သေရာပါ အမာရွတ်များ

“ဝ” မရှိပဲ “ဝိ” လုပ်ချင်လို့
“ထ” တစ်လုံး လိုက်ရှာရင်း
တုံးနဲ့ တိုက်ခံရတာ နဲ့
ကျားကိုက်ခံရတာ ဘယ်ဟာသက်သာမလဲ
တုံးတိုက်တိုက် ကျားကိုက်ကိုက်
စဉ်းစား ပစ်လိုက်တယ် ။

ဓါးမပါတဲ့ ဓါးရိုးချည်းပဲ ကမ်းလို့တဲ့
သူခိုးက စိတ်ဆိုးတော့
ရူးနေတဲ့ ခွေးတစ်ကောင်ဟာ
တစ်မွန်းတည့်တိုင်း တည့်တိုင်း
ထထ ကောင်းစားရဲ့ ။

ထားလိုက်ပါ
နှစ်ချက် နဲ့ မပြတ်လို့
တစ်ချက် ထပ်ခုတ်တာ
ဆန်းလား ။

ကိုယ်ပေါ်ကို ဆန်အိုး တည့်တည့် ပြုတ်ကျလို့
ဇီဝိန်ကြွေခဲ့ရတဲ့ ကြက်ကန်းတစ်ကောင်ရဲ့
အပူတပြင်း ရက်လည်ဆွမ်းသွပ်အတွက်
တောဝင်ချိန်မရလိုက်တဲ့
မုဆိုးတစ်ယောက် နား ထိုင်နေသူများ
ငါးမျှားထွက်သွားကြပါပြီ ။

အဲသလို
ချောင်းထဲမှာ မျောသွားတဲ့ ငွေထုပ်ကို
လှေနဲ့ လိုက်ဆယ်ခဲ့
လှေနံကို ဓါးနဲ့ မထစ်ချင်လို့
ပုဆိန် နဲ့ မပေါက်ပဲ အပ်နဲ့ထွင်းခဲ့

ကြိမ်
ကြိမ်

ခါ
ခါ
ကဲ …..
လှေနံနှစ်ဖက်မနင်းချင်ဘူးဆိုသူ မိတ်ဆွေများတို့ရေ
အပျင်းပြေ
လှေနံ တစ်ဖက်တည်း နင်းကြည့်ကြပါ ။

အိုင်လွယ်ပန်

10 comments:

လင်းဒီပ said...

စကားပုံတွေ ကုန်အောင် ကဗျာထဲ ထည့်ရေးပစ်လိုက်တယ်ပေါ့...။

အလိုမကျခြင်းတွေနဲ့
လှေနံနှစ်ဖက် နင်းနေကျ ကောင်ကတော့
တဖက်တည်း ရွေးမနင်းတတ်တဲ့ ခြေထောက်တွေ ပိုင်ဆိုင်ပြီးသား ဖြစ်နေပြီ...။

Eaindra said...

အိုင်လွယ်ရေ..

ဒီကဗျာက အိုင်လွယ်ရေးလက်စပုံတွေနဲ့ကွာသွားတယ်..

ဘာပဲဖြစ်ဖြစ်..စိတ်ကူးကောင်းတယ်..
ပြောချင်တာကို ခပ်ပြတ်ပြတ်ဘုပြောတတ်တဲ့.
လူဖြောင့်စိတ်တိုတစ်ယောက် ထိုင်ကောနေသလိုပေါ့...

အိန္ဒြာ

မယ့်ကိုး said...

ဒီရေးနည်းလေးကို ကျွန်မတော့ အရမ်းကြိုက်တယ်။
စကားပုံသုံးနည်းတွေ က မိုက်တယ် =)

စိမ်း... said...

ဒီလောက်ဆို.... သုတစုံလင်ရွှေဥာဏ်ရှင် ၀င်ပြိုင်လို့ရပြီ.... စကားပုံတွေတော်တော်နှံ့စပ်ပါလား.... လေးစားသွားပြီ...

MANORHARY said...

လှေနံကိုတစ်ဖက်တည်းနင်းကြည့်ဖို့ဆို
ကံကိုပုံယုံပစ်လိုက်ဖို့လိုတယ် ...း))

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ

Angel Shaper said...

လေနံကို တစ်ဖက်တည်းနင်းကြည့်ရမယ်။ ဟိဟိ
ကိုအိုင်ကို လေးစားတယ်။ စကားပုံတွေနဲ့ ကဗျာလှလှလေး ဖန်ဆင်းလိုက်လို့။

ဇော် said...

လှေနံနှစ်ဖက်နင်းတော့ ဂွပြဲမယ် ..တစ်ဖက်တည်းနင်းတော့ ဘာဖြစ်မလဲ မသိဘူး..
၂ချက်နဲ့မပြတ်လို့ ၁ချက်ထပ်ခုတ်တယ်ဆိုတော့ ရာဘာပဲ ဖြစ်ရမယ် ..
ဟီး .. နောက်တာ ..
ကဗျာကောင်းလေး ကျနော်လုပ်တာနဲ့ ပျက်တော့မှာပဲ။
=)

သက်ထွန်းညိမ်း said...

ဟေဟေ ကိုအိုင်ရေ
း)

စိုင်းလောဝ်ပိန်း said...

ဟုတ်ပါ့ဗျာ။ နှစ်ချက်နဲ့မပြတ်လို့ တစ်ချက် ထပ်ခုတ်တာ ဆန်းလား တဲ့။ ကြိုက်တယ်ဗျာ။ အဓိက က ပြတ်ဖို့ပဲမလား။ :D