ဟာသ (၂)


ခံစားချက်ရင့်ရင့်နဲ့
ရေးခြစ်ထားတဲ့ပန်းချီကားလေး
နွေရာသီဆန်တဲ့ရင်ခွင်မှာ
တိုးတိုးလေးစီးဆင်းရင်းမှုန်ဝါးသွား……………………

နေ့ဟာနေ့လို
ညဟာညလို
တင်းထားတဲ့ကြိုးတစ်ချောင်းကို
ပွန်းရိစေခဲ့
မီးတောက်ဟာ
သူ့ကိုယ်သူပြန်လှုံဖို့
အနွေးငွေ့ငွေ့လေးတောင်
မရှိရှာတော့ဘူး…………………..

မနမ်းရက်လိုက်တဲ့
ပါးပြင်တစ်ခုအတွက်
ကျိန်စာရဲ့ရယ်သံတွေလေ
အသက်ပြင်းလွန်းလှတယ်…………………။။။

အိုင်လွယ်ပန်

6 comments:

thihanyein said...

ငါ့ညီရဲ့ဒီကဗျာလေးဖတ်လိုက်ရမှာ ဆရာစိုင်းဝင်းမြင့်ရဲ့
စာကြောင်းလေးကိုသတိရလိုက်တယ်
...ကဗျာက ဒါဆိုရင် ကဗျာဆရာက ဟိုလိုလုပ်တတ်လို့ပါ....
တဲ့ ကဗျာလေးက ကောင်းတယ် နားမလည်လို့ အခါခါထပ်ဖတ်ရတယ် ဒါပေမယ့် နားလည်သလိုလိုပဲ
...
ဆက်ရေးညီလေးရေ ...

သီဟညိမ်း

mgngal said...

ကိုအိုင်းရေ အဆင်ပြေဘူးလားဗျ ။ ကိုအိုင်းခေါင်းလောင်း
ဆီမှာလည်း ဒီသံစဉ်တွေပဲ ။ အဆင်ပြေကြပါစေဗျာ ။ ကဗျာ
ကောင်းလေး ဖတ်သွာပါတယ် ။ :)

လင်းဒီပ said...

ဘဝက တရိရိ တိုက်စားခံရတယ်..အေးစက်ခြောက်သွေ့လွန်းတယ်လို့ နားလည်ခံစားမိတဲ့ ဒုတိယပိုဒ်လေးကို အကြိုက်ဆုံးပဲ

တင့်ထူးရွှေ said...

မနမ်းရက်လိုက်တဲ့ ပါးပြင်တစ်ခုအတွက် ကျိန်စာရဲ့ ရယ်သံတွေလေ အသက်ပြင်းလွန်းလှတယ်၊ ဒီအပိုဒ်လေးကိုကြိုက်တယ်ဗျာ၊ ခံစားချက်တွေတူနေလို့လား မသိ :)

ခေါင်ခေါင် said...

အမြဲတမ်းအကောင်းဆုံး ရေးဖွဲ့တတ်တဲ့..ကဗျာဆရာပါပဲ

ညိမ်းညို said...

ဟာသကိုဖတ်ပြီး မရီလိုက်နိုင်ဘူး
အခိုက်ဓာတ်ကို ဖမ်းဆုပ်မိသွားလို့