ခင်ဗျားရဲ့အမြစ်ဟာ သိပ်ခိုင်ခန့်လွန်းတယ်

ခြေချင်းလိမ်နေတဲ့ သတ္တဝါပေါင်းစုံတွေ
ပွတ်တိုက်ရွေ့လျားနေတဲ့ အရာဝတ္ထုတွေ
လောကကြီးရဲ့ရင်ခေါင်းထဲမှာဆူညံ
ရပ်တည်မှုမှာ
ပုံစုံမျိုးစုံနဲ့ ပြိုဆင်းခဲ့ကြပြီ ……………

နှစ်ခုပဲလိုသတဲ့
မဖြစ်ဖြစ်အောင်လုပ်ဖို့ရယ်
ဖြစ်မလာရင်လည်းဘာမှမဖြစ်ဖို့ရယ်
လွယ်လိုက်တာ
ပြောရတာကိုပြောပါတယ် …………

ဂြိုလ်စီး ဂြိုလ်နင်း စန်း လဂ်
ရာသီခွင်ကောင်းကောင်း မကောင်းကောင်း
အစာအိမ်ဆိုတာကတော့ အချိန်တန်ရင်ဆာမယ်
ကာလဒေသ အဖွင့်အပိတ် အတို့အထိ
ကမ္ဘာမြေကြီးနဲ့ တစ်စားပွဲထဲ ညစာစားဖို့
နည်းနည်းဖြစ်ဖြစ်လောက်တော့
လိုက်ပါတိမ်းစောင်းတတ်လိုက်ရပေါ့ …………………….

အာရုံနွံ
လှုပ်လေ မြုပ်လေ
ခံစားမှုကျောက်သား
တိုက်စားလေလေ ပါးလေလေ
ချိန်ထိုးစိုက်ပျိုးတဲ့အလေ့အထဟာ
ဘယ်ကစ ကူးစက်ခဲ့တာလဲကွယ် …………………

အားလုံးကိုစိတ်ကုန်ပြီတဲ့
အသက်ကိုဝဝရှုသွင်း
အရာရာနဲ့
ကင်းလွတ်ရာကင်းလွတ်ကြောင်း
နှလုံးသားပလပ်ခေါင်းကို ဆွဲဖြုတ်ချကြည့်တော့
တစ်စုံတစ်ရာဟာ ခုခံနေခဲ့
ကဗျာ
နှစ်လုံးထဲဟာ တစ်ဘဝလုံးကို သပ်လျှိုထားသလို ……………………

အိုင်လွယ်ပန်

12 comments:

Unknown said...

နှစ်ခုပဲလိုသတဲ့
မဖြစ်ဖြစ်အောင်လုပ်ဖို့ရယ်
ဖြစ်မလာရင်လည်းဘာမှမဖြစ်ဖို့ရယ်
လွယ်လိုက်တာ
ပြောရတာကိုပြောပါတယ် …………။ ။

ဘယ်လိုတွေများတွေး...။ ဘယ်လိုတွေများခံစား...။ ဘယ်လိုတွေများ စကားလုံးတွေတူးဖော်...။ ဘယ်လိုတွေများ ရင်ဘတ်ကြီးကိုပုံသွင်း...။ ဘယ်လိုတွေများ ကဗျာတွေကို အံချ...။ အားရားရား...။ လက်ရော ခြေရောမြှောက်တယ်...။

ညိမ်းညို said...

ကိုအိုင်ရေ
ကဗျာနဲ့ဆိုတော့ သပ်လျှိုထားခံရတာ တန်ပါတယ်ဗျာ :)

လင်းထက် said...

အဲဒီနှလုံးသား ပလပ်ခေါင်းက ဆွဲဖြုတ်စရာ ခေါင်းကို မရှိတာဗျ တိုက်ရိုက် ဆက်ထားတာ...။

Anonymous said...

ကဗျာတွေ ဖတ်တိုင်း မှတ်စရာလေးတွေတော့ ရလိုက်တာပဲဗျာ ကျေးဇုး အရမ်းတင်တယ် ။။

ခုလည်း ဒီစကားစုလေး မှတ်သွားတယ် ။

နှစ်ခုပဲလိုသတဲ့
မဖြစ်ဖြစ်အောင်လုပ်ဖို့ရယ်
ဖြစ်မလာရင်လည်းဘာမှမဖြစ်ဖို့ရယ်

ဘယ်လောက်ကောင်းလိုက်တဲ့ အတွေးတုန်း ရှယ်ပဲ ။

ATN said...

သပ်လျှိုခံရတာလား....
တံစို့ထိုးခံရတာလား...

စကားလုံး တလုံးကလည်း မျက်နှာ များတတ်တယ်နော...

ဆောင်းယွန်းလ said...

ခံစားလို့ကောင်းလိုက်တဲ့ ကဗျာလေး...
ဟုတ်တယ် သူ့ရဲ့အမြစ်က သိပ်ခိုင်ခန့်တယ် ညီရေ့...

ဖြိုးငယ် said...

ဟုတ်ပါ့ .. ရေးတက်လိုက်တာဗျာ ... ကောင်းတယ် ..
နှလုံးသားပလပ်ခေါင်းကို ဆွဲဖြုတ်ချကြည့်တော့
တစ်စုံတစ်ရာဟာ ခုခံနေခဲ့
ကဗျာ
နှစ်လုံးထဲဟာ တစ်ဘဝလုံးကို သပ်လျှိုထားသလို ...

မှန်တယ်ဗျာ .. ကဗျာ.. ကဗျာ ...

Moe Myint Tane said...

တစ်ဘ၀လုံးကို သပ်လျိုထားသလိုတဲ့လား...

ကောင်းလိုက်တဲ့ကဗျာ။

ရင်ဘတ်ကို သွန်ချရဲတဲ့လူတွေထဲမှာ ကဗျာဆရာ ရှေ့ဆုံးကပါတယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ညီအကိုများ said...

ကိုအိုင်ရေ ထိမိညက်ညောတဲ့ကဗျာတစ်ပုဒ်ပါဗျာ..
လမ်းချင်းကတော့တူနေပြီဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

mgngal said...

သုံးခါရှိပြီ ဒါရော ဆို ကွန့် တာ ။ ရဘူး ။ တိုတိုတုတ်တုတ်ပဲ ပေးတော့မယ် ။ ကဗျာကောင်းတစ်ပုဒ်ပဲ ။ ကြိုက်တယ်ဗျ ။း)

Eaindra said...

နှစ်ခုပဲလိုသတဲ့
မဖြစ်ဖြစ်အောင်လုပ်ဖို့ရယ်
ဖြစ်မလာရင်လည်းဘာမှမဖြစ်ဖို့ရယ်
လွယ်လိုက်တာ
ပြောရတာကိုပြောပါတယ် ……

အိုင်လွယ်ရေ..

အရင်ကောင်းလက်စထက်ကို
ကဗျာတွေက တအားကိုပိုကောင်းလာတယ်..
ကျေးဇူးအရမ်းတင်တယ်....
ဆာလောင်မွတ်သိပ်ခြင်းဝေဒနာတွေထဲမှာ...
"ကဗျာ" ဆာတာ အဆိုးဆုံး....

အဆာတွေပြေ သွားလိုက်တာ..ကွယ်

လေးစားခင်မင်စွာ

အိန္ဒြာ

Unknown said...

ကဗျာလေးခံစားသွားတယ် ဒီနေ့မှဖတ်ဖြစ်တယ် ကြိုက်တယ်အစ်ကို ကောင်းသောနေ့ :)