ညမှာကိုယ့်ကိုကိုယ်တစ်လွှာချင်းလှီးလိုက်တယ်

ကတောက်ကဆတွေ
သစ်လွင်လာခဲ့
လက်လေးသစ်သာသာ
နှလုံးသားလေး ပါးပါးလာတယ် ……………..

စဉ်းစားစရာသိပ်မရှိတော့တဲ့အခါ
တစ်ဘဝလုံးရဲ့ ဘယ်အကိုင်းအခက်ဟာ
လောင်မီးအကျဆုံးလဲ
ဘယ်အကိုင်းအခက်ဟာ
လန်းဆန်းအသစ်လွင်ဆုံးလဲ
မေးပြီးပြန်မဖြေချင်တဲ့မေခွန်း
စဉ်းစားစရာမရှိပါဘူးဆိုမှ
စဉ်းစားမိနေသေး ....................

နင်းလျှောက်ခဲ့တာ
လမ်းရဲ့ ရင်ဘတ်လား ကျောကုန်းလား
နင်းပြီဟေ့ဆို ကျောသား ရင်သားခွဲစရာမလို
မစဉ်းစားနဲ့ .................

လန်ဒန်ကိုခဲခဲ့တဲ့ ပါးစပ်ဟာ
ကျစိမ့် ကိုလည်း အရသာခံတတ်သေးတယ်
သားပြော မယားပြောလည်းခံတွင်းတွေ့တယ်
ဘုရားစာလည်း ဌန်ကရိုဏ်းကျတယ်
အမှန်တရား သေနေတာလေးတစ်ခုပဲ ……………………

နှုတ်မရဘူးဆိုတော့မှ
ဘယ်လိုစိုက်သွားခဲ့တာလဲတဲ့
အဲသမှာစတွေ့တာ
ကယ်ပါ ယူပါနဲ့
ပလူပျံလိုက်တဲ့ သိင်္ခါရတွေဆိုတာ
ပုန်းလျိုးကွယ်လျိုးကို ကြည့်ယူနေရ ………………….

တောင်တန်းတွေကိုကျောပိုး
ကန္တာရကိုကျောပိုး
အာရုံတွေကို မာကြည့်လိုက်တော့
ထိတာနဲ့ပဲ့လောက်အောင်
ကြွပ်ဆတ်သွားခဲ့
ဘယ်ဂါထာ ဘယ်မန္တန်မှမတိုးတော့ဘူး ……………….

“မွေးမေကျေးဇူးဆပ်ဖူးချင်တယ်” သီချင်းကို
အော်အော်ဆိုနေတဲ့ လူဝဝကြီးဟာ
ကာရာအိုကေဆိုင်မှာ တစ်ညလုံးကျောက်ချနေ
မိန်းမလှတပတလေးကို ပွေ့ထား
မိန်းမလှ နဲ့ လူဝ
မျက်စိစပါးမွှေးတစ်ထောက်စာ
ရှင်သန်ခြင်းတွေ သန်စွမ်းနေလိုက်ပုံ …………………

ငါကကော
ဘာထူးခဲ့လို့လဲ
ဘာများထူးခဲ့လို့လဲ
အရသာကိုခံယူတတ်တဲ့
အစိတ်အပိုင်းတွေ
တစ်ကိုယ်လုံးမှာဗရပွနဲ့
စိတ်ကိုအလျော့အတင်းလုပ်နေရုံ
ဘာတွေများထူးခဲ့လို့လဲ .............................

ဒီတစ်ညလည်း
ကြိုးရှုပ်ခဲ့လိုက်မိပြန်တယ်
တကယ်တမ်း
အဆင်မပြေချင်ရင်
ပုံချစရာ ကံကတောင်
ကံစဉ် မမှီချင်ဘူး
ကံကြောင် …………………………………….။။။

အိုင်လွယ်ပန်

15 comments:

ဆောင်းယွန်းလ said...

ညီလေးရေ.အကောင်းစားကြီးပါဘဲ..ဒီလိုအရေးအသား
မျိုးတွေများများရေးပါ..ကဗျာတစ်ပုဒ်လုံးကိုအတိအကျ
ကြိုက်လိုက်တယ်ညီရေ့...အပြင်းစားပါဘဲ..
ခင်မင်လျက်...

Unknown said...

ကိုအိုက်ရေ အတွေးတွေ အရေးတွေ လွှတ်ကောင်းဗျာ
ဖြည်းဖြည်းလှီးဦး တော်ကြာနော်တော်ကြာ အင်း... :P
ကောင်းသောနေ့ ကိုအိုက် :)

Anonymous said...

