လတ်တလော

ငါ့ရဲ့ တောင်စဉ်ရေမရ အတွေးတွေက
ငါ့ကို ပြန်ဖောက်ဝင်နေ
ငါဟာ လောလောလတ်လတ်မှာ
တမြေ့မြေ့ ကျွမ်းနေသေးတဲ့မီးစာ
ကျန်းမာရေသိပ်မချူချာဖြစ်သေးတဲ့ ခန္ဓာမှာ
လက်လေးသစ်သာသာနှလုံးသားကတော့
မကြာခဏ နာဖျားခဲ့ ။

အတွင်းပိုင်းကျကျ ငရဲကို
ကဗျာစာအုပ်တွေ ပွစာကျဲပြီး
စိတ်ထဲကနေ ဆွဲဖြဲလိုက်မိပေါ့
ရောက်နေတဲ့ အမှောင်နက်နက်ထဲ
ငါ့ နာမည် လို့ခေါ်တဲ့ ငါ့ပညတ်
အထပ်ထပ် ငါပြန်ချရေးမိခဲ့
အဲဒီအချိန်မှာ
ငါ ရေဆာသလို ဆာနေတဲ့
အဖေ့ရဲ့ အားတစ်စ ငါပြန်ရတယ်
ငါ့မေးရိုးတွေ လွမ်းနေတဲ့
အဖေ့ရဲ့ သန်သန်မာမာလက်သီးတစ်ချက် ငါပြန်ရတယ် ။

ဝေးဝေးက ထွက်လာမယ့်
အမေ့အသံတွေ ငါနားစွင့်နေတယ်
တကယ်မကြားရပေမယ့်
တကယ်ကြားရသလို ငါနားထောင်နေတယ် ။

ရင်ထဲရောက်နေတဲ့
ကဗျာတစ်ပုဒ် ရွတ်ဖို့
ငါ့ ပါးစပ်တွေ ဆွံအ ထုံထိုင်း
ငါ့ တစ်ကိုယ်လုံး မှိုင်းနေ
မီးခိုး ဒါမှမဟုတ် တိမ်တဆုပ်လောက် ဖြစ်ချင်ရဲ့
ပေါ့ပါးပျောက်ကွယ် နေပျော်ပစ်ချင်လိုက်ချင်
စားနေရတဲ့ အစားအသောက်တွေအတွက်
အစာအိမ်ကို သနားမိသလိုမျိုး
ကိုယ့်အာသီသ ကိုယ်ပြန်ချေဖျတ်နေရတဲ့
ကိုယ့်ကိုကိုယ် သနားတယ် ။

သင့်တော်မှုဆိုတဲ့ စကားလုံးဓါးနဲ့
ဖြတ်တောက်ခံလိုက်ရတဲ့
အဖြူရောင်ကြိုးတစ်ချောင်းကို ငါလွမ်းရဲ့
အဲဒီ ...
ငါ့လွမ်းဆွတ်မှုကိုပဲ ကြိတ်မှိတ်ကြိုးစား
မေ့လျော့ထားပစ်ခဲ့
ကြိတ်ထားတဲ့ အံပွန်းပွန်းတွေ ကြားက
သွေးစက်တွေဟာ သိပ်ခါးတယ် ။

အများကြီး မတမ်းတမိပါဘူး
တမ်းတနေခွင့်လေး ကိုသာ
တမ်းတ နေမိဆဲ
ဒီလိုပါပဲ ...
စကားမစပ် ကောင်းသောနေ့ပါ ကံကြမ္မာ
ခင်ဗျားကို ကြိတ်ပြီးချီးကျူး လိုက်ရဲ့
နေရင်ထိုင်ရင်း လူပြောသူပြော များခံရတဲ့ ပီယ
ခင်ဗျား လူ့ဘုံမှာ ဘယ်လို ရှာတွေ့ခဲ့သလဲ ။

တော်ကြာတစ်မျိုး ခုတစ်မျိုး
ဖောက်လွှဲဖောက်ပြန် အထင်သေးတတ်တဲ့
မျက်ဝန်းတွေကို ငါဟာ လူဖြစ်ကြောင်းသက်သေထူဖို့
ငါ ပြန်အထင်သေးလိုက်ခဲ့
ဆန္ဒမရှိတဲ့ နေရာမှာ မရှင်သန်ချင်တာဟာ
ဆန္ဒရှိနေတဲ့ ရှင်သန်ခြင်းတစ်မျိုး
အဲသလိုမျိုး ငါ့ကိုယ်ငါ အထပ်ထပ် ပုတ်နှိုးတယ် ။

မိုးတွေခေါင်မှ လွန်ဆွဲရတာ ငါမုန်းရဲ့
ငါ့ကိုယ်ငါ ချစ်နေတာ သိပ်များ များသွားလား
ပြန်ပြန် မေးနေရတာကိုက
သိပ် စိတ် ပျက် ဖို့ ကောင်းလှတယ် ။

