ပျင်းလို့ ကြည့်ဖြစ်တဲ့ ရုပ်ရှင်

ငိုရီ ငိုရီနဲ့ပဲ
မိုးနဲ့မြေကြီးကြား
တစ်လိမ့်ပြီးတော့နောက်ထပ်တစ်လိမ့် ...


အရောင်တွေ အုံနှင့်ကျင်းနှင့် ဝင်ထွက်သွားလာနေကြသည် ။ထိခတ် သံများကို နားစိုက်ထောင် နေမိသည် ။
မျက်ရည် နှင့် အပြုံးများ လုံးထွေးနေသည် ။ကျောက်ဆစ် ဆရာ၏ အဖြတ်အတောက် ကိုမခံရသော
ကျောက်တုံးပေါင်းများစွာရှိကြသည် ။
ထိုကျောက်တုံးများတွင် တစ်ချို့ ကျောက်တုံးများကရောက်မလာနိုင်သေးသော ကျောက်ဆစ်ဆရာကို မျှော်နေကြသည်။
တစ်ချို့ကျောက်တုံးများကရပ်တည်ထားသော ခိုင်မာမှုအခြေအား အားကိုးအားထားပြုကာ
ကျောက်ဆစ်ဆရာအားရှိသည်မျှပင်မထင်ကာ တစ်နေရာစာ ဂီတ ကို ဖန်တီးကြသည် ။
သာယာခြင်း မသာယာ ခြင်းဆိုသော အသံများအကြား ရာသီဥတုအဖို့နေသားကျခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ ။
အသံများကား နေသား မကျကြသေးပါ ။
အသံ မှန်ရင်နေသားကျသည်မရှိဟူသော အသံတစ်သံ ထွက်ပေါ်လာသည် ။

ပွန်းရာပဲ့ရာ ထိရာရှရာတွေ
အရောင်စုံမျက်နှာဖုံးတွေ
ပျံသန်းပွစာကျဲ
ဘဒ္ဒမှာခြေလက်တွေ များလွန်းလှတယ် ...


တစ်ခုဆုံးလျှင် တစ်ခုစ ခဲ့ သည် ။သံသရာ လည်သည်မှာ စက်ဝိုင်းပုံစံ လည်ပတ် သည်ဆိုသောအချက် မှန်ကန်ပါသလား ။
အကိုးအကားများ ခေတ္တ နှာစေးနေကြသည် ။တောအုပ်နှင့်တူသော
အရပ်တွင် ကျင်လည်နေသမျှ ကာလပတ်လုံး အားအင်ကြီးမားသထက် ကြီးမားအောင် ကျင့်ကြံ
နေထိုင်ကြခြင်းများ ခောတ်စားလာကြသည် ။ထွက်နေသော အစွယ်ငေါငေါများအား ဖုံးအုပ်သိုသိပ်ထားခြင်း အတတ်သည်
ပဉ္စလက် တစ်ရပ် ဆိုပါက ထိုပြသပွဲသည် ကြည့်ရှုသူနှင့် ပြသသူ စပ်ကြားနားရွက်ပင် မခတ်ရဲသော အနေအထားဖြစ်ပေမည် ။
စစ်တုရင် တစ်ပွဲ ကို ဘေးက ထိုင်ကြည့်သည်မှာကိုယ်တိုင် ထိုးနေသော သူတစ်ယောက်လောက်
ရင်ခုန်ခြင်း ရသ ၌ ထဲထဲဝင်ဝင် မဖြစ်သည်မှာ အသေအချာ ။

ခင်ဗျားကျဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကျဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့
ဒီလိုပဲ ပုခုံးဖက်ကြီးပြင်းခဲ့ရတာပဲပေါ့
မဟုတ်ဘူးလား လောကဓံ ...


