ဇာတ်ကြောင်

ဆိုကြပါစို့ရယ်
နေပြင်းတဲ့နေ့တစ်နေ့
လှုပ်လီလှုပ်လဲ့ ဆိုင်တစ်ဆိုင်မှာပေါ့ ။

ပြင်ပ က “နေ” က
ငါ့ရင်ဘတ်ထဲက “နေ” လောက်
မပူပြင်း မတောက်ပဘူးတဲ့
အသည်းကွဲနေတဲ့ ကဗျာဆရာက
ကဗျာကို အဲသလို အစချီလိုက်တော့
အားလုံးရဲ့ မျက်ဝန်းတွေက
ကဗျာ ဆရာ ရဲ့ ရင်ဘတ်ကို တစ်စိုက်မတ်မတ် ။

“တိမ်တောက်တဲ့အာကာမှာ
ရင်ခုန်ခြင်းတို့အရောင်လွင့်ခဲ့ပြီ
ပုံအပ်ခဲ့တဲ့သက္ကရာဇ်တွေအတွက်
လောင်မြိုက်ခြင်းမှာ
အစားထိုးစရာဆိုလို့
လမ်းပျောက်နေတဲ့ပေးဆပ်ခြင်းပဲရှိရဲ့”တဲ့
ကြေကြေကွဲကွဲ ဆွေးဆွေးမြေ့မြေ့ နဲ့
ကဗျာဆရာ ကပြောတယ် ။

ကဗျာဆရာ့ မျက်ဝန်းတွေဟာ
ပြိုတော့မယ့် မိုးလိုမျိုး
အက်ကွဲနေတဲ့ နှုတ်ခမ်းတွေဟာ
ရေတစ်ပေါက်ကို ငတ်မွတ်တောင့်တသလိုမျိုးနဲ့
“လူတိုင်းကတော့
အချစ်နဲ့ပတ်သက်ရင်
ဘယ်စစ်ရှုံးချင်ပါ့မလဲ
ရစ်သမ်ကို ကျိုးပဲ့စေတဲ့
တမန်တော်ရဲ့စာချွန်လွှာအဆုံးမှာ
ငါ့အာရုံတွေအက်ဆစ်ထိခဲ့ရတယ်” ဆိုပဲ
ကဗျာဆရာက ရေရွတ်လိုက်ရဲ့
အဲဒီစကားအဆုံး
လွင့်စင်သွားတဲ့ စကားလုံးတစ်ချို့ တလေကို
လူတစ်ချို့တစ်လေက လိုက်ကောက်ကြပြီး
ကဗျာဆရာရဲ့ စကားပတ်လမ်းကြောင်းထဲ
သာသာယာယာ ပြန်ထည့်ပေးလိုက်ကြတော့
ချောင်း တစ်ချက်ဟန့် အံ တစ်ချက်ကြိတ်
ကဗျာဆရာ က ကဗျာကိုဆက်တယ် ။

“လက်ကမ်းနေတဲ့ခါးသီးခြင်းတို့လက်က
လွတ်အောင်ပြေးရင်း
အိုအေစစ်တစ်ခုကိုငါရှာနေတာ
ကြာခဲ့ပေါ့
တံတိုင်းခတ်ထားတဲ့ကြားက
ရိုက်ခက်လာတဲ့အလွမ်းတို့ဒဏ်ကို
ကြိတ်မှိတ်ခံရင်း
အချစ်ရှိလျှက်နဲ့အချစ်ငတ်ခဲ့တဲ့
အဆွေးသမားတစ်ယောက်မှာ
မပြိုလဲတဲ့နာကျင်ခြင်းများနဲ့လေ ” တဲ့
အဲသလို ကဗျာကို အဆုံးသတ်
ခေါင်းကြီး ငိုက်စိုက် ချထားလိုက်တော့ရဲ့
သူ့ ရင်ဘတ်ထဲမှာ နေဆယ်စင်းမက
ထွန်းလင်း နေသလိုမျိုး
သူ့ တစ်ကိုယ်လုံးဟာ ခြောက်ခြောက် သွေ့သွေ့ ။

လူတွေ အားလုံး အလျှို အလျှို ခေါင်းခါကြ
လူတွေအားလုံး အလျှိုအလျှို သနား သယောင်ယောင်မျက်ဝန်းတွေ
အသည်းကွဲ ကဗျာဆရာကို ပေးသနားကြ
ပြီးတော့
လူတွေအားလုံး အလျှိုအလျှို ဆိုင်ထဲက ထပြန်ကြ
အဲဒီနောက်
အရာအားလုံးဟာ ဆိုင်လေးထဲမှာ
တဒင်္ဂစာ တိတ် ဆိတ် ငြိမ် သက် ။

