တော်တော် တုံးတဲ့ကဗျာ

ပြီးဆုံးသွားပြီဆိုတဲ့နောက်
မြေပုံ မှတ်တိုင်မှာတောင်
အမည်နာမ မစိုက်ထွင်းချင်ဘူးတဲ့
အဲသလို
အနိစ္စ အကြောင်း တဖွဖွပြောတယ် ။

အရာအားလုံးကို မဖက်တွယ်ဘဲ
လွှတ်ချချင် တယ်ဆိုရင်တောင်
လွှတ်ချဖို့အတွက် အရင်ဖမ်းဆုပ်ကြည့်ရမယ်
ဆိုတော့ကာ
လည်သမျှ ပတ်သမျှထဲမှာ
(ခောတ်စကားနဲ့ပြောရရင်)
ရွာလည်တာ တော်တော်ဆိုးတယ် ။

ထွေးအိတဲ့ ဒီလိုနှုတ်ခမ်းဖျားက
ချိုသာနေရမယ့် အသံတွေ
နားထဲကို သေနတ်သံတွေလိုဝင်လာတဲ့အခါ
အံ့သြခြင်း ကြီးစွာနဲ့
နှုတ်ခမ်းဖျားလေးကို လှည့်ပတ်ကြည့်ရှု စစ်ဆေးမိ
မေ့သွားတယ် တစ်ခုပဲ
ကိုယ့် အကြားအာရုံ ကိုယ်ပြန်စစ်ဆေးဖို့ ။

ကိုယ့်နှလုံးသားကို ကိုယ်ရိပ်ကနဲကြည့်မိတော့
ပြုံးနေတဲ့ မျက်ဝန်းတစ်စုံ
နှလုံးသားမှာ တွေ့လိုက်ရပေါ့
ကိုယ့်ကို လာစိုက်မယ့်ဓါး
နှလုံးသားက ပြုံးပြုံးကြီး ပြန်စိုက်ကြည့်လို့
……………………………………………..
………………………………………………
……………………………………………..
ငတုံး …
ဒီကဗျာ ဒီမှာတင် ဆုံးတယ် ။

အိုင်လွယ်ပန်

11 comments:

Moe Hlaing Nya said...

ကျွန်တော်လည်း ငတုံးပဲအစ်ကို
ကဗျာကို ဘယ်မှာဆုံးရမယ်မသိသေးဘူး...။
ဒီကဗျာကတော့ ရင်ဘတ်ကိုတည့်တည့်ဆိုက်တယ်..။
ခင်မင်လေးစားလျှက်

Unknown said...

ကိုအိုင်ရေ ကဗျာတွေးဖတ်ရတာ ကြေကြေကွဲကွဲ
ကြိုက်တယ် :)
ကောင်းသောနေ့ပါကိုအိုင်ရေ မဆုံတာကြာပေါ့ :)

ပိုင်ဖြိုးကို said...

ကဗျာခေါင်းစဉ်ဖတ်လိုက်တော့ ငါ့ကဗျာကိုများပြောတာလားလို့ ဟားဟား :D

Mhu Darye said...

:) တော်တော်တုံးတဲ့ကဗျာ...း)

မယ့်ကိုး said...

ရေးဟန်လေးတွေ နည်းနည်းဆန်းထားတယ် ထင်တယ်။

ငတုံး …
ဆိုတော့ ကိုယ့်ကို ခေါ်တယ်ပဲ ထင်တယ်။
အဲဒါကြောင့် ကောင်းသောနေ့ ပါ လို့  နောက်တစ်ပုဒ်မှပဲ ပြောတော့မယ်။ :)

MANORHARY said...

နှလုံးသားမှာစိုက်နေတဲ့ဓါးတွေ
တို့ အား လုံ င တုံး .........

ဆောင်းယွန်းလ said...

ပြီးဆုံးသွားပြီဆိုတဲ့နောက်
မြေပုံ မှတ်တိုင်မှာတောင်
အမည်နာမ မစိုက်ထွင်းချင်ဘူးတဲ့
အဲသလို
အနိစ္စ အကြောင်း တဖွဖွပြောတယ် ။

ကောင်းလိုက်တဲ့ကဗျာ ရင်ဘတ်ကိုတည့်တည့်လာစိုက်မှန်သွားတယ်ညီလေးရေ

လင်းဒီပ said...

ဟုတ်တယ်ဗျာ တုံးချက်တွေက
ကိုယ့်ဘာသာ သပွတ်အူလိုက်ရင်း တုံးနေတာ...။

ဟန်လင်းထွန်း said...

လန်းတယ်ဗျာ။

minn thuka said...

ကဗျာလှလှလေး ဝင်ကြည့်သွားတယ် ဆရာ။

mgngal said...

အရာအားလုံးကို မဖက်တွယ်ဘဲ
လွှတ်ချချင် တယ်ဆိုရင်တောင်
လွှတ်ချဖို့အတွက် အရင်ဖမ်းဆုပ်ကြည့်ရမယ်
ဆိုတော့ကာ....
အတွေးတွေ အတွေးတွေ ပက်ပက်စက်စက် တွေးထားတာ ။ ကြိုက်တယ်ဗျာ ။