လူတစ်ယောက် ....
သူ့အား လိုက်ဟပ်ရန် ကြိုးစားနေသော ခွေးတစ်ကောင်၏ ပါးစပ်မှလွတ်အောင်မောကြီးပမ်းကြီး ပြေးလွှားနေရာမှ
ရုတ်တစ်ရက်ဆတ်ကနဲ ရပ်တန့်လိုက်သည် ။ ခွေးလည်းရပ်တန့်သွားပြီး သူလိုက်ဟပ်နေသော အရာအား အခြေအနေစောင့်ကြည့်နေသည် ။လူ၏ စိတ်တို့သည် ရပ်တန့်သွားသောခွေးအခြေအနေ ပြန်လည်ကြည့်ပြီး အတန်ငယ်ရဲရင့်လာသည် ။
ဒေါသတို့ တစ်လိပ်လိပ် ထွက်လာသည် ။
ထို့နောက် ထိုလူသည် သူ့အား လိုက်ဟပ်သော ခွေးအား အငြှိုးတကြီး ပြန်လည် လိုက်ဟပ်လိုက်သော
အခါတွင်မူကား ခွေးမှာ နားမလည်ခြင်းများစွာ ရင်မှာပိုက်၍ ပြန်လည် ထွက်ပြေးရသည့် မောကြီးပမ်းကြီး ဘဝထဲသို့
မထင်မှတ်ပဲ ရောက်ရှိသွားသည် ။
ခွေးကျင့်ခွေးကြံ ကြံသည်ဟူသော စကား ပြေးနေသော ခွေးပါးစပ်မှ ထွက်ပေါ်လာသည် ။
အချိန်ရလျှင် ဆင်ကြံ ပါ ကြံ တတ်သေးတယ်ဟု လူက အရှိန်ကောင်းကောင်းဖြင့် လိုက်ဟပ်နေရင်းက အော်သည်။
ကြုံရာကျပမ်း ဆိုသော ဘဝ၏ အရံ ဟင်းကို အဓိက ဟင်း အဖြစ်နှင့် ဗိုက်ဝ ဖို့သက်သက် ထမင်းနှင့်တွဲဖက် စားခဲ့ကြသည် ။
ထို့အတွက် မည်သူကမျှ မိမိကိုယ်မိမိ စိတ်မဆိုးခဲ့ ကြပါ ။

ယမ်းအားပြင်းကျည်ရာလို
နိစ္စဓူဝ ဖွာရာကျဲတဲ့ အသိခေါက်ခက်တွေကြား
ဗျာပါဒဂြိုဟ်များဟာ ပူလောင်ခြင်းနဝင်းတို့စီးနေ
စိတ်ကို လောင်နေကြတဲ့မီးတွေကွယ့်
သိပ်ကြီးတယ် ...


လွမ်းဆွတ်ခြင်းကိုပဲ အခြေတည်ထားရသည်မှာ ကောင်းစွာမကျတ်သေးသော အနာဟောင်းအနီးတွင်တုတ်တစ်ချောင်းဝဲပျံနေသည်နှင့် တူနေပါသည် ။ တစ်ဆိတ်ရှိ နှလုံးသားကြီး ပုတ်ပုတ်ပြလိုက်တိုင်းမီးကျွမ်းသွားသော အိပ်မက်များ၏ ညှော်နံ့ ရသည် ။ပြီးသွားတာပါပဲ ဟူသော စကားသို့ မရောက်ခင်စပ်ကြားချွေးထွက်များခဲ့ခြင်းမှာ သွေးထွက်နည်းအောင် ဂရုစိုက်ခဲ့ ကြခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည် ။ရေရေ ရာရာတော့ မရှိလှပါ ။ရာ နှင့် ချီပြီးလည်း မရေ ခဲ့ဖူးပါ ။တုတ်တစ်ချောင်း ကိုငေး လွမ်းဆွတ်ခြင်း
ကို အခြေတည်ထားလိုက်သည် ။ရတုန်းရခိုက် ဆိုသော ခေါင်းလောင်းသံ အထိုး အိပ်ယာကမနိုးသေးပါ ။
ချီးမွမ်း ခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက် လှိုင်းသံ များက အိပ်ယာမှအနိုး တွန်းထိုးမေးငေါ့ ကြသည် ။လွတ်သွားသည်ဟု ဆိုကြသော ငါး ကြီးလား သေးလား ပြန်မမေးဖြစ်ခဲ့ပါ ။ဆာလောင်မွတ်သိပ်နေပါက ငါးမှငါးဟူကာ မြည်တမ်းနေမည်မဟုတ်သော လျှာတစ်ချောင်း မှာ သူ့အကြောင်းသူကောင်းကောင်းသိ၍ ဖြစ်မည် ။

အရာအားလုံးကို
တစ်ကပြန်စပစ်လိုက်ဖို့
ဒလက်တွေပေးမထားဘူး ...


