ပျော်သလိုဖတ်ဖို့ကဗျာ (၁)


ပိတ်လှောင်မှုတွေကိုဆန်းစစ်ကြည့်
ကိုယ်တိုင်ပြန်လည်ပိတ်လှောင်မှုက
ရာခိုင်နှုန်းများနေ
မျှော်လင့်နေသမျှ
မျှော်လင့်ချက်ကိုစီးချင်းထိုးတာလည်း
မျှော်လင့်ချက်ပဲ………………………….

အန္တရာယ်ရှိပြီဟေ့ဆိုကာမှ
ပြူးတူးပြဲတဲနဲ့
ရဲရင့်ချင်ယောင်ဆောင်ရတာအမော
ပေဖြစ်တုန်းက
ထုခဲ့ထောင်းခဲ့တာတွေဝေးဝေးသွား…………………….

သူများတွေကို
ကိုယ့်တံတွေးခွက်ထဲမှာမျောစေနိုင်ခဲ့ရင်
ခေါင်းကိုမော့
တံတွေးပြင်းပြင်းတစ်ချက်လောက်တော့
ကြုံလို့ကြိုက်လို့ပဲဖြစ်ဖြစ်ထွေးကြည့်
တံတွေးဆိုတာ
ကိုယ့်ကိုကိုယ်ပြန်ထွေးလည်းဖြစ်ရဲ့…………………

သော့မခတ်ထားတဲ့
တံခါးတွေရှိလျှက်နဲ့
အထပ်ထပ်ပိတ်ဆို့ထားတာကိုမှ
တန်ဖိုးတကြီးဖွင့်ဖို့ကြိုးစားတာကိုက
လူ့သဘာဝလား
ဒါဆိုတစ်ခါကအဖြစ်အပျက်တစ်ခုအတွက်
ကျွန်တော့်ကိုလူလို့တစ်ခါလောက်မြင်ပါ……………………….

မိုးနဲ့မြေကြီးနီးစေဖို့
စိတ်ကူးသက်သက်တွေနဲ့
ရွက်လွှင့်ခဲ့ကြ
တကယ်တမ်းနီးခဲ့ရင်တောင်
ကောင်းကင်ဟာကောင်းကင်
မြေကြီးဟာမြေကြီးပါပဲ
အခေါ်အဝေါ်တွေမှာကတည်းက
သတ်မှတ်ထားခဲ့လိုက်ကြတယ်…………………….

ရောက်တတ်ရာရာတွေမို့
ပျော်သလိုသာဖတ်ပါ
အရှည်ကြီးမကြည့်နဲ့
စိတ်တွေကိုလွှတ်ချ
တစ်ခါတစ်ရံ
ဘဝကို လူပြိန်းတစ်ယောက်လို
ထင်ရာမြင်ရာဆွဲတွေးပစ်တာ
သာယာတယ်
မနက်ဖြန်မနက်
ခေါင်းကိုက်မှာမလွမ်းလောက်ရင်
ဒီညအမူးသောက်ကြတာပေါ့………………………………..။။။

အိုင်လွယ်ပန်












8 comments:

Moe Myint Tane said...

တစ်ခါတစ်ရံ တယူသန်မဆန်ပေမယ့် တဇွတ်ထိုးတတ်တဲ့ အကျင့်တစ်ခုနဲ့ လူတွေကြားထဲရူးရူးမူးမူးလည်း ဖြတ်ခဲ့ဘူးရဲ့ ...မျှော်လင့်ချက်ဆိုတာလည်း အန္တရာယ်ကြားမှာဘဲ ဖွံထွားလာခဲ့ရတယ်...တံတွေးခွက်မှာ မျောချင်ရင် ကိုယ်တိုင်က တံတွေးထွေးတက်ရတယ်ဆိုတဲ့ အသိတစ်ခုနဲ့ ပိတ်ထားတဲ့တံခါးကိုဘဲ ဖွင့်ချင်ခဲ့တာ သဘာဝတရားရေ ငါက လူဖြစ်နေလျက်အမြဲမှားခဲ့တာ...မိုးနဲ့မြေ မပေါင်းစပ်တာ သိလိုက်တဲ့ခဏ ကဗျာတွေသာချခင်းထားတဲ့အိမ် သစ်မြစ်နဲ့ စိမ်တဲ့ အရက်တစ်ခွက်နဲ့ ပြတင်းပေါက်ကငေးမောတော့ ခပ်သစ်သစ်အတွေးတွေနဲ့ ပြည့်နှက်တဲ့ မနက်တစ်ခုတွေ့တယ် ဒါဟာလှပတယ်...နောက်မနက်အတွက် ခေါင်းကိုက်မှာတွေးမကြောက်တော့ အဝေးရောက်တဲ့သား လွမ်းချင်းဆိုရင်း ကိုအိုင်လွယ်ပန်ရေ ဒီည ငါတို့မူးကြတာပေါ့...


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

တင့်ထူးရွှေ said...

ပျော်သလိုပဲ ဖတ်သွားတယ် :)
လာလေကြာသလားလို့ မနက်ဖြန်မနက် ခေါင်းကိုက်မှာကို
စာမဖွဲ့ဘူး :) :D

thihanyein said...

ဟေ့ညီလေးအိုင်လွယ်**လာလေကြာသလားလို့**
ဘိုတင့်ပါရှိနေတာပဲ**ကျန်တဲ့သူတွေကိုပါခေါ်လာခဲ့**
ခေါင်းကိုက်မှာ ကို မကြောက်ဘူး***ရင်ကိုက်မှာပဲ
ကြောက်တယ်**တစ်ခွက်တစ်ဖလားတော့မရဘူး**
အမူးလည်းမရဘူး**အန်ဖတ်ဆို့တဲ့အထိ သောက်တာပေါ့**မနက်ဖြန်ဆိုတာ **ဒီညမူးထားမှ**
မနေ့ကဆိုတာ**ဒီနေ့မူးဖို့ပေါ့**
ဟေဟေးး)း)

ခေါင်ခေါင် said...

ရောက်တတ်ရာရာတွေကို ပျော်သလိုပဲ ဖတ်သွားပါတယ်။...

မူးအောင်ဆက်သောက်ပါ။

Anonymous said...

မခေါ်တော့ဘူးလား အမူးသောက်ဖို့ကို လာလို့ရမလား
:P ကောင်းပါတယ် အားပေးလျက်ပါ

လင်းဒီပ said...

ပျော်သလိုဖတ် ဆိုပေမယ့် လောကရဲ့မောရတဲ့ အကြောင်းတွေတန်းစီချရေးထားတယ်...
မောလိုက်တာ...

မနက်မနက် ခေါင်းကိုက်မှာ ကြောက်ကြောက်နေရလို့
ကိုယ်တော့ အမူးမသောက်ဖြစ်တာကြာပေါ့ ညီရေ..

mgngal said...

ဒီလူ့  ကဗျာတွေ လွတ်ကောင်းနေပါကောလား ။အမှန်တွေ
ချည်းပဲ ချရေးထားတာကိုး ။ စာတွေကတော့ မှန်နေပြီ၊ လူ
မှန်ဖို့ ပဲလို တော့တယ် ။ ကဲ ... ချဗျာ ကိုအိုင် တစ်ခွက်တစ်
ဖလားလောက် ။ မလွမ်းလောက်တာကတော့ အမှန်ပဲ ။ :)

Unknown said...

ကိုအိုင်ရေ ခွက်ဆွဲလာပြီ။ ခေါင်းမထောင်နိုင်အောင် မော့ဖို့ ထည့်တော့ဗျ။ တချီထဲ အလဲဆွဲရအောင်.....