ဇရာ

ကနဦး ကပဲ
စလိုက်ကြမယ် ………………

လူးလိုက်တဲ့ လှိုင်း
ထူလိုက်တဲ့ ဖုံ
မျဉ်းကွေးများတဲ့မြစ်
စိုက်ပျိုးလွန်းတဲ့ လက်
အရောင်ပြောင်းလွန်းတဲ့ ဂယက် …………….

နောက်
ဖိနပ် အရံရံ ထည်လဲစီး
ဆေးမှင်ကြောင် အထပ်ထပ်ထိုး
ခံတွင်းတွေ့အစာတွေ အလီလီ အရသာခံ
ရင်ခုန်သံတွေ တစ်ရှိုက်ပြီး တစ်ရှိုက်
ပန်းသီးတွေ တစ်ကိုက်ပြီးတစ်ကိုက် …………..

နောက်
ကိန်းသေတွေ နဲ့ ရှင်သန်
သေချာမှုတွေနဲ့ ထွေပြား
သောက်သုံးမှုတွေနဲ့ ငတ်မွတ်
ထွက်ပြူမှုတွေနဲ့ ကွယ်ပျောက်
အနည်ကျမှုတွေနဲ့ ဘောင်ဘင်ခပ် ………………

နောက်
ထွက်လာတဲ့အသံတွေကို သိမ်းဝှက်
ထွက်မလာတဲ့အသံတွေကိုလည်း သိမ်းဝှက်
ညီမျှခြင်းတွေကို ကျောပိုး
မညီမျှခြင်းတွေကိုလည်း ကျောပိုး
လာခြင်းကောင်းတာတွေ ကို ခါးစည်း
လာခြင်းမကောင်းတာတွေကိုလည်း ခါးစည်း …………………..

နောက်
အလေ့ကျအပင်ပေါက်တို့ကို စုစည်း
၁ ကနေ ရောက်ရာအရပ်ထိ စုစည်း
ခြစ်ခြစ်တောက်နေ နဲ့ သည်းထန်တဲ့မိုးတို့ကို စုစည်း
ခိုက်ခိုက်တုန်ဆောင်းလိုမျိုး အေးမြရာ …………………….

ကဲ
ရှစ်ဆယ့်နှစ် ရာသီ
တစ်ဆယ့်ငါး နရီ
ငါးဆယ့်နှစ်ချက်မြောက် နိမိတ်
အခုတော့
စိတ်ဟာ စိတ်သက်သက်သာ ………………………….။။။

အိုင်လွယ်ပန်

13 comments:

အိန္ဒြာ said...

အိုက်လွယ်ရေ..
၂၇ နှစ်ပြည့် ဇရာလား....

ကဗျာစာသားတွေက
ရင်ထဲတောက်လျောက် ဖေါက်ဝင်သွားပါတယ်...

အိုင်လွယ်ပန် said...

အစ်မ အိန္ဒြာရေ ...

သူငယ်ချင်းတစ်ယောက်က သူ့အဖိုး ၈၂ နှစ်မြောက်
မွေးနေ့ ကို ဒီကနေ လက်ဆောင်လှမ်းပို့ တယ်ဗျ ...
အဲဒါ အဘိုးမရှိတော့တဲ့ ကျွန်တော်က အားကျပြီး
ငါ့မှာသာ အဘိုးရှိရင် ဆိုပြီး ရေးဖြစ်သွားတာ :)

MANORHARY said...

ကနဦးကစရင်တော့
............
ဇရာဆိုတာတဖြည်းဖြည်းနဲ့လာရင်းအရှိန်ရလာတတ်တဲ့
အရာ...........

လင်းဒီပ said...

သူများအဖိုး ငှားပြီး
ကြားတဲ့က ဇရာကို သံဝေဂ ယူသွားတာလေး လေးစားသွားပြီ...

သိပ် တရားတွေရမနေနဲ့ဦးနော်...
ခေါင်းလောင်းလေး စိတ်ညစ်နေဦးမယ်..:P

Unknown said...

ကိုအိုင်လွယ်ရေ သင်္ကြန်းကျတော့မယ်
ဘုန်းကြီးတော့ပြန်မ၀တ်နဲ့ဗျ နော :P
ခံစားမှု့လေးတွေ ကောင်းတယ်အစ်ကိုရေ ကြိုက်တယ်
ကောင်းသောနေ့ ဗျာ :)

မိုးမြင့်အောင် said...

လေးနက်မှုတွေအပြည့်နဲ့ ဖတ်သွားတယ်။ ကဗျာကောင်းတယ်။ အတွေးရော အရေးရော စကားလုံးရွေးချယ်မှုတွေ ဘာမှပြောစရာမရှိဘူး။

လင်းထက် said...

ဇရာ ဇရာ အင်း ကိုယ်တစ်ဖြေးဖြေး ကြောက်လာတဲ့ အထဲ မှာ ဒီ ဇရာ ဆိုတဲ့ ကောင်လဲ ပါတာပေါ့...

ဆောင်းယွန်းလ said...

၂၇နှစ်ကျော်လာတဲ့ ဇရာဆိုပါတော့..
ကဗျာကတော့ လုံးဝရှယ်ပဲ ညီလေးရေ..အသုံးအနှုန်းတွေ ပြောင်မြောက်တယ်

Anonymous said...

ဟုတ်ပါ့ ခုရက်ပိုင်း ညီမျှခြင်း မညီမျှခြင်းတွေကြားမှာ လူလည်း လူးလွန့်နေပြီး....ဇရာ ဆိုတော့ ပါးရည်တွန့်နေတဲ့ အဖိုးကိုသတိရသွားတယ်း)

Unknown said...

မသက်သာဘူးဗျို့....

ဘာလုပ်လုပ်...
ဘယ်သွားသွား...

ကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ....

တင့်ထူးရွှေ said...

ကိန်းဂဏန်းတွေ တိုး တိုး လာသည် ။ :P

Eaindra said...

ဟားဟား...........

ကဗျာဆရာမ...
မျက်စိလည်သွားတာပေါ့......

mgnge said...

အကို ရေဘုန်းကြီး သွား ၀တ်ရအောင်လား..။