“လောလောဆယ် … တစ်စုံတစ်ယောက် … ကဗျာ ”

လောလောဆယ် …

လောလောလတ်လတ် စိတ်ကူးတွေက အညောင်းဆန့်နေ

လောလောဆယ် ရဲ့ ကောက်ကာငင်ကာ နေမဝင်ခင်

အဟ လေးကြားကနေ လောလောဆယ်ဇာတ်လမ်းက စတယ် ။



လောလောဆယ်မှာ တစ်စုံတစ်ယောက် မျက်လုံးပွင့်လာနိုင်သလို

လောလောဆယ်မှာ တစ်စုံတစ်ယောက် မျက်လုံးမှိတ်သွားနိုင်တယ် ။



ထားတော့ ….

ဘဝကို စလိုက်တာချင်း အတူတူ

လောလောဆယ်မှာ တစ်စုံတစ်ယောက် ချစ်သူခင်သူပေါနေနိုင်သလို

လောလောဆယ်မှာ တစ်စုံတစ်ယောက် မေတ္တာငတ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အရိပ်ပတ်လည်မိုးနေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က ခိုနားရာမဲ့နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က မတောင်းဘဲ ရနေနိုင်ချိန်မှာ

လောလောဆယ်မှာ တစ်စုံတစ်ယောက်က လက်ဖြန့်တောင်းနေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အတတ်ပညာသင်ရိုးညွှန်းတမ်းကို ငြီးငွေ့နေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က အတတ်ပညာသင်ရိုးညွှန်းတမ်းကို တောင့်တငတ်မွတ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က စာအုပ်တွေထဲမှာ ဖတ်ဖူးမြင်ဖူးရှိနေနိုင်သလို

လောလောဆယ် တစ်စုံတစ်ယောက်က လက်တွေ့ဘ၀မှာ ကြုံဖူးတွေ့ဖူးနေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က လောကဓံနဲ့ စတင်မိတ်ဆက်နေနိုင်သလို

လောလောဆယ် တစ်စုံတစ်ယောက်က လောကဓံနဲ့ တွေ့ဆုံရင်းနှီးပြီးသားဖြစ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အနာတရတွေ နဲ့ ကြောက်ရွံ့ထိတ်လန့်နေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က အနာတရတွေ နဲ့ ထုသားပေသားကျနေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို အကူအညီတောင်းနေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က မိမိကိုသာ အားထားရာ ဖြစ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အရာအားလုံးကို ဆဲဆိုကြိမ်းမောင်းနေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က အရာအားလုံးကို မေတ္တာပို့လွှတ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက် လောကကြီးထံက အရှုံးကို စတင်ရရှိနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက် လောကကြီးကို ပထမဦးဆုံး အနိုင်ပိုင်းဖူးနိုင်တယ် ။



ဆိုကြပါစို့ …

လောလောဆယ် ခင်ဗျားဖတ်နေတဲ့ လောလောဆယ် ဇာတ်လမ်းထဲက

တစ်စုံတစ်ယောက်ဟာ မိဘဆွေမျိုးစုံလင်နဲ့ သူဌေးသားတစ်ယောက်နဲ့

အခြားတစ်စုံတစ်ယောက်ဟာ မိဘဆွေမျိုးမဲ့ အစွန့်ပစ်ခံ သူတောင်းစားတစ်ယောက်လို့

ဆိုကြပါစို့ ။



ဒါဆိုရင် … ဒီကဗျာကို

လောလောဆယ် …

ကျွန်တော်ရေးလိုက်တာ ဖြစ်နိုင်သလို

လောလောဆယ် …

ခင်ဗျားရေးလိုက်တာလည်း ဖြစ်နိုင်ပါတယ် ။




အိုင်လွယ်ပန်

7 comments:

Unknown said...

လောလောဆယ် လောလောဆယ်
.....

တင့်ထူးရွှေ said...

လောလောဆယ် တစ်စုံတစ်ယောက်က ကဗျာလေးကို ကောင်းချီးပေး နိုင်တယ် ။

Zephyr said...

လောလောဆယ် ကဗျာတွေရောက်မလာလို့ ညစ်နေတဲ့အတွက် လောလောဆယ်တစ်စုံတစ်ယောက်ကဗျာကို လောလောဆယ်ဖတ်ထားလိုက်တယ်။ လောလောလောလောနဲ့ဆယ်လိုက်တော့လည်းဘ၀က မကျက်သေးဘူး။ ပြန်ချထားလိုက်ဖို့ကလည်း ဆီကပူလွန်းနေပြီ။ လေထဲမှာ ဆယ်ထားတဲ့လောလောဆယ်ဘ၀ကြီး အရှင်အာနန္ဒာတရားရသွားသလို လှဲမလို၊ပြုမလိုကြီးနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာရင်း ကိုယ်ရှာတဲ့ဒုက္ခကိုယ်ပြန်တွေ့နေတယ်။ ....လောလောဆယ် အဲဒီဒုက္ခကြီးကို ဒုက္ခသဘောမျှလုပ်ဖို့တောင်မတွေးနိုင်သေးခင် ဒုက္ခက ၀င်တိုက်သွားလို့ လောလောဆယ် ဒဏ်ရာရနေတယ်။ .......။ လောလောဆယ် ၀ိုင်ပုလင်းကိုဖွင့်တယ်။ ပျော်ရွှင်မှုတွေ ပုလင်းအောက်ခြေနားမှာကပ်နေမှန်းသေချာဖို့ ......ငှဲ့ကြည့်လိုက်ဦးမယ်။

သီဟညိမ်း said...

တစ်စုံတစ်ယောက်ကတော့ ကဗျာငတ်နေတယ်ဗျား)

pandora said...

လောလောဆယ်တော့ ကဗျာဖတ်ပြီးခြေရာချန်ခဲ့တယ်

လင်းခေတ်ဒီနို said...

လောလောဆယ် ကဗျာတွေထဲ ကျနော် မူးသွားပါသည်း))))

MANORHARY said...

လောလောဆယ် စိတ်ညစ်နေတယ် .. ဒါပဲ