ရန်ကုန် ... ရေ !!

ပြန်တွေ့တော့

ရာသီ သုံးခါလည်စာ

ငါငေးနေမိခဲ့ ။



မရောက်လာခင်က

အစ်ကိုတစ်ယောက်က ပြောဖူးရဲ့

အဲဒီကို ပြန်ရောက်ရင်

(၁) မိဘနဲ့ ပြန်တွေ့ရမယ်

(၂) ဘုရားသွားလို့ရမယ်

(၃) လဘ္ဘက်ရည်တိုင်ထိုင်လို့ရမယ် တဲ့ ။



ငါ … ရောက်ခဲ့တော့

သူ့ ကျောရိုးတစ်လျှောက်မှာ

မိဘမျက်နှာပေါ်က ငါ့ အငွေ့အသက်ကို ငါပြန်ရှာတယ်

ဘုရားပေါ်က ငါ့ အနိစ္စကို အနုလုံပဋိလုံ ငါပြန်ရှာတယ်

လဘ္ဘက်ရည်ဆိုင်က ငါ့နေဝင်ရီတရောကို ငါပြန်ရှာတယ်

တစ်ချိန်က ဆိုတာဟာ ပျောက်ဆုံးလို့

ရနံ့တွေဟာ မြစ်ရေလို နှစ်ခါပြန် ချိုးမရဘူးလား ။



နေ့ခင်းနေရောင်ဟာ အပင်ကျဲကျဲတွေအောက်မှာ စူးရှ

(ကိုယ့်ကိုယ်ကို) မောင်းနှင်ခြင်း အတတ်ဟာ

မွေးရာပါ ပါရမီ ကိုယ်စီဆိုပဲ

ဂီယာထိုးသံ လီဗာနင်းသံ ဘရိတ်အုပ်သံ

ပုစဉ်းရင်ကွဲတွေ အရင်ကလို ပဲ ရင်မစေ့နိုင်သေးဘူး ။



ညခင်းဘက်ရောက်တော့

ယင်ကောင်တွေရဲ့ တဝီဝီသံတွေ ပြန်ကြားလိုက်ရ

ဘယ်သူပြောလဲ ခြောက်ကပ်ကပ်လို့

သူ့ရင်ခွင်ဟာ လက်စိုစွာ

အလျော်အစားတွေကြားမှာ ဆားတပွင့် ညပ်နေတာ မြင်လိုက်ရတယ် ။



ထူးဆန်းခြင်းဆိုတာ မျက်လုံး နဲ့ နှလုံးသားကြားက

အချိန်အတိုင်းအတာတစ်ခု

တစ်မေ့စာ ငါငေးအပြီး

တစ်မောစာ ငါငေးအပြီး မှာ ငါပြန်နိုးလာ

သူကတော့ ဘာမှလုပ်မပေးနိုင်ခဲ့တဲ့ ငါ့ကို

ဘာမှပြန်မလုပ်ပေးနိုင်တဲ့ အစိမ်းသက်သက် အစိမ်းမျိုးနဲ့

မျက်လုံး ထောင့်ကပ် ကွယ်ကွယ်ဝှက်ဝှက် ကြည့်လို့ ။


မပြောဖြစ်လိုက်တော့ဘူး

စိုက်ဝင်ခဲ့တာတွေက

ရိုးရိုးသားသား စူးခဲ့ပါတယ် ဆိုတာ ...။။


အိုင်လွယ်ပန်

9 comments:

Zephyr said...

အော် ပြန်ရေးပြီကိုး။

ဝမ်းသာတယ်ဗျာ။
ကဗျာကို သဘောကျတယ်။

Dလင် Dမယား အိုင်အိုမင်းအောင် ပေါင်းရပါစေသော်။
ဒါနဲ့ ရန်ကုန်မှာ လျှပ်စစ်မီးကို လေကနေ ထုတ်တဲ့နည်းတွေ့ပြီဆိုတာဟုတ်သလားဗျ။ :P

ခင်မင်စွာဖြင့်
Zephyr

Anonymous said...

“အလျော်အစားတွေကြားမှာ ဆားတပွင့် ညပ်နေ”
ဆိုတာလေးကို အတော်သဘောကျသွားတယ်.....

Unknown said...

အရင်တိုင်း ရန်ကုန် ဆိုတဲ့ ဟန်ထူးလွင်သီချင်းကို အမှတ်ရမိစေတယ် ကောင်းသောနေ့ပါကိုအိုင် အားလုံးပဲအဆင်ပြေပါစေ :)

MANORHARY said...

see you tomorrow evening in OUR BELOVED YANGON :)

လင်းဒီပ said...

“ငါ … ရောက်ခဲ့တော့ သူ့ ကျောရိုးတစ်လျှောက်မှာ
မိဘမျက်နှာပေါ်က ငါ့ အငွေ့အသက်ကို ငါပြန်ရှာတယ်
ဘုရားပေါ်က ငါ့ အနိစ္စကို အနုလုံပဋိလုံ ငါပြန်ရှာတယ်
လဘ္ဘက်ရည်ဆိုင်က ငါ့နေဝင်ရီတရောကို ငါပြန်ရှာတယ်
တစ်ချိန်က ဆိုတာဟာ ပျောက်ဆုံးလို့
ရနံ့တွေဟာ မြစ်ရေလို နှစ်ခါပြန် ချိုးမရဘူးလား ။”

ကျွန်တော်လည်း ဖြစ်ဖူးတယ် အရင်နေရာတွေ ပြန်သွားပေမယ့် အရင်လို တိမ်းမူးလွယ်လို့ မရတော့တာ ....။

ညိမ်းညို said...

ကိုအိုင်ကြီး ရန်ကုန်မှာ လန်းနေပလားဗျ :P

ညိမ်းညို said...

မအိန္ဒြာတို့ ဆရာမမနော်ဟရီတို့ကဗျာတွေဖတ်ရမှ သိတာဗျး)

ကိုအိုင်နဲ့ မအမရာတို့ ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေဗျာ

လင်းဒီပ said...

ခဲဖိုးပေးပါဗျို့.....။
မပေးရင် မပြန်ဘူး :)

Kaung Kin Ko said...

congratulation ပါ ညီနဲ့ ညီမရေ။ ညိမ်းညို ဆုတောင်းသွားသလိုပဲ ယနေ့ မှ စ နှစ်တရာတိုင် ပါစေ။း-)