ဘယ်တော့မှ ထပ်မမေးနဲ့တော့


ဘယ်တော့မှထပ်မမေးနဲ့
ဘယ်ကစလို့ ဘယ်မှာဆုံးတယ်ဆိုတဲ့အကြောင်း
ဘယ်လောက်ကြီးပြီး ဘယ်လောက်ကျယ်တယ်ဆိုတဲ့အကြောင်း
ဘယ်လိုပွင့်ပြိးဘယ်လိုမွှေးတယ်ဆိုတဲ့အကြောင်း…………………………

ဘယ်တော့မှထပ်မမေးနဲ့
ဗီဇရဲ့ကောက်ကြောင်းတစ်ခုအကြောင်း
ကိုက်ရာများခဲ့တဲ့ပန်းသီးတစ်လုးံအကြောင်း
မိုးခေါင်တဲ့တစ်ရာသီအကြောင်း………………………

ဘယ်တော့မှထပ်မမေးနဲ့
လူ့ပါးစပ်ကထွက်တဲ့နတ်စကားအကြောင်း
အနူလက်နဲ့နှိုက်တဲ့ရွှေခွက်အကြောင်း
စိတ်နေဘုံဖျား လူနေခြုံကြားအကြောင်း………………………..

ဘယ်တော့မှထပ်မမေးနဲ့
ကြိုးပြတ်တဲ့စွန်အကြောင်း
ရေနည်းတဲ့ငါးအကြောင်း
ဒုက္ခိတကိုတုပ်တဲ့ပျားအကြောင်း…………………….

ဘယ်တော့မှထပ်မမေးနဲ့
အလင်းနဲ့ရေးတဲ့လမ်းအကြောင်း
ထမ်းထားတဲ့အိပ်မက်အကြောင်း
စိတ်တွေကခုန်တဲ့မြို့အကြောင်း……………………

ဘယ်တော့မှထပ်မမေးနဲ့
စုံကန်ခဲ့တဲ့ရင်ခွင်အစုံအကြောင်း
ထိရာရှရာများတဲ့ဟင်းလင်းပြင်အကြောင်း
ရင်ဘတ်နဲ့ခံလိုက်တဲ့မြှားချက်အကြောင်း

ဘယ်တော့မှထပ်မမေးနဲ့
ကျန်ခဲ့တဲ့ပြလက်တွေအကြောင်း
ဖြိုခဲ့တဲ့သက္ကရာဇ်တွေအကြောင်း
ထားခဲ့တဲ့ရနံ့တွေအကြောင်း………………………..

ဘယ်တော့မှထပ်မမေးနဲ့
စက်ဝိုင်းဟာလည်တယ်ဆိုတဲ့အကြောင်း
နာရီဟာလည်တယ်ဆိုတဲ့အကြောင်း
သံသရာဟာလည်တယ်ဆိုတဲ့အကြောင်း……………………..

ဘယ်တော့မှထပ်မမေးနဲ့
တွက်မရတဲ့ပု စ္ဆာအကြောင်း
ဖြည်မရတဲ့ကြိုးအကြောင်း
ညှိမရတဲ့ချိန်သားအကြောင်း………………………….

ဘယ်တော့မှထပ်မမေးနဲ့
ဒီနှလုံးသားဘယ်လိုကြွေပြုန်းသွားတဲ့အကြောင်း
ဒီအခန်းဘယ်လိုမှောင်သွားတဲ့အကြောင်း
ဒီခံစားချက်ဘယ်လိုမြစ်ဖျားခံတဲ့အကြောင်း………………………

ဘယ်တော့မှထပ်မမေးနဲ့
………………………………..
…………………………………..
……………………………………….
အကြိမ်ကြိမ်ဖြေခဲ့ပြီးတဲ့စကား
စကားရာမဝင်ခဲ့တဲ့နောက်
စကားတွေကိုအားနာမိတယ်
ဆန္ဒသာတကယ်ရှိခဲ့ရင်
သံသယတွေကိုမြင်အောင်ကြည့်နိုင်ခဲ့တဲ့
နင်ကြည့်နေကျ ငါ့ရင်ရဲ့တနေရာကို
အဲဒီမျက်လုံးတွေနဲ့ပဲမြင်နိုင်အောင်ကြည့်
နင်ဘယ်တော့မှထပ်မမေးလေနဲ့…………………………...။။။

အိုင်လွယ်ပန်




4 comments:

လင်းဒီပ said...

ဘာတွေဖြစ်နေသည် မသိ..
ဘယ်တော့မှ ထပ်မမေးနဲ့ ဆိုတော့ မမေးရဲလို့ တိတ်တိတ်လေး ပြန်သွားတယ်..

mgngal said...

အကြိမ်ကြိမ်ဖြေခဲ့ပြီးတဲ့စကား
စကားရာမဝင်ခဲ့တဲ့နောက်
စကားတွေကိုအားနာမိတယ်
ဆန္ဒသာတကယ်ရှိခဲ့ရင်
သံသယတွေကိုမြင်အောင်ကြည့်နိုင်ခဲ့တဲ့
နင်ကြည့်နေကျ ငါ့ရင်ရဲ့တနေရာကို
အဲဒီမျက်လုံးတွေနဲ့ပဲမြင်နိုင်အောင်ကြည့်
နင်ဘယ်တော့မှထပ်မမေးလေနဲ့  ။
အပြင်းအထန် ညင်းဆန်နေပါလား ။ အဆင်ပြေပါစေဗျာ ။
ကဗျာကတော့ အရောင်တွေန စုံသဗျ ။

thihanyein said...

သံသယတွေကိုမြင်အောင်ကြည့်နိုင်ခဲ့တဲ့
နင်ကြည့်နေကျ ငါ့ရင်ရဲ့တနေရာကို
အဲဒီမျက်လုံးတွေနဲ့ပဲမြင်နိုင်အောင်ကြည့်
နင်ဘယ်တော့မှထပ်မမေးလေနဲ့……
မိုက်တယ်ကွာ ငါ့ညီ ကဗျာတွေတယ်လည်းကောင်းနေပါလားကွဟေ...
ဘယ်တော့မှထပ်မမေးနဲ့..
အကိုက မင်းရဲ့အမာခံပရိတ်သတ်
ဟဟ....

Moe Myint Tane said...

ကဗျာမှာ မာန်တွေပါနေတယ်။ ကဗျာထဲမှာ မကျေနပ်မှုတွေကို တွေ့နေရတယ်။ ဒေါသလည်းပါလေရဲ့။
အဆင်ပြေပါစေ ကိုအိုင်လွယ်ပန်ရေ။ ကဗျာလေးကတော့ အရောင်တွေလက်နေတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်