ပျော်သလိုဖတ်ဖို့ကဗျာ (၃)


ပြေးပြေးလိုက်နေတဲ့
ရေစီးကြောင်းနောက်ကွယ်
မေ့ပစ်လိုက်ကြ
ငရုပ်သီးထောင်းနဲ့အကြမ်းတစ်ခွက်
လျှာမြက်မြက်တွေဟာ
တိုးတက်မှုကိုအရသာခံယူဖို့
ဝင်ဆန့်လိုက်ရခြင်းကိုဂုဏ်ယူဖို့
ဓါးမဦးချရဲ့ရောင့်ရဲသန့်စင်မှုကိုပါ
ချနင်းပြီးထွက်လာခဲ့…………

ဟယ်လီကော်ပတာကိုဦးညွှတ်နေတဲ့
ပုစဉ်းတစ်ကောင်
ရထားကိုဦးညွှတ်နေတဲ့
ကင်းခြေများတစ်ကောင်
သင်္ဘောကိုဦးညွှတ်နေတဲ့
ငါးတစ်ကောင်
ဒီလို…
အမျိုးမျိုးအထွေထွေဦးညွှတ်မှုတွေဟာ
အတုယူဖန်တီးတတ်တဲ့
အစုံစုံသောလူ့ဦးနှောက်တွေရဲ့
ကြီးကျယ်ခြင်းဖြစ်တယ်………………………..

ဖန်တီးမှုတွေကို အရောင်တင်ပြီးတဲ့နောက်
စိတ်ဓါတ်တွေကိုပါ ဓါးလိုသွေးဖို့
ယုံကြည်ချက်တွေကိုပါ သံလိုရိုက်သွင်းဖို့
ရေစီးကြောင်းထဲမှာရောင်နီလင်းဖို့
လိုအပ်နေတဲ့ မီးအိမ်တစ်လုံးဟာ
ရင်ဘတ်တွေမသိ အောင်
ရင်ဘတ်တွေထဲမှာပဲ ရှိနေခဲ့ ...........

အနီးဆုံးဝေးခဲ့ကြ
ပြောင်းလဲလာတဲ့ ရေစီးတွေထဲမှာ
အားစိုက်စရာမလိုဘဲ လည်ပင်းညှစ်တတ်လာကြ
ပန်းစိုက်စရာမလိုပဲ ရနံ့တွေတပျော်တပါးရှိုက်နမ်းတတ်လာကြ
လွယ်တယ်
ခုရေကြည်သောက်ချင် ခုရေတွင်းထတူးရုံ
နေရိပ်လိုချင် နေရိပ်ကပဲထိုင်စောင့်နေရုံ
တိုးတိုးပြီးတရိပ်ရိပ်တက်လာ……………………………

အဲဒီလိုနဲ့
မိုးအလင်းရောက်ဖို့
ညနေရီကို အသေသတ်ခဲ့
ကောင်းကင်ကို စုန်းစုန်းချုပ်ပစ်လိုက်ခဲ့
ရေစီးကြောင်းနောက်ကို
အဲဒီရေစီးကြောင်းရဲ့နောက်ကို
စိတ်ပါမလာတဲ့ကိုယ်နဲ့သာ
ပြေးပြေးလိုက်နေကြတော့တယ်……………………

အပျော်ပါ
ဒါတွေဟာ
ကိုယ့်ထမင်းကိုယ်စားပြီး
အားယားနေတဲ့ ခပ်အားအားကောင်တစ်ကောင်
ကိုယ့်ဒုက္ခ ကိုယ်ရှာ ခဲ့တဲ့
ခပ်စူးစူး မျက်စိ စပါးမွှေးတွေဖြစ်တယ် ............။။။


အိုင်လွယ်ပန်















7 comments:

အမရာ said...

မပျော်ပဲနဲ့ဖတ်သွားတယ်.....

တင့်ထူးရွှေ said...

ပျော်သလို ပေါင်းထားလို့သာပဲ ကိုယ့်လူရေ .... :P

ခေါင်ခေါင် said...

တစ်ကယ်ပျော်နေတာလား...
အပျော်ဖတ်ဖို့ တွေကြီးပဲ....
အပျော်မဖတ် ချင်ဘူးလို့ ပြောခဲ့တယ်.. လေ...။

thihanyein said...

စိတ်ပါမလာတဲ့ကိုယ်နဲ့သာ
ပြေးပြေးလိုက်နေကြတော့ရဲ့……………………
ညီလေးစိတ်မပါလို့သာပေါ့နော်***စိတ်ပါရင် အကို
အခေါက်ပေါင်းများစွာထပ်ဖတ်ရမယ်ထင်တယ်**
ကောင်းတယ်ဟေေ့***

eaindraomtt said...

ကိုအိုင်လွယ်ပန်

ရွှံ့ပျော့ပျော့..ထဲ ကိုလောက်စာလုံးတွေ နဲ့ပစ်နေသလိုလို့..
ကဗျာဆရာမက...ကဗျာဆန်ဆန်ပြော..ပစ်လိုက်ချင်တယ်..။
စိတ်..ထဲကို..နက်နက်ရှိုင်းရှိုင်းနစ်ဝင်သွားတဲ့..
တစ်စုံတစ်ရာတွေနဲ့....
လှည့်ပြန်သွားပါတယ်..။

အိန္ဒြာ

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ပြောသလိုဘဲ ကိုယ့်ရင်ဘတ်ကို
ကိုယ်မီးညှိဖို့တောင် မတွေးမိကြတဲ့ လူတွေကြားမှာ
ကဗျာဆရာတစ်ယောက်တော့
သူ့ရင်ကမီးကို သူကိုတိုင်ထွန်းလို့
သူ့ရင်နှလုံးကို သူကိုယ်တိုင် ရှို့ခဲ့တယ်
အဲဒီကဗျာဆရာဟာ ဖယောင်းတိုင်လိုလူပေါ့...

တကယ့်ကို အနှစ်သာရပြည့်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါဘဲ..


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

mgngal said...

ဖန်တီးမှုတွေကို အရောင်တင်ပြီးတဲ့နောက်
စိတ်ဓါတ်တွေကိုပါ ဓါးလိုသွေးဖို့
ယုံကြည်ချက်တွေကိုပါ သံလိုရိုက်သွင်းဖို့
သုံးထားတဲ့ စကားလုံးတွေကတော့ အလန်တွေပါလား ။
ပျော်သလို ပေါင်းထားတဲ့ စာလုံးတွေတဲံ့လားဗျာ။ကောင်းပ။