“ ဖြတ်မျဉ်းများ “



အထွေအထူး မဟုတ်ပါဘူး
သွားလာ လှုပ်ရှားနေရင်းနဲ့ပဲ
နောက်ကျောကဓါးဟာ  နီးနီးလာခဲ့။

ပန်းပွင့်လေးတွေကို ငေးမောရင်း
ပျော်ရွှင်စရာရှိရင် သာယာရယ်မောရင်း
စိတ်ညစ်စရာရှိရင် ဝမ်းနည်းကြေကွဲရင်း
အသက်ကို ရူသွင်းရူထုတ်လုပ်နေရင်းကပဲ
အချိန်ဆိုတာ ကုန်သွားတတ်တာမျိုး။

ထိခတ်မိမှုတိုင်းမှာပေါ့
...........................
...........................
...........................
ပြုံးပြရင်းနဲ့ပဲ ရပါတယ်လို့
ငါတို့ ပြန်ပြောလိုက်တဲ့ စကားမှာတင်
ငါတို့ဟာ တစ်ခုခုကို ရရှိလိုက်ကြပြီ။

ရှက်စနိုးနဲ့ ချစ်သူလေးချေမွလိုက်တဲ့
နှင်းဆီပန်း ပွင့်ဖတ်လေးမှာ
ချစ်စနိုး ကျီဆယ်နေကြတဲ့ ပိုးမွှားလေးရဲ့ အတွဲ
ဘဝ ဆုံးသွားခဲ့တာ ချစ်သူလေး ကိုယ်တိုင်တောင်
မသိလိုက်ဘူး။

ခွမ်းကနဲ ကျကွဲခါနီး ဖန်ခွက်ဟာ
ကြမ်းပြင်နဲ့ မထိခင်စပ်ကြား
လေထဲမှာပျံချင်နေလွန်းတဲ့ သူ့ဆန္ဒကို
သူကိုယ်တိုင် မုန်းတီးသွားခဲ့တယ်။

ဘာမှ လုပ်စရာမရှိတော့တဲ့ အဆုံးတော့
တစ်ခါတစ်ခါ သံသရာအကြောင်းကို
ငါတို့ တွေးမိကြတာပဲ မဟုတ်လား။

မိုးစက်လေးတွေ ကျလာရုံနဲ့
ဆုတ်ခွာပေးခဲ့ရတဲ့ နင့်ဇာတ်လမ်းကို
ငါ အထူးအထွေ မအံ့သြတော့ပါဘူး
နွေ။

အိုင်လွယ်ပန်