တော်တော်ကြာတော့
ကဗျာဆရာ ဟာ ဆတ်ကနဲ ခေါင်းထောင် ထလာ
ရင်ဘတ်ထဲက “နေ”
ပူပြင်းလောင်မြိုက်လွန်း လှချည့် လို့ရေရွတ်
စားပွဲပေါ်က အခုမှထပ်ချပေးတဲ့
ရေနွေးခရားကို ဆွဲကိုင်လွှင့်ပစ်လို့
စိတ်ကို ခပ်ဝေးဝေး လွှတ်လိုက်တော့တယ် ။

ဆိုကြပါစို့ရယ်
နေပြင်းတဲ့နေ့တစ်နေ့
လှုပ်လီလှုပ်လဲ့ ဆိုင်တစ်ဆိုင်မှာပေါ့
ကိုယ်ပေါ်ကို ကျလာတဲ့ ရေနွေးဆူဆူဟာ
ပြင်ပက နေမင်းထက် အဆပေါင်းများစွာ
ပြီးတော့ကာ
ကဗျာဆရာ့ ရင်ဘတ်ထက် အဆပေါင်းများစွာ
ပူပြင်းလောင်မြိုက်တယ် ဆိုတဲ့အကြောင်း
ဆိုင်ဘေးက အရိပ်အာဝါသအောက်
အေးအေးလူလူ အိပ်နေတဲ့
ခွေးတစ်ကောင်ရဲ့ ရင်ဘတ်ထဲမှာ
ထဲ ထဲ ဝင် ဝင် ။

အိုင်လွယ်ပန်

8 comments:

ဆောင်းယွန်းလ said...

ကဗျာဆရာကတော်တော်ဆိုးတာဘဲ..
ကဗျာလေးဖတ်ပြီးတော့ ကြိုက်ပြီးရင်းကြိုက်နေမိတော့တယ်....

မောင်ခင်လေး said...

ကိုအိုင်ရေ ကဗျာလာဖတ်တယ်ဗျ :)
ကောင်းသောနေ့ပါ :)

အိန္ဒြာ said...

အိုင်လွယ်ရေ...

ကဗျာက အတွေးတစ်မျိုးအရေးတစ်မျိုးလေးနဲ့မို့ဆန်းသစ်နေတယ်..
ကဗျာဆုံးတော့ နည်းနည်းပြုံးမိတယ်..
သေချာတာ ဒီခွေးဟာ..
ကဗျာဆရာတွေကို စိတ်နာသွားမယ့်ခွေး..
ဒီထက်နည်းနည်းပိုရင် ကဗျာဆရာတွေကို ကျိမ်စာတိုက်နေတော့မယ့်ခွေး..ပေါ့..။

ဒီကဗျာလေး..မဂ္ဂဇင်းပို့ကြည့်ပါလား..အိုင်လွယ်

မယ်ကိုး said...

ကဗျာဆရာရဲ့ အပြောတွေအကုန်လုံး လာနားထောင်သွားပါတယ်။
မအိန္ဒြာကို ထောက်ခံပါတယ်။ လှတဲ့ကဗျာတွေကို ဘလော့မှာပဲ မသိမ်းသင့်ဘူး ထင်ရဲ့ ။

လင်းဒီပ said...

ဟီး
အဲဒါကြောင့် လက်ဖက်ရည်ဆိုင်မှာ
လေပေါပြီးရင် ဘယ်တော့မှ ရေနွေးတွေ တောင်ပက် မြောက်ပက် မပက်ဘူး...

Mhu Darye said...

came :)
လိုရာဆွဲတွေး သဘောကျသွားသည်။
း)

MANORHARY said...

ကြည့်
ကိုယ့်ရင်ထဲက 'နေ' ကိုသူများပေးလိုက်ပြန်ပြီး)
း)

(အိုင်လွယ်ပန်ရေ .. ကွန်မင့်ပေးခါနီးအကောင့်အရင်စစ်
နော် တော်ကြာလျို့ဝှက်ထားသောအကောင့်တွေ ပေါ်ကုန်
ဦးမယ်) :P :D

ဖြိုးငယ် said...

ဒီကဗျာကိုတော့ တော်တော်ကြိုက်သွားပြီဗျာ ..
ရေးတက်လိုက်တာ ... ခံစားလို့ကောင်းတယ်ဗျ