မြို့နဲ့ဒွေးရောယှက်တင်နေတဲ့ပင်လယ်


ဘုရားစာရွတ်တဲ့ပါးစပ်ကလည်း ဒီပါးစပ်
နင်ပဲငါဆ ဆဲဆိုတာလည်း ဒီပါးစပ်
ဒီလို ပါးစပ်မျိုးနဲ့ပဲ
ပင်လယ်ဟာ
သူ့ရဲ့မြို့အပေါ်ပံ့ပိုးမှုကို
အားမနာလျှာမကျိုးဖော်ဖော်ပြခဲ့
ပင်လယ်ဟာ
မြို့ရဲ့တစ်ကိုယ်ရေယဉ်ကျေးမှုမှာ
ဘောင်မဝင်ဘူး………………………

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
အခွင့်ရှိသလောက်တိုက်စားနေတဲ့
အစာငတ်ဘီလူးတစ်ကောင်ဖြစ်တယ်……………….

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
အနေအထိုင်ပိရိသေသပ်တဲ့
ဖောက်လွှဲဖောက်ပြန်မိန်းမရိုင်းတစ်ယောက်ဖြစ်တယ်……………

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
လှပအောင်ဖန်ဆင်းထားတဲ့
စုန်းတစ်မျိုးဖြစ်တယ်………………………

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
ပင်လယ်တွေရဲ့ရိုးရာကိုဖျက်ဆီးတဲ့
ငါးခုံးမတစ်ကောင်ဖြစ်တယ်………………

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
ပင်ကိုယ်အနံ့အသက်တွေဝှက်ကွယ်ထားတဲ့
ကမ္ဘာကျော်ရေမွှေးတစ်ပုလင်းဖြစ်တယ်…………………..

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
ကြုံရင်ကြုံသလိုဒုက္ခပေးတတ်တဲ့
ခြုံခိုသေနတ်တစ်လက်ဖြစ်တယ်……………………

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
အချိန်မရွေးထခွေ့ နိုင်တဲ့
နွားသိုးတစ်ကောင်ဖြစ်တယ်……………………

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
ဘာသာစကားတော်တော်များများပြောနိုင်တဲ့
သရုပ်ဆောင်တစ်ဦးဖြစ်တယ်………………………

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
မြို့ကိုချစ်သလိုမျိုးနေပြနေတဲ့
မောင်းချဓါးတစ်ချောင်းဖြစ်တယ်...............

မြို့ကိုခွေနေတဲ့ပင်လယ်ဟာ
တည်ရှိနေသေးသော
မတည်မြဲခြင်းတရားတစ်ခုဖြစ်တယ်……………………….

အဲသလို
မြို့နဲ့ဒွေးရောယှက်တင်နေလာခဲ့တဲ့ပင်လယ်
သူ့ကိုယ်သူပင်လယ်ပါလို့
အထပ်ထပ်အခါခါပြော
မြို့ကိုသနားသမှုတွေ
ဖန်တရာထေအောင်ပြုပြီး
သူ့ရဲ့သာယာရာသာယာကြောင်းကို
ရှာရှာနေတော့တယ်
ပင်လယ်ဟာကြီးကျယ်မိုက်ရိုင်းလွန်းလှတယ်………………………။။။

(ကျွန်တော့်တွေ့တွေ့နေတဲ့ ပင်လယ်အပေါ် အမြင်မကြည်လင်မှုသက်သက်သာဖြစ်ပါသည် :P )

အိုင်လွယ်ပန်









9 comments:

mgngal said...

လုပ်ချလိုက်ပြန်ပြီ .။ ပင်လယ်တောင် အငြိမ် မနေရပါလား
နော် ။ အဲဒါပဲ ကဗျာဆရာ ကလောင်သွေးရင် ဘယ်အရာမှ
အလွတ်ဘူးဆိုတာ ။ ကဗျာမှာ သုံးထားတဲ့ စာသားတွေ
ကြည့်ရတာ ပင်လယ်ကို တော်တော် အချဉ်ပေါက်နေတယ်
ထင်တယ် ။ :D

thihanyein said...

ဟဟ ငါ့ညီ ဘယ်လိုလို့ ပင်လယ်ကို အမြင်မကြည်ဖြစ်နေရတာလဲကွာ ကဗျာလေးက မိုက်တယ်ကွာ...အသုံးအနှုန်းလေးတွေကောင်းတယ်ညီလေး
ရေ....အားပေးတယ်ကွာ....
ကောင်းတယ်...

လင်းထက် said...

အင်း ကဗျာလေးကတော့ ဖတ်တဲ့သူတွေ အပေါ်မူတည် ပြီး အဓိပ္ပာယ် တွေ အများ ကြီးကွဲလွဲ နိုင်တယ်နော် ပင်လယ် သက် သက် လား????ဒါမှ မဟုတ် အဲဒီ ပင်လယ်နဲ့ အလားသဏ္ဍန် တူတဲ့ လူတွေ အကြောင်းလား??????

ATN said...

ပင်လယ်တွေ ပင်လယ်တွေ
ကဗျာဆရာတွေကို
တော်တော် ဒုက္ခပေးနေကြသကိုး......

ကိုယ်ကတော့ မုန်တိုင်းထန်တဲ့ ပင်လယ်ကို မိုးချုပ်မှောင်ရီထဲ လိုက်ရှာဖူး သဗျ...

အစစ အဆင်ပြေပါစေဗျား...

လင်းဒီပ said...

အဲဒိ ပင်လယ်ကို လမင်းလေးနဲ့ပြုစားလိုက်တော့
ဒါမှ ဒီရေတွေနဲ့ သူ အိပ်ရေးပျက်သွားမှာ..:P

ခေါင်ခေါင် said...

ဟုတ်တယ် .. အဲဒိ ပင်လယ်က အဲဒါထက်တောင် ဆိုးသေးတယ်

Anonymous said...

မာယာများလွန်းတဲ့ ပင်လယ်ဆိုပြီး ထပ်ဖြည့်လိုက်ပါလား
:P ကောင်းတယ်ဗျို့ အမြဲအားပေးလျက်ပါ

တင့်ထူးရွှေ said...

ဘရို ရေးချက်တွေလန်ထွက်နေပါ့လား၊ ကောင်းတယ်ဗျာ :)

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ရေ စိတ်ကူးစိတ်သန်းကတော့ ကောင်းပါ့ဗျာ။ ရေးချက်ကလည်း တစ်ပုဒ်ဆို ဆိုသလောက်ကို ပြောင်မြောက်ပါတယ်။ ကျွန်တော့်အမြင်တော့ ဒီကဗျာလေးထဲမှာ အတွေးတွေ အများကြီးဖွက်ထားတယ်နဲ့ တူတယ်။ ကိုအိုင်လွယ်ပန်ရဲ့ ကဗျာတွေကတော့ ထုံးစံအတိုင်းဖတ်လို့ ခံစားလို့ ကောင်းနေတာပါဘဲ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်