နိစ္စဓူဝထဲက အပိုင်းအစတွေ

သွင်းစေချင်လွန်းလို့
တစ်ဘဝလုံးစာ ခြေထောက်အားနဲ့
အကြိမ်ကြိမ် ခုတ်တင်ပေးလိုက်တဲ့ ဘောလုံး
နေ့တဓူဝ ထဲမှာပဲ အကြိမ်ကြိမ်ပျောက်ဆုံးဖူးခဲ့ ။

နောက်တစ်ကြိမ် နောက်တစ်ခါ
နောက်တစ်ခါ နောက်တစ်ကြိမ်ဆိုပြီး
နေ့ဟာ ည ကိုလိမ်
ညဟာ နေ့ ကိုလိမ်
နေ့တဓူဝ ဟာ တစ်ကွင်းလုံးပြည့်အောင် ပတ်လိမ်တယ် ။

ထီးဖြူ ဖိနပ်ပါး ဇယားကွက် တွေကြား
ကမ်းမြင်လိုက် လမ်းမြင်လိုက်
ကမ်းပျောက်လိုက် လမ်းပျောက်လိုက်နဲ့
နေ့တဓူဝ မျက်နှာသစ်တိုင်း
အသစ်ဖြစ်မသွားတဲ့ မျက်နှာပေါ်က
အကြောအချဉ်တွေ နေ့တဓူဝ ညောင်းတယ် ။

အမှန် နဲ့ အမှား
တော်ရာ ပျော်ရာ ညီမျှခြင်းတွေကြား
စိတ်ကို စိတ်ချင်း လွန်ဆွဲတဲ့ပွဲ
နေ့တဓူဝ လက်ခေါက်မှုတ်သံတို့ စီကနဲ ။

အနီး နဲ့ အဝေး
အလွမ်းအဆွေး ဇာတ်ခုံ
နေ့တဓူဝ ကကြိုးများစုံလှရဲ့
ခေါက်ချိုးမချဖြစ်တော့တဲ့
နေ့တဓူဝ ဖြေသိမ့် ခြင်းတွေက
အဆင်မပြေခြင်းတွေ မှာတောင်
အဆင်ပြေပြေ ဝင်းပလို့ ။

အဲသလို
နေ့တဓူဝရှည်လျှား
ထိုင်ရမလို ထရမလို အိပ်မက် ဖားဖားတို့အား
လူကြီးမင်းများ နှာခေါင်းရှုံ့ကြပါ ။

လောကဓံ ကို ငါ ကြည့်ပြီး နေ့တဓူဝ ရယ်တယ်
လောကဓံက ငါ့ကို ကြည့်ပြီး နေ့တဓူဝ ရယ်တယ်
လောကဓံ နဲ့ ငါ ကိုယ့် တစ်နေရာစာနဲ့ ကိုယ်
နေ့တဓူဝ ရယ်ခဲ့ကြ မောခဲ့ကြ
ထိမိသမျှ ရှမိသမျှ
ကိုယ့်အနာ လေး ကိုယ်
လျှာနဲ့ ပြန်ပြန်သပ်နေရတာကိုက ဘဝ
နိစ္စဓူဝထဲက အပိုင်းအစတွေ ။။

အိုင်လွယ်ပန်

( ရေးဖြစ်အောင် TAG သော အစ်မ နှင်းနဲ့မာယာ ကို ကျေးဇူးတင်ပါတယ် :))

15 comments:

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းတယ်ညီလေး
နေ့တဓူဝရဲ့အပိုင်းအစတွေကို မြင်အောင်ကြည့်ပြီး
သိအောင်လည်းတွေးသွားပါတယ်

mysterysnow said...

ကျစ်လျစ်သိပ်သည်းတဲ့ အရေးအသားတွေနဲ့
နိစ္စဓူဝတွေကို လာဖတ်သွားပါတယ်...
ကဗျာလေးဆိုတော့ ထိထိမိမိရှိတာမို့
ပိုကောင်းပါတယ်...
ရေးပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်နော်...

