ရည်းစားစာ (၃)

ကြယ်တွေကို မဆွတ်နိုင်ဘူး
ကောင်းကင်ကို ထမ်းမတင်နိုင်ဘူး
ယုံ ... ပါ ။

အလိုလို ရွေ့လျားသွားတဲ့ အသွားတွေမှာ
လူဟာ လူလိုပဲ တိမ်းမူး
ရှိလား မရှိလား မသိတဲ့ အပြန်မှာ
ရင်ခုန်စွာ အရူးရင့်ခဲ့ပေါ့ ။

မြန်ချင်မြန် နှေးချင်နှေး
သံသရာ တစ်ပြေးမှာ ထိရှ ခွင့်ကိုမျှော်
ငါ့ ဂီတနဲ့ ငါ ပျော်ခဲ့ရ ။

သစ်သစ် ဟောင်းဟောင်း
လိုချင်သူအတွက် အကောင်း
အဲသလို အကျိုးအကြောင်းတွေ အတွက်
မွှေးလိုက်တဲ့ မီးပါ
....................
.....................
ငါ့ နှလုံးသားတစ်ပြ သာသာမှာ
နင့် လည်တိုင်လေး တစ်ပြန်စာ ။


အိုင်လွယ်ပန်

13 comments:

mgngal said...

ကောင်းလိုက်တဲ့ ရည်းစားစာ ။နောက်ဆုံးအပိုဒ်မှာ ကြွေကျသွားမှာပဲ ။ ကောင်မလေးဆိုရင်ပြောပါတယ် ။
;))

စိုင်းလောဝ်ပိန်း said...

ရည်းစားစာ ကောင်းတယ်ဗျို့။ ကြွေလောက်တယ်။ ကျွန်တော်တောင် ယိုင်သွားပြီ။ :P

လင်းဒီပ said...

ကြယ်တွေကိုတောင် မဆွတ်နိုင် ကောင်းကင်ကို မထမ်းနိုင် တဲ့ ပုံမှန်ဖြစ်တည်မှုလေးနဲ့...။

ကိုယ့်မေတ္တာတရားရဲ့ လူဆန်ဆန်အသွားလေးနဲ့ သူမရဲ့ တုံ့ပြန်တေးသံလေး မျှော်လင့်ရင်း အရူးရင့်နေခဲ့...။

ဖြည်းဖြည်းချင်းဖြစ်ဖြစ် ရုတ်ချည်းပဲဖြစ်ဖြစ် ထိရှမယ့်အချိန်လေးကို မျှော်လင့်ငံ့မက်ရင်း ကိုယ့်ဂီတလေးနဲ့ကိုပျော်နေသူ...။

ဘယ်လိုအနေမျိုးနဲ့ပဲဖြစ်ဖြစ်ချစ်နေပါ့မယ့်ဆိုပြီး
မွှေးလိုက်မိတဲ့ အချစ်မီး....။

အပိတ်စာကြောင်းလေး အရမ်းမိုက်တယ်ဗျာ..

“ငါ့နှလုံးသားတစ်ပြ သာသာမှာ
နင့်လည်တိုင်လေး တစ်ပြန်စာ...”

အနေအထိုင်မတတ် စကားပြေကို မထိခလုတ်ဝါကျတွေနဲ့ ပြန်လိုက်တယ်ဗျာ..။

MANORHARY said...

ငါ့နှလုံးသားတစ်ပြသာသာမှာ
နင့်လည်တိုင်လေးတစ်ပြန်စာ...တဲ့..
မိုက်တယ် ..း))

မယ့်ကိုး said...

မမနော်ကို ထောက်ခံပါတယ်။
အရမ်းမိုက်ပါတယ်။
အမြန်ဆုံးလည်ပြန်လှည့်ကြည့်ပါစေ =)

သက်ထွန်းညိမ်း said...

လှလိုက်တာ ဗျာ
ကဗျာ ကောင်းလေးပဲ

ဆောင်းယွန်းလ said...

လည်ပြန်အချက်အကြည့်နဲ့တင်
နှလုံးသားကိုထိရှရကျိုးနပ်တယ်ပေါ့...
ကဗျာလေးကနူးညံ့လှပနေပါတယ်

စိမ်း... said...

ကြိုက်တယ် အရမ်းကောင်းတယ်...

emayarKhin said...

အဟမ်းးးးးစဉ်းစားပေးမယ်....

:P

Moe Myint Tane said...

ကိုယ့်ဆရာ နုလှချည်လား။ ကြွေလောက်တယ်။


စိတ်၏စေရာနာခံလေသော
မိုမြင့်တိမ်

mysterysnow said...

အဟမ်း အဟမ်း...
ကဗျာလေးက လန်းတယ်...

ဒါနဲ့ စကားမစပ် ပြောရအုံးမယ်...
တက်ဂ်ထားတယ်နော်...

ခင်မင်စွာဖြင့်

နှင်း

Angel Shaper said...

ဟိဟိ.... ဘယ်သူကြွေသွားလဲ သိတယ်နော်။
ဗြဲ...စတာ။။ တကယ်တော့ မသိပါဘူးလေ။
ကဗျာလေး လန်းဆန်း ဂွမ်းနေတယ်။

ဖြိုးငယ် said...

အင်းလေ .. ရည်းစားစာ ဆိုတော့လည်း ကြွေစင်ပေါ့ ..
အရေးအသားကတော့ သေလောက်အောင် ကောင်းတယ်ဗျာ ...