယ် သူလည်းသူငယ်ချင်းတွေကို လွမ်းနေတာကိုးး..........။

ညိမ်းညို said...

တပုဒ်လုံးကကောင်းနေတော့ ဘယ်အပိုဒ်ထုတ်ပြရမှန်းတောင် မသိတတ်နိုင်အောင်ပဲဗျ
ရေးလက်လဲသွက် ရေးကွက်လဲကောင်း ကျနော့်အတွက် အွန်လိုင်းကဗျာစာအုပ်တအုပ်တိုးလာသလို ၀မ်းသာမိပါတယ်..။
ကဗျာတွေကို တစုတစည်းထဲဖတ်ခွင့်ရတဲ့အတွက်လဲ
ကဗျာဆရာညီလေးကို ကျေးဇူးတင်ပါတယ်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)

လင်းဒီပ said...

After reading your post....I wanna drink more n more ..have a nice day..

ခေါင်ခေါင် said...

ဘယ်အဖြူရောင်က အဲဒိသံယောဇဉ်တွေလောက် ဖြူခဲ့လို့လဲ ဆိုတဲ့ စာသားလေးကို အကြိုက်ဆုံးပါပဲ..

မိုးမြင့်တိမ် said...

ဒီကဗျာလေးဖတ်ပြီးတော့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး သွားလိုက်လာလိုက်ပျော်လိုက် ကြတာတွေကို သတိရမိတယ်ဗျာ။ ကဗျာအရေးအသားလေးကို တော်တော်ကြိုက်တယ်။

thihanyein said...

မနေ့ကအိပ်မက်နဲ့
ဒီနေ့အိပ်မက်တွေကသာမတူတော့တာ
အဲဒီရာသီရောက်တိုင်း
ရင်ထဲမှာမြေနံ့တွေသင်းသင်းနေတုန်း…………
ကဗျာစာသားတွေပက်ပက်စက်စက်ကောင်းတယ်ဗျာ
ဒီစာသားကိုတော်တော်ကြိုက်တယ်
ကောင်းတယ်ဗျာ ကောင်းတယ်