ည (၁)

ညဟာ
နံရံတွေကို
အဆုံးထိစုပ်မြို ယူဆောင်သွားခဲ့
စံပယ်တွေရင်မခုန်သေးဘူး
အဲဒီအထိလှမ်းခဲ့ဖို့ဆိုရင်
မျက်ရည်တွေ အေးခဲဖို့လိုမယ်…………….

ညဟာ
လွတ်မြောက်ရာလမ်းကို
ရှင်းလင်းဖောက်ထွင်ထားခဲ့
စံပယ်တွေရင်မခုန်သေးဘူး
အာရုံတွေကိုချစ်တတ်ဖို့ဆိုရင်
ရင့်ကျက်ခြင်းတွေ ကမ်းကပ်ဖို့လိုမယ် .....................

ညဟာ
နရီမှန်ကန်မှုတွေကို
သောက်သုံး ရီဝေခဲ့
စံပယ်တွေရင်မခုန်သေးဘူး
အားလုံးကိုဖောက်ထုတ်ပစ်ဖို့ဆိုရင်
အိပ်ပျော်နေတဲ့ အခန်းတစ်ခန်းလိုမယ်………………

ညဟာ
ချစ်သူတို့ဘာသာဗေဒကို
ကိုယ်ဖိရင်ဖိ ပံ့ပိုးခဲ့
စံပယ်တွေရင်မခုန်သေးဘူး
မိုးတွေရွာဖို့ဆိုရင်
ကောင်းကင်ရဲ့ဂီတကပွဲလိုမယ်…………………

ညဟာ
နောက်ဆုံးတော့ သူ့အရေခွံကို
သူကိုယ်တိုင် တစ်လွှာချင်းစီ ခွာချပြခဲ့
ခေါက်ရိုးကျိုး ဆန္ဒတစ်စုံ အိမ်ပြန်ဖို့ဆိုရင်
ရူးသွပ်ခြင်းတွေ တိမ်မြုပ်သွားဖို့လိုတယ်
အဲဒီအချိန်မှာပဲစံပယ်တစ်ပွင့် ပွင့်သွားခဲ့ ……………………..။။။

အိုင်လွယ်ပန်

ကျွန်တော် တက္ကသိုလ် ပထမနှစ်တက်တုန်းက သူငယ်ချင်းတွေနဲ့စုပြီး လက်ရေးကဗျာစာအုပ်လေးတစ်အုပ်
ထုတ်ဖြစ်ကြတယ် .... စာအုပ်နာမည်က “စိတ်ကူးများနဲ့ဆုံစည်းခြင်း” တဲ့ ............
အဲဒီမှာ ဝင်ရေးခဲ့တဲ့ ကဗျာလေးပါ ...............။။။

15 comments:

Unknown said...

ညဟာ
နောက်ဆုံးတော့ သူ့အရေခွံကို
သူကိုယ်တိုင် တစ်လွှာချင်းစီ ခွာချပြခဲ့
ခေါက်ရိုးကျိုး ဆန္ဒတစ်စုံ အိမ်ပြန်ဖို့ဆိုရင်
ရူးသွပ်ခြင်းတွေ တိမ်မြုပ်သွားဖို့လိုတယ်
အဲဒီအချိန်မှာပဲစံပယ်တစ်ပွင့် ပွင့်သွားခဲ့ ……………………..။။။
တလွှာချင်းခွာပြတဲ့ညကို တပုဒ်ချင်း ထိုင်ဖတ်သွားတယ်။

zue said...

ကိုအိုင်က ပထမနှစ်လောက်ကတည်းက ကဗျာရေးကောင်းနေတာကိုး. ပါရမီပါတယ်နော်... :)

ဆောင်းယွန်းလ said...

ညဟာ
နရီမှန်ကန်မှုတွေကို
သောက်သုံး ရီဝေခဲ့
စံပယ်တွေရင်မခုန်သေးဘူး
အားလုံးကိုဖောက်ထုတ်ပစ်ဖို့ဆိုရင်
အိပ်ပျော်နေတဲ့ အခန်းတစ်ခန်းလိုမယ်………………

ကောင်းတယ်ညီလေးရာ..ငယ်ငယ်ကတည်းက လက်စောင်းထက်ခဲ့တာပဲ...
စံပယ်ရုံမှာ စံပယ်တွေလှိုင်လှိုင်ပွင့်မယ့်ညကို မျှော်တလင့်လင့်ပေါ့ညီလေးရာ..

Unknown said...

