အနီးဆုံးနီးဖူးသလို
အဝေးဆုံးလည်း ဝေးခဲ့ဖူးပြီ
ရရှိလိုက်ဖူးသလို
ဆုံးလည်း ဆုံးရှုံးခဲ့ ဖူးပြီ
စစ်တုရင် ခုံမရှိတဲ့ လဘ္ဘက်ရည်ဆိုင်
ငြင်းခုန်သံ ဖြူဖြူတွေ မရှိတဲ့ အရက်ဆိုင်
စသံနောက်သံ တွေမရှိတဲ့ အပန်းဖြေနေရာ
ငါ့ အာသီသတွေမှာ ရင်ဘတ် ပါမလာတော့ဘူး ။
မူးလာရင် အကျီ င်္ ကြယ်သီးကိုဟ
ရင်ဘတ်ကို ပုတ်ပုတ်ပြတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့
စုပေါင်းစပ်ပေါင်း ဂစ်တာ ကိုင်ခဲ့တဲ့လက်က
ပုခက်လွှဲဖို့ ဟန်ပြင်နေပြီဆိုတဲ့အကြောင်းကြားရတယ်
သိပ်စိတ်ကြီးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ဆီကလည်း
အသက်တွေ ကြီးလာပြီဆိုတဲ့ အကြောင်းကြားရတယ်
လုပ်သမျှ အမြဲလွဲနေတဲ့ သူငယ်ချင်းတစ်ယောက်လည်း
တရားတွေ ထိုင်ဖြစ်နေတယ် ကြားရတယ်
တစ်ချိန်လုံး အိပ်ချင်နေတဲ့ သူငယ်ချင်းတစ်ယောက်လည်း
အလုပ်ချိန်နဲ့ အိပ်ချိန် အချိုးချမရတဲ့အဆုံး
အလုပ်ထဲမှာ အိပ်အိပ် နေတယ် ကြားရတယ် ။
တစ်ယောက် ပုခုံး တစ်ယောက်ဖက်ပြီး
တစ်ရက်ကို နာရီနှစ်ဆယ်လောက် မူးခဲ့တဲ့ရာသီတွေ
အမူးပြေတော့ တစ်ယောက်လက်သီးဒဏ် တစ်ယောက်
ပြန်ယုယ ပေးခဲ့ကြတဲ့ သူငယ်ချင်း ထီး တွေ
ပယ်ပယ်နယ်နယ် ချာချာလည်ဖို့ အမြည်းလုပ်ပေး
မူးလာရင် ကျယ်ကျယ်လာတတ်တဲ့
အရည်မရ အဖတ်မရ စကားသံတွေကို
ခြင်ကိုက်ခံ နားထောင်ပေးကြတဲ့ သူငယ်ချင်း မ တွေ
အ … ခု
တစ်ယောက်ခေါ်သံတွေ တစ်ယောက် ချက်ခြင်းကြားဖို့ခက်ခဲ
အဖြူရောင်တွေပဲ မြဲမြဲ ကျန်ခဲ့တော့တယ် ။
ဆိုပါတော့
အသံတွေ ခါ နေတယ်
မီးမညှိရသေးတဲ့ ဆေးလိပ်က
မီးခိုးတွေ တငွေ့ငွေ့ အူနေတယ်
မြိန်ရာဟင်းကောင်းဆိုတာကို
အမေထည့် ပေးလိုက်တဲ့ စာအုပ်ထဲမှာ တွေ့တယ်
သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တဲ့ မေးလ် ထဲမှာတွေ့တယ်
စာအုပ်ကို ဆက်မဖတ်ချင်တော့တာနဲ့
မေးလ်ကို ဆက်မဖတ်ချင်တော့တာနဲ့
အမေ့ရဲ့ မေတ္တာတရားကို ငါဖတ်နေလိုက်တယ်
သူငယ်ချင်းတွေရဲ့ မေတ္တာတရားကို ငါဖတ်နေလိုက်တယ် ။
“ခဏလေးများ” သီချင်းကို ဆိုလိုက်ချိန်ဟာ
တကယ့်ကို
ခ ..ဏ …လေး
ခဏလေးတွေ များများလာဖို့
အချိန်ယူရတာပဲ ကြာတယ်
ဘာကိုမှ ငါမစောင့်ချင် တော့သလို
ဘာတွေကမှ လည်း
ငါ့ကို မစောင့်စေချင်တော့ဘူး
လည်ရင်းပတ်ရင်း တကွေ့ကွေ့မှာ
အလိုလို ပြန်လည် ထိရှကြမယ် ။
အားနည်းနည်းပဲစိုက်
အကျိုးသက်ရောက်မှုများတာ
စွမ်းရည်တစ်မျိုးဆို
နှလုံးသားက အဲဒီဓာတ်ချို့တဲ့တယ်
အဲဒီ သဘောသဘာဝအတွက်
ထူးပြီး မပျော်ရွှင်သလို
ထူးပြီးလည်း ဝမ်းမနည်းနေတော့ဘူး ။
ဆိုပါတော့
အဲသလို ထောင့်မကျိုးတဲ့
ရင်ဘတ်တစ်ခုရဲ့အဖြူရောင်ဟာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ အသေးအဖွဲလေး ပဲဆိုပါတော့
အဲဒါလေးကို မြင်အောင်ကြည့်ဖို့
ခင်ဗျားမျက်လုံး ဘယ်လောက်ချုံ့အားကောင်းသလဲ
ခင်ဗျား မသောက်ဘဲ မူးတတ်လား
ခင်ဗျားမှာ သူငယ်ချင်းတွေရှိလား
မှန်ကြည့်ရင် ခင်ဗျားအရင်ဆုံးတွေ့တာ
မှန်ကိုလား ခင်ဗျားကိုယ်ခင်ဗျားလား
စိတ်ရှုပ်သွားသလား
အဲဒါဆို ....
