ပျော်သလိုသာ ဖတ်ပါ

တစ်ခါတစ်ရံ လူမှာ အကြောင်းပြချက် မရှိဘဲ ညစ်နေတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ် ။
ကိုယ့် ရှို့မီးနဲ့ ကိုယ် အသားလွတ် တစ်ငွေ့ငွေ့ ဖြစ်နေတာမျိုးပေါ့ ။
အဲသလိုမျိုး အချိန်တွေ မှာတုန်းက ရေးထားတာလေးတွေပါ ။
ရေးထားတာက လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာ ခြင်းသက်သက် ဖြစ်နေတာကြောင့် ဖတ်မိတဲ့ သူတွေ
ရှိပါကလည်း အဆင်ပြေသလို ဖတ်ပေးစေချင်ရုံ သက်သက်မို့ “ပျော်သလိုသာဖတ်ပါ ” လို့
ခေါင်းစဉ် ပေးခဲ့တဲ့ ကဗျာတွေ ဖြစ်ပါတယ် ။
မင်းဟာ က ကဗျာတွေမှ မဟုတ်တာ ဆိုရင်လည်း အဆင်ပြေပါတယ် ။ အဆင်ပြေကြဖို့ အဓိက ပါ ။
ပျော်သလိုပေါ့ ။
ရေးထားတဲ့ ပို့စ် အဟောင်းတွေ ပြန်မွှေရင်းနဲ့ ပြန်တင်ချင်စိတ်ပေါက်လာလို့ ပြန်စုပြီး တင်လိုက်ပါတယ် ။

ပျော်သလိုဖတ်ဖို့ကဗျာ (၁)

ပိတ်လှောင်မှုတွေကိုဆန်းစစ်ကြည့်
ကိုယ်တိုင်ပြန်လည်ပိတ်လှောင်မှုက
ရာခိုင်နှုန်းများနေ
မျှော်လင့်နေသမျှ
မျှော်လင့်ချက်ကိုစီးချင်းထိုးတာလည်း
မျှော်လင့်ချက်ပဲ ။

အန္တရာယ်ရှိပြီဟေ့ဆိုကာမှ
ပြူးတူးပြဲတဲနဲ့
ရဲရင့်ချင်ယောင်ဆောင်ရတာအမော
ပေဖြစ်တုန်းက
ထုခဲ့ထောင်းခဲ့တာတွေဝေးဝေးသွား ။

သူများတွေကို
ကိုယ့်တံတွေးခွက်ထဲမှာမျောစေနိုင်ခဲ့ရင်
ခေါင်းကိုမော့
တံတွေးပြင်းပြင်းတစ်ချက်လောက်တော့
ကြုံလို့ကြိုက်လို့ပဲဖြစ်ဖြစ်ထွေးကြည့်
တံတွေးဆိုတာ
ကိုယ့်ကိုကိုယ်ပြန်ထွေးလည်းဖြစ်ရဲ့ ။

သော့မခတ်ထားတဲ့
တံခါးတွေရှိလျှက်နဲ့
အထပ်ထပ်ပိတ်ဆို့ထားတာကိုမှ
တန်ဖိုးတကြီးဖွင့်ဖို့ကြိုးစားတာကိုက
လူ့သဘာဝလား
ဒါဆိုတစ်ခါကအဖြစ်အပျက်တစ်ခုအတွက်
ကျွန်တော့်ကိုလူလို့တစ်ခါလောက်မြင်ပါ ။

မိုးနဲ့မြေကြီးနီးစေဖို့
စိတ်ကူးသက်သက်တွေနဲ့
ရွက်လွှင့်ခဲ့ကြ
တကယ်တမ်းနီးခဲ့ရင်တောင်
ကောင်းကင်ဟာကောင်းကင်
မြေကြီးဟာမြေကြီးပါပဲ
အခေါ်အဝေါ်တွေမှာကတည်းက
သတ်မှတ်ထားခဲ့လိုက်ကြတယ် ။

ရောက်တတ်ရာရာတွေမို့
ပျော်သလိုသာဖတ်ပါ
အရှည်ကြီးမကြည့်နဲ့
စိတ်တွေကိုလွှတ်ချ
တစ်ခါတစ်ရံ
ဘဝကို လူပြိန်းတစ်ယောက်လို
ထင်ရာမြင်ရာဆွဲတွေးပစ်တာ
သာယာတယ်
မနက်ဖြန်မနက်
ခေါင်းကိုက်မှာမလွမ်းလောက်ရင်
ဒီညအမူးသောက်ကြတာပေါ့ ။။