ခပ်ဝေးဝေး အား ပြန်လည်မျှော်ကြည့်လျှင် ခပ်ဝေးဝေး အတိုင်းအတာအလျှောက်တော့မျက်လုံးအားစိုက်ရပါသည်။
ကြည်လင်ပြတ်သားမည် မပြတ်သားမည် ကား မသေချာပါ ။
အစရှိသည်ဖြင့်
……………………………
………………………………..
…………………………………………
ထိုဇာတ်ကားအား ထိုတစ်ကြိမ်မှ လွဲ၍ နောက်တစ်ကြိမ် ထပ်မံမကြည့်ဖြစ်တော့ပါ ။

အိုင်လွယ်ပန်

9 comments:

ဖုန်းမြင့် said...

အလို...စိတ်ကူးတည့်ရာလေးတွေက
ဝင်းပ လှချည်လား .။

ဆောင်းယွန်းလ said...

ခင်ဗျားကြဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကြဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့
ဒီလိုပဲ ပုခုံးဖက်ကြီးပြင်းခဲ့ရတာပဲပေါ့
မဟုတ်ဘူးလား လောကဓံ

ကောင်းလိုက်တဲ့အတွေး.....

ဆိုးဆိုးဝါးဝါးကျဲချထားတာတွေကိုပြန်ကောက်နေရတာကပိုများနေတာတော့ခက်တယ်ညီလေးရေ

MANORHARY said...

အရာအားလုံးကို တစ်စစီကျဲချ
တစ်စစီပြန်လည်စပ်သီလိုက်တော့
စနစ်ကျစွာပရမ်းပတာလှပလို့
စကားလုံးတွေ....
စကားလုံးတွေ...
နှလုံးသွေးစက်တွေလို...
ရဲရင့်လွန်းလှချည့်...
နီးစွေးနိုင်လွန်းလှချည့်.............

မယ်ကိုး said...

ကဗျာဆရာတွေ စကားပြေရေးရင် အရမ်းလှတာ ဒီစာလေးက သက်သေတစ်ခုပဲ။
စာကြောင်းတိုင်း လှတယ်။
ကောင်းသောနေ့ ပါရှင် :)

eaindraomtt said...

အိုင်လွယ်..ရေ

တော်တော်ကောင်းတယ်...
တော်တော်ကြိုက်တယ်...

မဂ္ဂဇင်း...ပို့ကြည့်ပါလားဟယ်

အိန္ဒြာ

မောင်ခင်လေး said...

ကိုအိုင်ရေ ကြိုက်တယ် :)
ကောင်းသောနေ့ပါဗျာ စကားလုံးတွေအရမ်းလှတယ် :)

ဖြိုးငယ် said...

တစ်ပိုဒ်လုံး အရေးအသားလေးတွေ စီလျှော်ပြေပြစ်ပြီး
အသုံးအနှုံးလေးတွေလှတယ် ။

HAPPYCLOUD said...

ညီရေ... စိတ်ကူးတွေ ဖွဲသီသွားတာများ... အစီအစဉ်မကျပဲ လှနေလိုက်တာကွာ...
နားလည်ရခက်ခြင်းမှာကို နားလည်ဖို့ကြိုးစားနေမိတယ်...
ပျင်းလို့ကြည့်ဖြစ်ပေမဲ့...
ညီရေ...
ဇာတ်ပေါင်းမှာ ကံကောင်းစေချင်ပါတယ်ကွာ...
အလွမ်းနဲ့ မသိမ်းစေချင်ပါဘူး...
ဖိုးမောင်

အမရာ said...

မချီးမွမ်းဘဲတော့
မနေနိုင်ပေါင်.....
အရမ်းကောင်းလို့။