ခင်ဗျား ဘယ်နှစ်မျိုး ဆဲ တတ်လဲ ။။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
11 comments:
တစ်ခါတုန်းကပေါ့။ အဲဒီ့တစ်ခါတုန်းကဆိုတာ တစ်ခါတုန်းကပါဘဲ။ဖြတ်သန်းစီးဆင်းပြီးသွားတဲ့ နေရာကို ပြန်မရောက်နိုင်တော့တဲ့ ရေစီးကြောင်းတစ်ခုလိုပါဘဲ။ တစ်ခါတုန်းကပေါ့။
တဖြေးဖြေးနဲ့ ဝေးသွားခဲ့တယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကျုပ်လဲ ရင်ဘတ်ကြယ်သီးကိုဟထားတယ်
ခဏလေးများ သီချင်းကိုဆိုတယ်
ဒီလောက်ဆို ကျေလောက်ပြီထင်တယ်
တပ်မပြောနဲ့တော့ဗျာ...
စိတ်က သိပ်မခိုင်ဘူး.. ။
ကျုပ်တို့ လည်ရင်း ပတ်ရင်းနဲ့  ပြန်လည်ထိရှကြာတာပေါ့ ။
ရင်ဘတ်ထဲကို ချုံ့ အားကောင်းကောင်းနဲ့  မြင်အောင်လည်း ကြည့်သွားသေးတယ် ။ ဒီလိုပေါ့ ဖြစ်နေတာတွေက ....
အ … ခု
တစ်ယောက်ခေါ်သံတွေ တစ်ယောက် ချက်ခြင်းကြားဖို့ခက်ခဲ
အဖြူရောင်တွေပဲ မြဲမြဲ ကျန်ခဲ့တော့တယ် ......
.........................
.............ခုတော့လည်းကျန်ခဲ့တဲ့
အဖြူရောင်တွေကိုငေး
အဖြူတွေအရောင်မပျယ်ဖို့ ဘဝနေရောင်တွေကို
ကြိုးစားရှောင်ရှားရင်း.............
ဆိုနေကျသီချင်းတွေတောင် ကီးနိမ့်နိမ့်လာရဲ့
ဝေါဟာရတွေကတော့....
ပြင်းသထက်ပြင်းလာခဲ့ပေါ့........
ကိုအိုက်ပြောလိုက်မှ ကျွန်တော်တောင် ကိုယ်ဘယ်နှစ်မျိုးဆဲတတ်သလဲဆိုပြီး ပြန်ရေ နေမိတယ်။ :P
"တစ်ယောက်ခေါ်သံတွေ တစ်ယောက် ချက်ခြင်းကြားဖို့ခက်ခဲ
အဖြူရောင်တွေပဲ မြဲမြဲ ကျန်ခဲ့တော့တယ် ။ "
ဖတ်ရင်းသူငယ်ချင်းတွေကို အကြီးအကျယ် သတိရသွားပြီဗျာ။ ကိုအိုက်က မခိုင်တဲ့ စိတ်ကို ခြွေပစ်တယ်။ :)
ညီလေးကဗျာတွေကိုဖတ်ရတိုင်း အားရကျေနပ်တယ်
ဒီကဗျာလည်း အရင်အတိုင်းပဲ
ဒီလိုနဲ့ပေါ့ တဖြည်းဖြည်းဝေးသွား သူငယ်ချင်းများ...
ဖတ်ရတာ စိတ်မကောင်းဘူး။
ဒီတခေါက် ကဗျာဖတ်ရတာ.. ခက်ခဲလိုက်တာ..။
ရင်ဘတ်ချင်းတူပြီး ငယ်ဘ၀ အတူတူ ဖြတ်သန်းခဲ့ကြတဲ့ သူငယ်ချင်းတွေကို မှန်း တမ်းတလိုက်မိတယ်။
ဖတ်လိုက်မိတော့ ကြေကြေကွဲကွဲကြီးဗျာ..
ဘယ်လိုပြန်လွမ်း ပြန်လွမ်း
ဘယ်လိုပြန်ကြည့် ပြန်ကြည့်
အဖြူသက်သက် သက်သေတွေက လွဲလို ဘာမှ ပြန်မရတော့တဲ့ဘဝမှာ ကဗျာတွေသောက်ရင်းပဲ မူးပစ်လိုက်မယ်...။
ဆိုတော့ကာ
ဆိုပါတော့
ဆိုကြပါစို့
.
..
....
......
ဒဏ်ရာ
တော်တော်များများလာဖတ်သွားတယ်..
နားမလည်တာတွေများတယ်..
ငါကပိန်းတာကိုးးးးး
နင်အားလုံးအဆင်ပြေတယ်ဟုတ်....
Post a Comment