ပျော်သလိုဖတ်ဖို့ ကဗျာ (၂)

လိုက်ဟယ်ပြေးဟယ်နဲ့
ဆုံမှတ်ကိုပြန်လည်လာ
နောင်တတွေနဲ့ အနာဂတ်တွေကို
ခေါက်ချိုးချိုးချ
သဘာဝကို လူကြီးလူကောင်းဆန်ဆန်ဖွင့်ပြရင်း
ဘဝမူးခဲ့ကြ ။

အသိအမှတ်ပြု
လက်ဝါးခြင်းရိုက်လိုက်တဲ့
နားလည်မှုဂီတလေးသက်သက်အတွက်
အခြားတစ်ဖက်မှာ
ဘာတွေဘယ်လောက်များ
ကြွေလွင့်ပျက်သုဉ်းကုန်ပါသလဲ ။

ခုန်ချဖြစ်လိုက်တဲ့
တွင်းဆုံးနက်နက်တွေမှာ
ပေးဆပ်လိုက်သယောင်တွေက
မျက်နှာဖုံးနဲ့တူတဲ့ မျက်နှာတွေမှာချီလို့
တကယ်တမ်း
ခုန်ချဖို့ထက် ပြန်ခုန်တက်ဖို့က
ပိုခက်တယ်
ပိုလိုအပ်တယ် ။

စွန့်လွှတ်ခြင်းတွေထည့်
စတေးခြင်းတွေထည့်
ကရားရေလွှတ်သလို
တတွတ်တွတ်ပြောခဲ့ကြတဲ့
ပုံပြောရာသီတွေဟာ
ပုံပြင်တစ်ပုဒ်လိုပဲ
ပြောကောင်းရုံလောက်သာကျန်ရစ်ခဲ့
မျက်မှောက်ကာလမှာ
အဆိပ်ကိုကျွမ်းကျင်နိုင်နင်းသူတွေများလာရဲ့ ။

တစ်ကောင်ထိုးကျွေးလိုက်တာဟာ
သုံးကောင်ပြန်စားဖို့တဲ့လား
မျိုးစေ့တွေကို ကျားတစ်ပွဲဆန်ဆန်
ချပစ်လိုက်ကြ
ရေသောက်မြစ်တွေမှာ တွယ်ကပ်လာမယ့်
ဂရုဏာတရားဟာ ဆန့်ဆန့်ကြီးသေလို့
လူမွှေးလူတောင်ပြောင်ဖို့လောက်သာ
အားသန်နေတော့တယ် ။

လူမှန်ရင်
လူဆန်ရမယ်ဆိုရင်တော့
အဲသမှာ…
ကျွန်တော့် တစ်ခါတစ်ရံ ကြတ်ခြေခတ်တွေ
ပျော်…သ…လို…သာ…ဖတ်…ပါ…။။

ပျော်သလိုဖတ်ဖို့ ကဗျာ (၃)

ပြေးပြေးလိုက်နေတဲ့
ရေစီးကြောင်းနောက်ကွယ်
မေ့ပစ်လိုက်ကြ
ငရုပ်သီးထောင်းနဲ့အကြမ်းတစ်ခွက်
လျှာမြက်မြက်တွေဟာ
တိုးတက်မှုကိုအရသာခံယူဖို့
ဝင်ဆန့်လိုက်ရခြင်းကိုဂုဏ်ယူဖို့
ဓါးမဦးချရဲ့ရောင့်ရဲသန့်စင်မှုကိုပါ
ချနင်းပြီးထွက်လာခဲ့ ။

ဟယ်လီကော်ပတာကိုဦးညွှတ်နေတဲ့
ပုစဉ်းတစ်ကောင်
ရထားကိုဦးညွှတ်နေတဲ့
ကင်းခြေများတစ်ကောင်
သင်္ဘောကိုဦးညွှတ်နေတဲ့
ငါးတစ်ကောင်
ဒီလို…
အမျိုးမျိုးအထွေထွေဦးညွှတ်မှုတွေဟာ
အတုယူဖန်တီးတတ်တဲ့
အစုံစုံသောလူ့ဦးနှောက်တွေရဲ့
ကြီးကျယ်ခြင်းဖြစ်တယ် ။

