မဟုတ်သေးဘူး ငါ့ကောင်


မဟုတ်သေးဘူး ငါ့ကောင်
မင်းဆိုတဲ့ကောင်က မနိုင်ဝန်သိပ်ထမ်းလွန်း
အိပ်မက်တွေနဲ့ မင်းကျစ်တဲ့ကြိုးက
မင်းတစ်ကိုယ်စာရစ်ပတ်ဖို့တောင် အနိုင်နိုင်
နေရင်းထိုင်ရင်းဖြစ်လာတဲ့
မင်းရဲ့အမြင်တိမ်းစောင်းမှုတွေအတွက်
မျက်မှန်ကောင်းကောင်းတစ်လက်လိုနေပြီ………………………..

မဟုတ်သေးဘူး ငါ့ကောင်
မင်းဆိုတဲ့ကောင်က တလွဲဆံပင်ကောင်းလွန်း
မင်းပြောပြောနေတဲ့
ယုံကြည်ချက်ကိုဖက်တွယ်နေတာပါဆိုတာ
မင်းရဲ့နေထိုင်မှုဘောင်ထဲမှာတောင် ရုန်းရင်းဆန်ခတ်
ခိုးခိုးပြီးကြပ်နေရတဲ့
မင်းရဲ့အသက်ရူ တွေအတွက်
အောက်ဆီဂျင်ကောင်းကောင်းတစ်ဘူးလိုနေပြီ……………………………..

မဟုတ်သေးဘူးငါ့ကောင်
မင်းဆိုတဲ့ကောင်က ခံစားချက်လှိုင်းထန်လွန်း
နွေအကြောင်းပြောရင်
မင်းကတံလျှပ်တွေထမယ်
မိုးအကြောင်းပြောရင်
မင်းကလျှပ်နွယ်တွေဝင်းမယ်
ဆောင်းအကြောင်းပြောရင်
မင်းကနှင်းခဲတွေကြွေမယ်
မင်းပတ်ဝန်းကျင်မှာတောင်မင်းသဟဇာတဟာ မှုန်မှိုင်း
အရုပ်ကြိုးပြတ်လွန်းတဲ့
မင်းရဲ့နွေ မိုး ဆောင်း ဂီတအတွက်
ရာသီစာကောင်းကောင်းတစ်မျိုးလိုနေပြီ……………………

မဟုတ်သေးဘူး ငါ့ကောင်
မင်းဆိုတဲ့ကောင်က ညှီနံ့ကို မုန်းလွန်း
ရေစည်လှည်း တွန်းတဲ့ ကိုမြကပြောတယ်
မင်းတွန်းထိုးခဲ့ရတဲ့ လမ်းက
သူ့လောက်မကြမ်းခဲ့ဘူးတဲ့
နိစ္စဓူဝ မင်းအော့အန်ချင်နေတဲ့
လွဲမှားမှု ညှီနံ့တွေပျောက်ဖို့အတွက်
မင်းမှာ ပိတ်နေတဲ့နှာခေါင်းတစ်ခုလိုနေပြီ…………………………….

မဟုတ်သေးဘူး ငါ့ကောင်
မင်းဆိုတဲ့ကောင်က အရာရာကိုအလျားလိုက်ဖြတ်သန်းလွန်း
ကြယ်တွေကြွေပြီဆိုရင်
မင်းက ဆုတောင်းတာကိုမယုံကြည်ပုံတွေပြမယ်
မင်းရဲ့ယိုင်နဲ့နဲ့သမိုင်းကို
သတ်ပုံမမှန်တမှန်နဲ့ မင်းရေးပြမယ်
အနံကြီးဂွင်းကျယ်လိုက်ရမှာကြောက်တဲ့မင်းအတွက်
မင်းမှာ ချပ်ဝတ်တန်စာတစ်စုံလိုနေပြီ…………….

မဟုတ်သေးဘူး ငါ့ကောင်ရေ
ဘယ်လိုပြဿဒါးမလွတ်လို့
ငါဆိုတဲ့ကောင်က
မင်းရဲ့မသိစိတ်ဖြစ်နေရတာလဲ
ငါကိုကလည်းငါပဲ
ဟုတ်ကိုမဟုတ်သေးဘူး…………………….။။။

အိုင်လွယ်ပန်















6 comments:

လင်းဒီပ said...

မဟုတ်သေးဘူး င့ါကောင်ရေ..ဟုတ်ကို မဟုတ်သေးဘူး..
ကောင်းသကွာ..

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ရေ လောကကြီးထဲမှာနေရတာက တစ်ခါတစ်ရံမှာ ဒီလိုပါဘဲဗျာ။ ကိုယ့်ကိုကိုယ်တော့ အပြစ်မတင်ပါနဲ့။ ဒီတစ်ခါဖြစ်ရင် နောက်တစ်ခါမဖြစ်အောင်တော့ ထိန်းရမှာပေါ့။ ဟုတ်ဘူးလား။ ကဗျာကိုတော့ တစ်ပုဒ်လုံးကြိုက်တယ်ဗျာ။အမြဲအားပေးနေတယ်ဗျို့ ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ညိမ်းညို said...

မသိစိတ်က သိစိတ်ကိုပြောနေပုံများ လွှတ်သဘောကျဗျာ
ဘာတဲ့
မဟုတ်သေးဘူး ငါ့ကောင် တဲ့
အဲဗျ
အတူတူလို့ဆိုရမှာပဲ
ဒီကမောင်မှာလဲ
မဟုတ်သေးဘူး ငါ့ကောင်ပဲရယ် :P

thihanyein said...

အောက်ဆုံးစာလေးခိုက်တယ်ကွာ...
မဟုတ်သေးဘူးငါ့ကောင်ရေ
ငါကိုကလည်းငါပဲ
ဟုတ်ကိုမဟုတ်သေးဘူး...
အကိုလည်း ဟုတ်ကိုမဟုတ်သေးဘူးညီရ
မိုက်တယ်ကွာ ကဗျာရေးတာ ..လက်ဖျားခါတယ်...

mgngal said...

ကဗျာက ကျနော်နဲ့  တယ်လည်းတိုက်ဆိုင်သဗျာ ။ အနော်
ကိုများ ရေးလေသလားမသိ ။ :D
မဟုတ်လောက်ပါဘူး ။ အာာာ ဟုတ်ကိုမဟုတ်လောက်ပါဘူး ။ ကဗျာတွေ သုံးထားတဲ့
စာသားတွေကိုတော့ အားကြီးခိုက်သဗျားး ။ နဲနဲလောက်
မျှပါဦး ။ :)

တင့်ထူးရွှေ said...

ဟုတ်ပါတယ် ငါ့ကောင်ရဲ့ :P