ကိုအိုင်ရေ ညကိုနွှာချင်တိုင်းနွှာ ခွာချင်တိုင်းကိုခွာနေတာပဲ
ငှက်ပျောသီးလို :P
ညဟာ ချစ်သူတို့ဘာသာဗေဒကို ကိုယ်ဖိရင်ဖိပံ့ပိုးခဲ့
အသုံးလေးတွေ မိတယ်ဗျိုး စာအုပ်လေးရှိလည်း ကမ်းပါဦး
:)
ကောင်းသောနေ့ဗျာ

Anonymous said...

ဝိုး...ကျောင်းမှာတည်းက ကဗျာတွေရေးလာတာကိုး ဒါကြောင့် လက်ရည်တွေက ဒီလောက်ထက်နေတာ ။
ညက မာယာများတယ်ဟုတ်း) ကျနော်တော့ ညရောက်ရင် ဘလော့လည်ပြီးစောစောအိပ်တယ် နောက်နေ့ အလုပ်နောက်ကျမှာစိုးလို့ :P

ညိမ်းညို said...

ညဟာ တစုံတရာသော ခံစားမှုနဲ့
ဖမ်းစားလိုက်ရဲ့
ကိုအိုင်ရေ လိုက်ကယ်ပါဦးဗျာ :P
JK ဗျို့ :)

ကိုရင်နော်ခင်လေးငယ် said...

ကိုအိုင်ရေ...

ကောင်းလိုက်တဲ့ ကဗျာလေး...
အကြိုက်ဆုံး အပိုဒ်ကို ရွေးထုတ်လို့မရအောင်
တစ်ကြောင်းမကျန်အားလုံး ရင်ထဲရောက်တယ်
အရမ်းမိုက်တယ်လို့ ထပ်ပြောခဲ့တယ်နော်..

with love...

mgngal said...

စံပယ်ပွင့်သွားပြီလား ။ ခေါင်းလောင်းလေးကို ပန်ပေးလိုက် ။ :P
အဲစာအုပ်လေး ရှိရင် ဖတ်ချင်သဗျ ။

Anonymous said...

လွယ်လွယ်နဲ့ စံပယ် ဘယ်ပွင့်မလဲ ဟုတ်တယ် ဟုတ်
ကို အိုင်..
အဆင်ပြေပါစေဗျာ

လင်းဒီပ said...

အဲဒီစံပယ်လေးက တန်ဖိုးကြီးလိမ့်မယ်..

အိန္ဒြာ said...

ရင့်ကြတ်ခြင်းတွေ ကမ်းကပ်ဖို့လိုမယ်……………..

မှားနေသလား...။ ရင့်ကျက်လား...??

မိုးတွေရွာဖို့ဆိုရင်
ကောင်းကင်ရဲ့ဂီတကပွဲလိုမယ်…………………
မိုးတွေရွာဖို့ဆိုရင်
ကောင်းကင်ရဲ့ဂီတကပွဲလိုမယ်…………………
မိုးတွေရွာဖို့ဆိုရင်
ကောင်းကင်ရဲ့ဂီတကပွဲလိုမယ်………………

ကောင်းကင်ရဲ့ဂီတကပွဲ အတွက်...
စံပယ်တွေပွင့် ဖို့အတွက်...

အရင်းအနှီး..သိပ်များနေသလားလို့ဟယ်....

အိုင်လွယ်ပန် said...

ပြင်လိုက်ပြီ အစ်မ အိန္ဒြာ :)

ကျေးဇူးဗျာ ......

Moe Myint Tane said...

ရင့်ကျက်ခြင်းတွေ ကမ်းကပ်ဖို့ လိုမယ်...

စံပယ်ပွင့်ဘို့...ကောင်းကင်ရဲ့ ဂီတကပွဲ...ဆန္ဒတစ်စုံ

အိမ်ပြန်ဘို့...ရူးသွပ်ခြင်းတွေ တိမ်မြုပ်ဘို့...

တကယ်တော့ စပယ်တွေမပွင့်ခဲ့ပါဘူး...

ရင်တွေသာ နင့်နင့်သွားကြတာ...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ညီအကိုများ said...

ည(၁) ဆိုတော့ (၂)ရှိသေးတယ်ပေါ့.. ရှိသေးရင်နည်းနည်းဗျာ..
ဒီညမှာတင် ဒီတစ်ခွက်ကိုဇီဝိန်ချုပ်ပစ်ချင်လို့ပါ..

ကိုအိုင်ရေ ညမှာပျော်ဝင်သွားတယ်ဗျာ.. အိပ်မပျော်တာလေးတစ်ခုပါပဲ..

ခင်မင်လေးစားလျက်
မိုးကြယ်

Unknown said...

အဲ့ဒီ့ စပယ်တစ်ပွင့် ပွင့်မယ့်အချိန်ကိုပဲ ရူးသွပ်စွာ စောင့်မျှော်နေလေရဲ့...။