အကွေ့

မနက်ဖြန် မလာခင် လေးပေါ့
ဒီနေ့ဟာ ကျလာနိုင်ကောင်းတဲ့
မနေ့က အငွေ့အသက်တွေကို
ပုတ်ဖယ် ခတ်ထုတ်လို့
ဒီနေ့ စစ်စစ် ဖြစ်ကြောင်း
လက်ခမောင်း ထခတ်တယ် ။

မခံစားအောင်နေရတာ
ပိုခံစားရတယ် ဆိုတဲ့နောက်
ခံစားစရာရှိ ခံစားလိုက်ဖို့
နှလုံးသားက မီးမောင်းထိုးခဲ့ရဲ့
ကိုယ့်ဘယ်ဘက်ရင်အုံကို ကိုယ်ပုတ်
ကျေးဇူးတင်ကြောင်း ပြောဖြစ်ခဲ့တယ် ။

အသက်ရှုသံတွေတောင်
ကမ်းမမြင် လမ်းမမြင်မို့
ကြိုတင်ကြံစည်မှု အလေ့အထမှာ
မှင်နီတစ်ကြောင်း တားပစ်ခဲ့ပေါ့
ငါ့တစ်ကိုယ်လုံး ရဲကနဲ
သာမန်နေ့မို့
စံပယ်သံတွေ ကြားစရာ
စံပယ်တွေ တဝုန်းဝုန်းကြွေပြစရာ
မလိုအပ်တော့ပါဘူး ။

လက်ညှိုးညွှန်ရာ ရေဖြစ်စေသား
ဆုတောင်းခြင်းကို မယုံကြည်တတ်သူ
ထွက်ခွာသွားတဲ့ ပင်လယ်ဘက်သွားရာလမ်းမှာ
ကြယ်တွေဟာ ငန်ပျပျ နဲ့ ။

(ကိုယ် + ရင် ) ဖိ
ကိုယ်ဖိရင်ဖိ မှုတ်ထုတ်လိုက်တဲ့
သက်ပြင်း စစ်စစ်ပါ
တစ်နေရာရာမှာပဲ
ကြုံရာကျပမ်း ပျောက်သွားလိမ့်မယ်
ဝမ်းနည်းကြောင်း သေချာသွားတော့
သေချာစွာ ဝမ်းနည်းလိုက်ပါတယ် ။

အိုင်လွယ်ပန်

ရက်ပိုင်းအတွင်း အခုလို စိတ်ကြိုက်သုံးလို့ရနေတဲ့ အင်တာနက်နဲ့ ဝေးရပါမယ် ။
အပြီးပြန်တာဖြစ်လို့ နောက်တစ်ခေါက် ပြန်မထွက်ဖြစ်မချင်း အထူးသဖြင့်
PUBLISH ခလုပ် ပျက်နေတဲ့ မြန်မာပြည် မှာ POST တွေ ဆက်တင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ ။
ခင်မင် ထိရှ ခွင့်ရခဲ့တဲ့ ညီအစ်ကို မောင်နှမတွေ နဲ့လည်း (အချိန် အတိုင်းအတာ မည်မျှမှန်းမသိ ) ခွဲရပါမယ် ..။
စရေးကတည်းက ပိတ်ဖို့ ရေးတာမဟုတ် တဲ့ အတွက် BLOG ကတော့ ဒီအတိုင်း ကျန်နေခဲ့မှာပါ ..။
ဆုံခွင့်ရှိရင် ပြန်ဆုံကြသေးတာပေါ့ ..။
အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေဗျာ ..။

11 comments:

လင်းဒီပ said...

ကိုအိုင်ရေ...
ဘာပဲဖြစ်ဖြစ် ခင်မင်ခွင့်ရတဲ့ ဒီဘလောဂ့်လေးကို လာလည်ဖြစ်နေဦးမှာပါ ။

အခွင့်သာရင်တော့ ကဗျာတွေ ထပ်ရေးပါဦးဗျာ။
ကျွန်တော်သိပါတယ် စာရေးတဲ့လက်ဆိုတာ ဘယ်တော့မှ အလွယ်တော့ ရပ်လို့မရခြေဘူး ။

ရွှေပြည်ကြီးမှာ သာယာပျော်ရွှင် လုပ်သမျှ အဆင်ပြေပါစေ...။
ကျွန်တော်ကတော့ ဆက် ရွက်လွှင့်နေရဦးမယ် ။

Zephyr said...