နှင်း

စိုင်းလောဝ်ပိန်း said...

ကိုအိုက်
လောကဓံနဲ့ ကျီစယ်နေကြတာလားဗျ။ :)
နေ့နဲ့ည တစ်ကောင်နဲ့တစ်ကောင်လိမ်တာရယ်
တစ်ဘ၀လုံးစာ ခြေထောက်အားရယ်
အဲလိုအရေးအသားလေးတွေ ကြိုက်တယ်ဗျာ။

နွေညို said...

ကိုအိုင်လွယ်ရေ
ဒီတစ်ပုဒ်လဲ နှစ်သက်သဘောကျတယ်ဗျာ

မယ့်ကိုး said...

လောဓံနဲ့ ကိုယ် ကိုယ့်တစ်နေရာစာနဲ့ ကိုယ် ရယ်မောကြ။

အဲသလို ဆိုတော့ နေ့တဓူဝလေးက မျှခြေလေးမှာ လှလှပပ။

mgngal said...

ဒီကဗျာလည်း ကောင်းတာပဲ ။ တက်ခ်ပို့ မို့ လို့  ပိုအားထည့်ထားသလားမသိ ။ စကားလုံးတွေ ထိထိရှရှ ရှိသဗျ ။ ကြိုက်တယ် ။

mgngal said...

ဒါနဲ့  စီဘောက်ဘယ်ရောက်သွားသလဲ မသိ ။ ကျပျောက်သွားတာလား ။ :P
co.cc ကနေ ပြောင်းထားတာကြာပြီ ကိုအိုင် ။
အဆင်ပြေပါစေဗျာ အားလုံးပေါ့ ။

Moe Myint Tane said...

အဲဒီ့ နေ့တဓူဝမှာဘဲ ဘ၀တွေ ကြွေကြွေကျနေကြတယ်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

MANORHARY said...

နိစ္စဓူဝ
လောကဓံ
ရယ်သံ
အပိုင်းအစတွေ
အပိုင်းအစတွေ
အပိုင်းအစတွေ.............

Unknown said...

ကို အိုင်ရေ လွှတ်လှတယ်ဗျာ :)
ကောင်းသောနေ့ပါ :)

မယ့်ကိုး said...

ကဗျာဆရာရေ...

ကဗျာလေးတွေ အားပေးချီးမြောက်သွားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
အရမ်းလည်း ဝမ်းသာမိပါတယ်။ ဒီကဗျာလေးတွေကို ကျွန်မရဲ့ ဘလော့ side bar မှာ တင်ခွင့်တောင်းပါရစေ...

( စီဗုံးမတွေ့လို့ ဒီမှာ လာပြောရတာ စိတ်မရှိပါနဲ့နော်)

စိမ်း... said...

ဒဿနတွေ မှတ်သွားသွားတယ်... အားကျတယ်... တွေးတတ်ရေးတတ်လို့...

kohan said...

ကျနော်လာဖတ်ပါတယ်အကိုရေ

Unknown said...

ထိမိသမျှ ရှမိသမျှ
ကိုယ့်အနာလေးကိုယ်
လျှာနဲ့ပြန်ပြန်သပ်နေရတာကိုက ဘဝ

လှလိုက်တဲ့ အသုံးလေးတွေ...လေးစားပါတယ်အကိုရေ..။

Angel Shaper said...

ဝါးးးးးးး ကိုကြီးအိုင်လွယ် ရေးတတ်လိုက်တာ။
ထိရှ မိသမျှ ကိုယ့်အနာလေးကို ကိုယ်လျှာနဲ့ ပြန်ပြန်သပ်နေရတာကိုက ဘ၀တဲ့လား။
နိစ္စဓူဝလေးကို လာဖတ်ပါတယ်ဗျိုးးးးးးးးးးးးး
ပျော်ရွှင်ပါစေနော်။