ဘာမှ မထူးတဲ့ သူတွေထဲမှာ ကျနော်လည်းပါတယ် ကိုအိုင်းရေ့ မပူနဲ့ မွေးမေ ကျေးဇူးဆပ်ဖူးချင်တယ်ဆိုပြီး သီချင်းအော်မဆိုပေမယ့် ကွန်ပျူတာရှေ့ထိုင်ပြီး အမေ ရေ့ အမေရေ့ ဆိုပြီး လူရှိန်အောင်လိုက်ရေးနေမိတာ ကိုယ့်လိပ်ပြာ ကိုယ် မလုံဘူးဗျ ကဗျာလေးမိုက်တယ်း)

ခေါင်ခေါင် said...

ပုံချစရာ ကံကတောင်
ကံစဉ်မမှီချင်ဘူး..
ကံကြောင်................။

ကဗျာဆရာ ရေးတာတော်ပါတယ်...

ကံကြောင်.. ဆိုတာ.. ဘာလဲဟင် .. :P

လင်းထက် said...

အားယားယား ဒီကဗျာလေး ကတော့ အရမ်းခိုက် သွားပြီ ကိုအိုင်ရေ မိုက်တယ်ဗျာ အရမ်းလန်းချက်ကတော့

အိန္ဒြာ said...

အိုင်လွယ်ရေ...

ကောင်းလွန်းလို့ ဘယ်အပိုဒ်ကို အကြိုက်ဆုံးလို့ထုတ်ပြရမှန်မသိအောင်ပါပဲ..

ကျကျနနကြီးအလေးပြုလိုက်ပါတယ်.။

"တစ်ဘဝလုံးရဲ့ ဘယ်အကိုင်းအခက်ဟာ
လောင်မီးအကျဆုံးလဲ"

"နင်းပြီဟေ့ဆို ကျောသား ရင်သားခွဲစရာမလို"

"အရသာကိုခံယူတတ်တဲ့
အစိတ်အပိုင်းတွေ
တစ်ကိုယ်လုံးမှာဗရပွနဲ့"

"ကံစဉ် မမှီချင်ဘူး"

ဆိုတာလေးတွေက
အတွေးလဲတအားလှ
အသစ်တွေလဲဖြစ်
ပေးချင်တာကိုလဲ ထိထိမိမိ ပေးစွမ်းနိုင်ပါကြောင်း

ခင်မင်လေးစားလျှက်

အိန္ဒြာ

ညီအကိုများ said...

ကိုအိုင်ရေ ကောင်းလွန်းအားကြီးတယ်ဗျာ..
တော်တော်လေးရလိုက်တယ်..
အတွေးကောင်းလေးတွေပါဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

လင်းဒီပ said...

နောက်ဆုံးအပိုဒ် ပိတ်သွားပုံလေး လှလိုက်တာ..

အဆင်မပြေချင်ရင်
ပုံချစရာ ကံကတောင်
ကံစဉ် မမှီချင်ဘူး
ကံကြောင်..

Moe Myint Tane said...

အား...ပါး လန်ထွက်နေပါလား။ ကောင်းလိုက်တဲ့ကဗျာ။ ကိုအိုင်လွယ်ပန်ရေ ကြိုက်တယ်ဗျာ။ ကဗျာတစ်ပုဒ်လုံးကို ကြိုက်တယ်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

mgngal said...

ဒီကဗျာကို ဟိုနေ့ ကတည်းက ဖတ်ပြီးသွားပြီ ။ ကွန်ကျသွားလို့  မကွန့် လိုက်ရတာ ။ ကဗျာတွေ လွတ်ကောင်းဗျာ ။ လက်သွက်တယ် ။ :)

ဖြိုးငယ် said...

ဟုတ်လှချည်လား ..
ဒီတစ်ညလည်း
ကြိုးရှုပ်ခဲ့လိုက်မိပြန်တယ်
တကယ်တမ်း
အဆင်မပြေချင်ရင်
ပုံချစရာ ကံကတောင်
ကံစဉ် မမှီချင်ဘူး ..
တကယ်မှန်တာပဲ .. ကဗျာလေးကလည်း အပိုဒ်တိုင်းကောင်းတယ် ..

တင့်ထူးရွှေ said...

ကံစဉ်မမီသေးဘူးဗျာ :)

သဇင်ဏီ said...

အင်း... မိုက်တယ်... နင့်အရေးအသားတွေက =)

Unknown said...

အားပါး...။ ဘာပြောရမှန်းမသိတော့ဘူး ဆရာရေ..။ တစ်ပုဒ်လုံးက Over Solid ပဲ..။

လန်ဒန်ကိုခဲခဲ့တဲ့ ပါးစပ်ဟာ
ကျစိမ့် ကိုလည်း အရသာခံတတ်သေးတယ်
သားပြော မယားပြောလည်းခံတွင်းတွေ့တယ်
ဘုရားစာလည်း ဌန်ကရိုဏ်းကျတယ်
အမှန်တရား သေနေတာလေးတစ်ခုပဲ ……………………

ဒီနေရာကတော့ ကြောင်သူတော်တွေအရှိုက်ကို တိုက်ရိုက်ထိတာပဲ..။

Kaung Kin Ko said...

ကဗျာလေးခံစားသွားတယ် ညီရေ။