မငိုပါနဲ့........... မေမေရယ်


အပြောလွယ်သလောက်
အလုပ်ခက်တယ်
အပြောတွေများများလာ……………

ထမင်းလုပ်အကြီးကြီးတွေထဲမှာ
ထမင်းလုပ်သေးသေးလေးတွေရဲ့
မျက်ရည်ပုလဲဥများ
မြိန်ရည်ယှက်ရည်နဲ့
အာသာငမ်းငမ်းနှုတ်ခမ်းအစုံစုံတွေ………………….

အဖြူရောင်စိုးထားတဲ့
ဖြူစင်ခြင်းကိုမှအရေခြုံချင်ရင်
ရတော့ရမယ်
ကြေးကြီးတယ်………………

ပိုနေတဲ့နာရီတွေကြား
နပိုလီယံနောက်ကျလိုက်တဲ့
နာရီပိုင်းလေးဟာကမ္ဘာကျော်သွား
ဟိုဟာကြောက်ရဒီဟာကြောက်ရ
ခောတ်ကြီးထဲမှာ
မာဆေးလူမျိုးတွေလို
ရဲရင့်တဲ့နှလုံးသားများ
ဈေးကွက်မှာရှားပါးလာ
တစ်ကိုယ်စာရဲရင့်မှုလေးတစ်ခုတော့
ကဗျာဆရာတစ်ယောက်ဆီမှာ
ဖျပ်ကနဲတွေ့လိုက်ရ……………………..

ရိုင်းလှပါတယ်ဆိုတဲ့ မြင်း
အားအင်ကြီးလှပါတယ်ဆိုတဲ့ ဆင်
မာန်ပြင်းလှပါတယ်ဆိုတဲ့ မြွေဟောက်
အားလုံးက
လူ ဆိုတာကိုတွေ့တာနဲ့တင်
ဝေးဝေးက ရှောင်ချင်နေကြ
သူတို့သမိုင်းတွေခါးစေနိုင်ခဲ့တာ
လူ ဆိုတဲ့သတ္တဝါတစ်မျိုးပဲရှိရဲ့…………………..

သိသင့်သလောက်တော့
သိလာခဲ့
မိုးတွေရွာတဲ့နေ့ကထွက်လာလိုက်တာ
ပြန်ရောက်လာခဲ့တော့လည်း
မိုးတွေကသည်းနေတုန်း
မငိုပါနဲ့………မေမေရယ်
နောက်တစ်ခါဆို
ကျွန်တော်လျှောက်လျှောက်မသွားတော့ပါဘူး………………..။။။

အိုင်လွယ်ပန်

3 comments:

တင့်ထူးရွှေ said...

နောက်တစ်ခါဆို လျှောက်လျှောက်မသွာနဲ့တော့ ၊ ကောင်းပကိုအိုင်ရာ ..။

thihanyein said...

ကဗျာကောင်းလေးကိုဖတ်ရတာ အရသာရှိလိုက်တာညီရာ
ထမင်းလုပ်အကြီးကြီးတွေထဲမှာ
ထမင်းလုပ်သေးသေးလေးတွေရဲ့
မျက်ရည်ပုလဲဥများ
အဲလိုစာသားလေးတွေမှာ အတွေးလေးတွေပါတယ်
အဖြူရောင်စိုးထားတဲ့
ဖြူစင်ခြင်းကိုမှအရေခြုံချင်ရင်
ရတော့ရမယ်
ကြေးကြီးတယ်………………
ဒီလိုစာသားမှာလည်း မာနလေးတွေနဲ့ လှပတဲ့ကဗျာတစ်ပုဒ်
လေးပါပဲညီ ကဗျာကောင်းလေးတွေဆက်ပြီးရေးဖွဲ့နိုင်ပါစေညီလေးရေ

လင်းဒီပ said...

အဲလိုပြောပြောပြီး ကိုယ်လည်း အိမ်မပြန်ဖြစ်တာကြာပြီ...
လောကမိုးကြမ်းတွေကတော့ ဘယ်တော့မှမစဲဘူး
အမေ့အိမ်လေး မိုးမယိုဖို့ပဲ အဝေးက ဆုတောင်းနေမိတယ်..
ကိုအိုင် ပျော်ရွှင်ပါစေ...
ခေါင်းလောင်းသံလေးလည်း ချိုပါစေ..