ရည်းစားစာ (၂)

ကျယ်ပြောနက်ရှိုင်းတယ် ဆိုရင်တောင်
ဒီပင်လယ်ဟာ ငါ့ရဲ့
ပြောင်းပြန် ပြန်မသွားမယ့်
ရွက်လွှင့်ခြင်း ။

နှလုံးမြေကို ပျိုးမယ့်
ခက်ရင်းခွအတွက်
ငါ့ နံရိုးတစ်ချောင်းကို
ဘဝအဆက်ဆက်အတွက် ရည်စူး
မေတ္တာ တရားတွေ နဲ့ ထုံကူးထားရဲ့ ။

အမျိုးအစားကောင်း မီးခြစ်တစ်လုံးလို
တစ်ချက်ခြစ် တစ်ချက်တောက်
ငါ့ သက်ဝင်ခြင်းတွေ
လူသိရှင်ကြား ထွန်းညှိဖို့ဆိုတာ
နင့်နှုတ်ခမ်းလေး တစ်လှုပ်စာတင် ။

မနေနိုင်မထိုင်နိုင်
ပွင့်ချင် အံချင်နေတဲ့
ငါ့ လိပ်ပြာ အတွက်
နင့်ဆီ ရေးလိုက်တဲ့ ဒီစာ
နင်ဘာနဲ့ဖတ်မလဲ ဆိုတာကိုပဲ
ငါက ရင်ခုန်နေရုံ ။

အိုင်လွယ်ပန်

10 comments:

Moe Myint Tane said...

ကောင်းတယ်ဗျာ။ ကြိုက်တယ်။ ကိုယ့်ဆရာ လုပ်လှချည်လား။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Mhu Darye said...

အကိုအိုင်လွယ်ရေ....

ကဗျာလေးက ကဗျာဖတ်သူ ရင် ကို ဆွဲကိုင်လှုပ်ရမ်း နိုင်လွန်းတယ်..။
အဆင်ပြေကြပါစေနော်..း)

ဆောင်းယွန်းလ said...

မနေနိုင်မထိုင်နိုင်
ပွင့်ချင် အံချင်နေတဲ့
ငါ့ လိပ်ပြာ အတွက်
နင့်ဆီ ရေးလိုက်တဲ့ ဒီစာ
နင်ဘာနဲ့ဖတ်မလဲ ဆိုတာကိုပဲ
ငါက ရင်ခုန်နေရုံ

ကောင်မလေးက ဒီရည်းစားစာကို နှလုံးသားနဲ့ဖတ်လိမ့်မယ်ထင်ပါတယ်ကိုယ့်ညီရေ...
ဘာလို့လဲဆိုတော့ ကဗျာလေးကသိပ်ကောင်းနေတာကိုး

မယ့်ကိုး said...

ငါ့ သက်ဝင်ခြင်းတွေ
လူသိရှင်ကြား ထွန်းညှိဖို့ဆိုတာ
နင့်နှုတ်ခမ်းလေး တစ်လှုပ်စာတင် ။

အရမ်းကောင်းလွန်းတဲ့ ရည်းစားစာ။copy ပွားပြီး ရောင်းလိုက်ရင် ရောင်းမလောက်တောင် ဖြစ်သွားနိုင်တယ်။ :)

MANORHARY said...

ဒီလိုရေးတတ်မှတော့
အိန္ဒြာ့ဆီ စာအပ်စရာဘာလိုလဲ
နော့......း)

သက်ထွန်းညိမ်း said...

ကဗျာလာဖတ်တယ်ဗျ ကိုအိုင်
မနေနိုင်မထိုင်ပွင့်အံချင်ရင်
လာလေ သောက်ကြစို့ရယ့်
း)

Unknown said...

ကလေးကလား ဒီလူခုထိရည်းစားစာတွေရေးနေတုန်း :P
ရည်းစားစာရေးနည်းလေးလည်း သင်ပေးဦး
ညီလည်းပေးချင်လို့ :D
ကောင်းသောနေ့ပါ ကိုအိုင်ရေ :)

လင်းဒီပ said...

စိတ်မပူနဲ့ ရင်နဲ့ ဖတ်ပါလိမ့်မယ်.. :P

emayarKhin said...

ရည်းစားစာဖတ်ပြီးသွားပြီ.....
ချဉ်းချားပေးမယ်...........(ဟိဟိ)

Unknown said...

မနေနိုင်မထိုင်နိုင်
ပွင့်ချင် အံချင်နေတဲ့
ငါ့ လိပ်ပြာ အတွက်
နင့်ဆီ ရေးလိုက်တဲ့ ဒီစာ
နင်ဘာနဲ့ဖတ်မလဲ ဆိုတာကိုပဲ
ငါက ရင်ခုန်နေရုံ ။

ထပ်ဖတ်ဖြစ်တယ်။
နောက်ဆုံးအပိုဒ်ရောက်တိုင်း..စိတ်က အလိုလို သိမ်ငယ်သွားသလို ခံစားရတယ်။ ဘာမှလည်း မဆိုင်ပဲနဲ့နော်...း)
( ထပ်မန့် ဖြစ်သွားတယ်)