အစွဲအလန်း ရဲ့ နောက်ပြေးပြေးလိုက်ရင်း
လိုအပ်မှုတစ်ခုကို လိုအပ်မှုတစ်ခုစာ
သေသေချာချာ ငါ လို အပ် တယ်
အဲဒါဟာ
အမေ့ရဲ့ ငါ့ခေါင်းကို ပွတ်ပေးမယ့် လက်နှစ်ဖက်
ငါ ………
ဆုတောင်းခြင်းကို မယုံကြည် ဘူး
အမေ့ရဲ့ မေတ္တာအာဝါသ ကို ယုံတယ်
ခဏလေးပဲဖြစ်ဖြစ်
လတ်တလောမှာ ငါ ...
အမေ့ရဲ့ ခေါင်းကို ပွတ်ပေးမယ့် လက်နှစ်ဖက် လိုတယ်
အမေ့ရဲ့ ခေါင်းကို ပွတ်ပေးမယ့် လက်နှစ်ဖက် လိုတယ်
အမေ့ရဲ့ ခေါင်းကို ပွတ်ပေးမယ့် လက်နှစ်ဖက် လိုတယ်
………………………………………………………………….
……………………………………………………………………
…………………………………………………………………..
အဲဒါဟာ ...
ငါ့ရင်ရဲ့ ထပ်ပြန်တလဲလဲ ပဲ့တင်သံဆိုတာ
ဒီကဗျာကိုဖတ်လို့ ညောင်းခဲ့တဲ့မျက်လုံးတွေအတွက်
ငါ့နှလုံးသားနဲ့ ရင်းပြီးဝန်ခံလိုက်တယ် ။။။

အိုင်လွယ်ပန်

(လတ်တလော ခံစားချက်ကို စကားလုံးအသွင် ပြောင်းဖြစ်လာအောင်
TAG တဲ့ အစ်မ မနော်ဟရီ ကို အထူးကျေးဇူးတင်ပါတယ် :))

11 comments:

ဆောင်းယွန်းလ said...

အများကြီး မတမ်းတမိပါဘူး
တမ်းတနေခွင့်လေး ကိုသာ
တမ်းတ နေမိဆဲ
ဒီလိုပါပဲ ...
စကားမစပ် ကောင်းသောနေ့ပါ ကံကြမ္မာ
ခင်ဗျားကို ကြိတ်ပြီးချီးကျူး လိုက်ရဲ့
နေရင်ထိုင်ရင်း လူပြောသူပြော များခံရတဲ့ ပီယ
ခင်ဗျား လူ့ဘုံမှာ ဘယ်လို ရှာတွေ့ခဲ့သလဲ ။

အားပါး...သိပ်ကောင်းပါလားညီလေးရေ

MANORHARY said...

ခုလို tag ကို ကဗျာလေးလို ဖတ်ရတော့လည်း တစ်မျိုး ကောင်းတယ်။

လတ်တလော ကိစ္စတွေနဲ့ ထွေပြားနေတတ်သောကမ္ဘာ..
လတ်တလော ခံစားချက်တွေနဲ့တိမ်းမူးနေတတ်သော..ငါ
လတ်တလော လိုအပ်ချက်များနှင့်ရစ်ပတ်နေခဲ့သောကဗျာ
......................
..................................

ATN said...

ဟေးးးးးး
မရဘူး....
Tag ကို Tag လိုပဲ ရေးပေးပါ...
ကဗျာနဲ့ ရောမချနဲ့... ဒါပဲ....း)

mgphonemyint said...

ွှTag ကဗျာ အမိုက်စားလေးပဲ ခိုက်တယ်ဗျာ..
လင့်တခါထဲချိတ်လိုက်ပါတယ် ..။

Eaindra said...

ဟွန်းးးးးးးးးးးးးးး

ဒင်းးးးးးးးး

အူးးးးးးးးးးးးး

သွားးးးးးးးးးးးး

တယ်..။

မယ့်ကိုး said...

ဆုတောင်းခြင်းကို မယုံကြည် ဘူး
အမေ့ရဲ့ မေတ္တာအာဝါသ ကို ယုံတယ်
ခဏလေးပဲဖြစ်ဖြစ်
လတ်တလောမှာ ငါ ...
အမေ့ရဲ့ ခေါင်းကို ပွတ်ပေးမယ့် လက်နှစ်ဖက် လိုတယ်

ကောင်းလိုက်တာ။
ကောင်းသောနေ့ ပါရှင်...

mgngal said...

ကဗျာတစ်ပုဒ်လုံးအတွက်ကတော့ ဘာမှမပြောတော့ဘူး။
လတ်တလော အကြိုက်ဆုံး ကဗျာထဲမှာ ဒီကဗျာက ထိပ်ဆုံးက ပြေးနေတယ်လို့ ပဲ .. ။

MieMie said...

ဆုတော်င်းခြင်းကို မယုံချင်ဘူး အခုဆို ကိုယ်အတွက်
တောင်းကိုမတောင်းတော့ဘူး...

နှလုံးသားက လက်လေးသစ်သာသာရှိတယ် ဆိုတာရေးထားတာတွေ့တယ် အဲဒါဟုတ်လား...

tag ကို ကဗျာလိုရေးထားတာ ဖတ်လို့ကောင်းပါတယ်..ကဗျာကောင်းလေးတပုဒ်ဘဲ...
ကျမအတွက် ကဗျာရေးကောင်းတဲ့ ကဗျာဆရာတယောက်က ကွန်မန့်ရေးပေးခဲ့တာ
ကျေးဇူးတင်မဆုံးဘူးလို့ ပြောပါရစေ...

mie nge

လင်းဒီပ said...

ဒီကဗျာဆရာကတော့ တဂ်ကို ကဗျာနဲ့ ဖြည်ပလိုက်တာ တော်တယ်...

Unknown said...

ကြိုက်တယ် ကိုအိုင်ရေ လတ်တလောတွေများနေလို့
ကျွန်တော်လည်း :P မရောက်ဖြစ်တာ :)
ကောင်းသောနေ့ပါဗျာ :)

pandora said...

tag ထားတာကို ကဗျာကလေးနဲ့ ဖြေလိုက်တာ သိပ်ကိုလှပါတယ်