အမေ့ကို မပြဖြစ်တော့မယ့် ကဗျာ

တစ်ခါလာလည်း လွမ်း
တစ်ခါလာလည်း လွမ်းနဲ့
စီးဆင်းမှုတို့ကို
ဖြည်ချရဖန် များလာတော့လည်း
ကိုယ့်နှလုံးသားတောင် ကိုယ်ပြန်အားနာလာမိ ……………

ဒီတော့
အလုပ်လက်မဲ့တွေများနေတဲ့
ကာလ ဒေသထဲ က
စကားလုံးတွေ အလင်းလက်ဆုံးတောက်ပကြတဲ့
“ကမ္ဘာ့ ကဗျာများနေ့” မှာ
အပ်ကြောင်းထပ်နေတဲ့ ကျွန်တော့်စကားလုံးတွေကို
ပင်စင်ပေးလိုက်ပါတယ် …………….

အရင်လိုပဲ ဆေးလိပ်လျှော့သောက်ဖို့
ကျွန်တော့်ကို ပြောပါ အမေ
လက်ရှိကျွန်တော့် ပေါက်ရောက်ရာမှာ
ပြန့်ကျဲနေတဲ့ အလွမ်းအုတ်ဂူတွေက
တိုဘားကိုး ထက်ဆိုးကြောင်း
အမေ့ကို ပြောမပြဖြစ်တော့ဘူး
(အမေ့ကိုပေးဖို့)
ကျွန်တော် သာကြောင်းမာကြောင်းသာ
စာတစ်စောင်ရေးထားလိုက်မိရဲ့ …………………………..

တစ်ဘက်နဲ့ နီးစပ်စေခြင်းမှာ
တစ်ဘက်နဲ့ ဝေးကွာစေခြင်းတို့က
အညွန့်တလူလူ ……………………………။။။

အိုင်လွယ်ပန်

12 comments:

ဆောင်းယွန်းလ said...

စကားလုံးတွေ အလင်းလက်ဆုံးတောက်ပကြတဲ့
“ကမ္ဘာ့ ကဗျာများနေ့” မှာ
အပ်ကြောင်းထပ်နေတဲ့ ကျွန်တော့်စကားလုံးတွေကို
ပင်စင်ပေးလိုက်ပါတယ် ..
တခါတလေလည်း လွမ်းတယ်ဆိုတာထက်ပိုပြီး လေးနက်တဲ့စကားလုံးတွေကို အမေကြားချင်မှာပေါ့ ညီလေးရာ....ဒီကဗျာလေးကို အမေမဖတ်ရလည်း ညီလေးရဲ့အမေက ကျေနပ်နေမှာပါ...

အိန္ဒြာ said...

ကဗျာဆိုတာ..ကဗျာရေးတဲ့ လက်ကောက်ဝတ်ကသွေးပြန်ကြော
အနုပညာဆိုတာ..
အဲဒီ့သွေးပြန်ကြောထဲက
ပူနွေးနီရဲနေတဲ့........
သွေးစိမ်း..တွေ..

mgngal said...

ကောင်းကင်နဲ့ နီးစပ်ဖို့  မြေကြီးနဲ့  ဝေးသွားတာများလား ကိုအိုင်ရာ ........။
အမေ့ကို လွမ်းတယ် ။ ကျနော်လည်း ပေး မဖတ်တော့ဘူးဗျာ ။

Anonymous said...

ကျနော်လည်း အမေ့ကို သတိရကြောင်း လွမ်းကြောင် စာတွေ ကဗျာတွေရေးဖဲ့ဖူးပေမယ့် ဘယ်တော့မှပြဖြစ်မှာမဟုတ်ဘူး အမေ့ကို ကျေးဇူးဆပ်နည်း ချစ်တဲ့နည်းတွေတဲ့ စာထဲမှာပဲ ရှိပြီး အပြင်မှာမလိုက်နာမိတော့ ကိုယ့်လိပ်ပြာကိုယ်မလုပ်ဘူး ကိုအိုင်းရေ့ ။

လင်းဒီပ said...

ထပ်တူပါပဲ ကိုအိုင်
အလွမ်းအုတ်ဂူတွေ ရှင်သန်ဖြစ်ထွန်းလာမှုက တိုဘက်ကိုးထက် ပိုဆိုးတယ်..

အမေ့ကို ပြန်မပြောပြချင်ဘူးဗျာ..
ကျွန်တော်တို့တွေက ပိုလွမ်းတတ်လွန်းနေလားမသိဘူး..

နီးစပ်ခြင်းမှာ အညွှန့်တလူလူထွက်နေတဲ့ ဝေးကွာခြင်းတွေ..

တော်ပြီဗျာ...
ဆက်မပြောတော့ဘူး..

စိုင်းလောဝ်ပိန်း said...

စကားလုံးတွေ အလင်းလက်ဆုံးတောက်ပကြတဲ့
``ကမ္ဘာ့ကဗျာများနေ့´´ တဲ့လားဗျာ

ကြိုက်တယ်
ပျော်ရွှင်စရာ ကဗျာများနေ့ ဖြစ်ပါစေဗျာ

ကိုရင်နော်ခင်လေးငယ် said...

ကိုအိုင်ရေ...

ကဗျာခေါင်းစဉ်လေးက ပထမဦးဆုံး ရင်ထဲကို သိမ့်သိမ့်လေး စဝင်ခဲ့တာ....

ကဗျာဖတ်အပြီးမှာတော့.. မျက်ရည်တွေနဲ့
မော်နီတာက ဝါးသွားခဲ့တယ်

ခင်မင်လေးစား ချစ်ခြင်းများစွာဖြင့်...

Unknown said...

ဒီလိုပဲ ကို အိုင် ဘ၀တူတွေ ဘယ်လောက်များနေမလည်း
ဒီကမ္ဘာပေါ်မှာ ကောင်းသောနေ့ဗျာ :)

mgnge said...

အရင်လိုပဲ ဆေးလိပ်လျှော့သောက်ဖို့
ကျွန်တော့်ကို ပြောပါ အမေ
လက်ရှိကျွန်တော့် ပေါက်ရောက်ရာမှာ
ပြန့်ကျဲနေတဲ့ အလွမ်းအုတ်ဂူတွေက
တိုဘားကိုး ထက်ဆိုးကြောင်း
အမေ့ကို ပြောမပြဖြစ်တော့ဘူး
(အမေ့ကိုပေးဖို့)
ကျွန်တော် သာကြောင်းမာကြောင်းသာ
စာတစ်စောင်ရေးထားလိုက်မိရဲ့ …………………………..

ကို အိုင်ရေ
ဒီစာသားလေး တွေ ကထိ တယ်ဗျာ..။ ကျွန်တော်စာဖတ် ရင်း သတိရလိုက်တာ...။

MANORHARY said...

ကဗျာများနေ့မှာ
ကဗျာတွေကိုခုလိုအများကြီး
(ဟိုမှာဒီမှာ)တွေ့ရလို့အရမ်းစိတ်ချမ်းသာတယ်
ကျေးဇူးလည်းတင်တယ်

Kaung Kin Ko said...

ကဗျာလေး ဖတ်ပြီး ရင်ထဲထိသွားတယ်။

Unknown said...

တစ်ဘက်နဲ့ နီးစပ်စေခြင်းမှာ
တစ်ဘက်နဲ့ ဝေးကွာစေခြင်းတို့က
အညွန့်တလူလူ ……………………………။။။

ဆန့်ကျင်ဘက်တို့ အားပြိုင်ကြလေပြီ...။