တောယောင်ဆောင်တဲ့တော

အရာအားလုံးကို
တစ်ကပြန်စပစ်လိုက်ဖို့
ဒလက်တွေပေးမထားဘူး
မှုန်သီနေတဲ့စိတ်
ဝေဝါးနေတဲ့အလျင်နဲ့ပဲ
လျှောက်တော့လျှောက်လာခဲ့
ယောက်မက
သူချက်နေတဲ့ဟင်းရဲ့အရသာကို
မသိသလိုမျိုး
ကူးနေခပ်နေတဲ့နေရာကိုပဲ
နားလည်မှုခေါင်းပါးလွန်းရဲ့
အပစ်ခံရတဲ့ကျည်ဆံတွေ
အထိုးခံရတဲ့ဓါးတွေ
စကားသက်သက်စကားသံတွေ
ပွန်းရာပဲ့ရာ ထိရာရှရာတွေ
အရောင်စုံမျက်နှာဖုံးတွေ
ပျံသန်းပွစာကျဲ
ဘဒ္ဒမှာခြေလက်တွေများလွန်းလှတယ်
အပြီးအဆုံးမြန်တဲ့
ပြဇာတ်တစ်ပုဒ်ဆိုတာ
ကပြသူနဲ့ခံစားသူရဲ့ကြားက
ပေါင်းကူးခြင်းလေးတစ်ခုတာဆိုရင်
ကင်းလွတ်ရာကင်းလွတ်မှုဆိုတာ
ကျောင်းစိမ်းလေးနဲ့အတူ
ဟိုးဝေးဝေးဆီမှာကျန်ခဲ့ပြီ
အုန်းမောင်းသံချိုချိုနဲ့
မနက်ခင်းတွေကလေနုအေး
အရင်ကလိုအညစ်စိတ်ကို
မဆေးတာကြာပေါ့
ညစ်ပတ်တတ်ရင်အသက်မွေးရလွယ်သတဲ့
ပြေးရင်းလွှားရင်းနဲ့ကပဲ့တင်သံ
ဘယ်ရင်ကိုဘယ်လောက်
ထိမှန်ခဲ့ပြီးကြပြီလဲ……………..

တောအုပ်တော့တောအုပ်တစ်ခုပါ
ဒါပေမယ့် မသေချာဘူး
သေသေချာချာထပ်ပြောမယ်
မ…..သေ…..ချာ…..ဘူး……….။။။

အိုင်လွယ်ပန်

6 comments:

တင့်ထူးရွှေ said...

ပြဇာတ်တစ်ပုဒ်ဆိုတာ
ကပြသူနဲ့ခံစားသူရဲ့ကြားက
ပေါင်းကူးခြင်းလေးတစ်ခု အဲဒီနေရာလေးကြိုက်တယ်
တစ်ပုဒ်လုံးကောင်းတယ်ဗျ၊ အသိလေးတစ်ခု လက်ခနဲ ရလိုက်တယ်၊ ထပ်ပြောမယ် မ..သေ..ချာ....ဘူး..။
အဆင်ပြေပါစေ ကိုအိုင်ရေ..။ ။

Heartmuseum said...

လူကြီး ဒီစကားလုံးတွေ ခုန်ပေါက်ထွက်လာအောင် ဘယ်လိုတွေးလဲဗျ။ ကြိုက်တယ်ဗျာ...

chaos said...

ကဗျာလေးမိုက်တယ်

မိုးမြင့်တိမ် said...

တကယ့်ကို အပြင်းစားစကားလုံးတွေဘဲ ခိုက်တယ်ဗျာ အရေးအသားကတော့ လန်ထွက်နေတာဘဲ။

မောင်မျိုး said...

ဟုတ်ပါ့ ကိုပြတိုက် ပြောသလို ဘယ်လိုတွေးလို့  ဒီလောက်ကောင်းတဲ့ ကဗျာတွေထွက်လာတာလဲ........။

Honey said...

Good ဟေ့ Goodဟ
ကောင်းမှကောင်း