ရွှေပြည်ကြီးကို အထင်မသေးပါနဲ့ဗျ။
အရှေ့တောင် အာရှမှာ wymax ကို ခြေလှမ်းသွက်သွက်နဲ့ စတင်တဲ့ တစ်ခုတည်းသော နိုင်ငံပါ။

မြန်မာနိုင်ငံဟာ အကြံကောင်းတွေ အမြဲတမ်းသူများထက်ဦးပြီး အဆုံးမသတ်နိုင်လွန်းလို့သာ အဖျားရှူးသွားတာပါ။ ဘာပဲဖြစ်ဖြစ် မြေပုံလေးနဲ့သွားရင်တော့ လမ်းပျောက်စရာမရှိပါဘူး။ ခေတ်မီဖွင့်ဖြိုးလာမှာပါဗျာ ....။ အဲဒီအိပ်ရာဝင်ပုံပြင်လေးတွေ တကယ်ဖြစ်လာတော့မှာပါ။

မြန်မာပြည်ရောက်ရင်
၁. မိဘနဲ့တွေ့ရတယ်။
၂. ဘုရားသွားနိုင်တယ်။
၃. လက်ဖက်ရည်ဆိုင်ထိုင်နိုင်တယ်။

အင်တာနက်က ဆိုးတာမဟုတ်ပါဘူး။
မီးမလာသေးတာပါ။ မီးလည်းလာတော့မှာပါ။

ကဗျာရေးမယ့်သူဟာ
ကဗျာတွေရေးနေဖို့ပဲလိုပါတယ်။
ဘယ်မှာရေးရေး ဆက်ရေးနေပါ။

ခင်မင်စွာဖြင့်
Zephyr

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ရေ
ရှေ့လျောက်ကဗျာတွေ ဆက်ရေး ဆက်တင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်ဗျာ။
ကဗျာတွေနဲ့ ခင်မင်သိကျွမ်းခဲ့တဲ့ ကိုအိုင်လွယ်ပန်ရဲ့ ကဗျာတွေကို ရှေ့လျောက်လည်း ထပ်ဖတ်ချင်ပါသေးတယ်ဗျာ။
ကဗျာဆိုတာ စိတ်ရင်ငွေ့မှာ ခိုလှုံနေသရွေ့ ဘယ်တော့မှ သွေ့ခြောက်မသွားတဲ့ သစ်ရွက်တစ်ရွက်ဖြစ်နေဦးမှာပါ..

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

MANORHARY said...

Welcome Home Mr Poet !! :)
Warmly Welcome !! :)

Unknown said...

ကဗျာအသစ်တွေ့လို့ ၀မ်းသာအားရလာခဲ့တဲ့သူကို ၀မ်းနည်းသွားစေတယ်။ အိမ်ပြန်ခွင့်ရသူကို (ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်) ၀မ်းသာပေးရမှာပေါ့။ မတွေ့ဖူးပေမယ့် မသိဖူးသလိုနေလို့မရဘူး။ လှစ်ပြခဲ့တဲ့ရင်ဘက်ကို ညဏ်မီသလောက်ခံစား၊ နှလုံးသားနဲ့တော့ ထိရှခဲ့ဖူးတယ်။ ပြန်ပါ၊ ပြီးတော့ ပျံပါဗျာ။ မပိတ်ခဲ့တဲ့ဘလော့မှာ မမြင်ခဲ့ဖူးတဲ့လူတွေ စောင့်နေတယ်ဆိုတာပဲ သတိရပေးပါ။ သေချာတာက "တစ်နေရာမှာ ကြုံရာကျပမ်း ပျောက်သွားမှာတော့ မဟုတ်ပါဘူး, Bro"

မယ့်ကိုး said...

ကဗျာတွေ ဖတ်ခဲ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကဗျာတွေ ဆက်ရေး၊ဆက်ဖတ်ခွင့်ရမယ်လို့လည်း ယုံကြည်ပါတယ်။
ကောင်းသောနေ့တွေ အမြဲရပါစေ။
=)

စိုင်းလောဝ်ပိန်း said...

ကဗျာတွေဆက်ရေးနေဦးမယ်လို့ယုံနေတယ်။ အချိန်ရရင် update လာလုပ်ပေါ့ဗျာ။ စောင့်မျှော်နေမယ်။ အဆင်ပြေပါစေ။ ပျော်ရွှင်ဖွယ် အိမ်ပြန်လမ်းဖြစ်ပါစေဗျာ။ :)

Sint Si said...

All the best!!!

တင့်ထူးရွှေ said...

တစ်လျှောက်လုံ ကဗျာကောင်းတွေ ဖတ်ခွင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ အကွေ့တစ်ကွေ့မှာတော့ ပြန်တွေ့ချင်သေးတယ်၊ ဘရိုလဲ အစစအရာရာ အဆင်ပြေချောမွေ့စွာနဲ့ အပြန်လမ်း သာယာပါစေ ။

ညိမ်းညို said...

ကိုအိုင်ရေ
အစစအဆင်ပြေ ချောမွေ့ပါစေဗျာ
မကြာခင် ပြန်လည်ဆုံတွေ့ကြတာပေါ့း)

လင်းဒီပ said...

ကိုအိုင်ရေ
မင်္ဂလာရှိသောနှစ်သစ်
ပျော်စရာတွေဖြစ်ပါစေဗျား.. :)