ညဉ့်ငှက် (၂)

မီးရောင်တွေပြိုးပြက်
စိတ်ရဲ့အရိပ်အရောင်တွေဖြတ်နေတဲ့
အစွယ်တလက်လက်နဲ့မြို့ပြည
အညှီရှိလို့အုံတဲ့ယင်တွေနဲ့
ထမင်းစားမပျက်တဲ့
ဦးနှောက်ကောင်းကောင်းခြေနှစ်ချောင်းတွေက
အပြန်အလှန်လက်ဆွဲနှုတ်ဆက်
နှစ်ကိုယ်ကြားဝေါဟာရတွေကြွယ်နေကြ
ဘာကိုဘာခြင်းထပ်မှမြတ်ကြောင်း
ဘာလိုချင်ရင်ဘာဖြစ်ကြောင်း
ကောင်းကင်ရဲ့တစ်မိုးအောက်ထဲမှာပဲပြော
တစ်ချို့ကအလိုက်ပေး
တစ်ချို့ကဒဲ့
အလဲအထပ်လုပ်လိုက်တဲ့
မျက်နှာဖုံးတွေရဲ့ကြား
ပထမဆုံးအကြိမ်ဆိုတဲ့စကားဟာ
အကြိမ်ကြိမ်ရေပန်းစားလာရဲ့…………….

ဒီအဆင်တန်ဆာမဲ့
နားပေါက်ဟောင်းလောင်းလေးကလဲ
ပထမဆုံးအကြိမ်ပါကွယ့်
ရောဂါသည်အမေအိုနဲ့
ထားပစ်ခဲ့လိုက်တဲ့သူ့ရဲ့
ဓါးမဦးချညတွေဟာ
သူ့ရင်ဘတ်ထဲမှာပဲမြုံနေခဲ့
မြို့ပြညဟာ ညှီစော်နံတယ်………………………။။။

အိုင်လွယ်ပန်

5 comments:

တင့်ထူးရွှေ said...

မြို့ပြညဟာ ညှီစော်နံတယ် ၊ ကောင်းပ လက်ကလဲ သွက်ပ။

mgngal said...

အနံ့ အသက်တွေ ကင်းစင်ကြပါစေလို့ ပဲ ဆုတောင်းပါတယ်
ဗျာ။သြော် ဘ၀တွေ ဘ၀တွေ ....။

မောင်မျိုး said...

မတိမ်းမယိမ်းပဲ ဒီကမြို့ပြလည်း ညှီဆော်နံ တယ်။

khaung said...

ဒီမှာလဲ တူတူပဲ.. တစ်ခါတစ်လေ အဲဒိ အနံ့တွေကြားမှာ အသက်ရှုတောင် ရပ်သွားချင်တယ်..

မိုးမြင့်တိမ် said...

တစ်ခါတစ်လေတော့လည်း ညှီစော်နံတဲ့ မြို့ ပြကနေ ကင်းလွတ်တဲ့ နေရာလေးတစ်ခုရောက်ချင်တယ်။ ကဗျာလေးကောင်းတယ်။