ဖန်တီးမှုတွေကို အရောင်တင်ပြီးတဲ့နောက်
စိတ်ဓါတ်တွေကိုပါ ဓါးလိုသွေးဖို့
ယုံကြည်ချက်တွေကိုပါ သံလိုရိုက်သွင်းဖို့
ရေစီးကြောင်းထဲမှာရောင်နီလင်းဖို့
အရိုးရှင်းဆုံး ဖြစ်တဲ့ ရိုးသားခြင်းကို
အလိုအလျှောက် ဖန်တီးယူကြဖို့
လိုအပ်နေတဲ့ မီးအိမ်တစ်လုံးဟာ
ရင်ဘတ်တွေမသိ အောင်
ရင်ဘတ်တွေထဲမှာပဲ ရှိနေခဲ့ ။

အနီးဆုံး ဝေး ခဲ့ ကြ
ပြောင်းလဲလာတဲ့ ရေစီးတွေထဲမှာ
အားစိုက်စရာမလိုဘဲ လည်ပင်းညှစ်တတ်လာကြ
ပန်းစိုက်စရာမလိုပဲ ရနံ့တွေတပျော်တပါးရှိုက်နမ်းတတ်လာကြ
လွယ်တယ်
ခုရေကြည်သောက်ချင် ခုရေတွင်းထတူးရုံ
နေရိပ်လိုချင် နေရိပ်ကပဲထိုင်စောင့်နေရုံ
တိုးတိုးပြီးတရိပ်ရိပ်တက်လာ ။

အဲဒီလိုနဲ့
မိုးအလင်းရောက်ဖို့
ညနေရီကို အသေသတ်ခဲ့
ကောင်းကင်ကို စုန်းစုန်းချုပ်ပစ်လိုက်ခဲ့
ရေစီးကြောင်းနောက်ကို
အဲဒီရေစီးကြောင်းရဲ့နောက်ကို
စိတ်ပါမလာတဲ့ကိုယ်နဲ့သာ
ပြေးပြေးလိုက်နေကြတော့ရဲ့ ။

အပျော်ပါ
ဒါတွေဟာ
ကိုယ့်ထမင်းကိုယ်စားပြီး
အားယားနေတဲ့ ခပ်အားအားကောင်တစ်ကောင်
ကိုယ့်ဒုက္ခ ကိုယ်ရှာ ခဲ့တဲ့
ခပ်စူးစူး မျက်စိ စပါးမွှေးတွေဖြစ်တယ် ။

ပျော်သလိုဖတ်ဖို့ ကဗျာ (၄)

သေးသေး ကျဉ်းကျဉ်း ပဲနေချင်လို့တဲ့
ကြီးကြီး ကျယ်ကျယ် စကားလုံးတွေကို
ကန့်လန့်ကာ လိုက်လိုက်ကာ
လေဆိုတာ
မီးလောင်ရာပင့်တဲ့အချိန်မှာ
အကြမ်းရှဆုံး ။

သူတစ်စက် ကိုယ်တစ်စက် နဲ့
ဖြစ်ခဲ့ရတဲ့ သမုဒ္ဒရာပဲ
အငွေ့ပျံ လွယ်တော့မှ
တစ်ယောက်ကို တစ်ယောက်
လက်ညှိုး မထိုးကြေး ။

မနေ့က ကောက်ယူလိုက်တဲ့ အသိနဲ့
ဒီနေ့ ကောက်ယူလိုက်တဲ့ အသိရဲ့ကြား
နောင်တတွေကို လှီးမဲ့ဓါး
ဘယ်နားက သွားရှာရမလဲ ။

အဖြစ်အပျက်က
အဲသလို
တစ်ကိုယ်လုံးက ကြွက်သားတွေ
ညှစ်ညှစ်ပြရဖို့လေးအတွက်နဲ့
နေ့စဉ် ရက်ဆက်
လေ့ကျင့်ခန်း လုပ်လုပ်နေရတာကိုက
မော တယ် ။

လာမလား လာမလားနဲ့
စောင့်နေတဲ့ သတင်းစာ
လာမယ့်လာတော့
သတင်းတစ်ပုဒ်မှပါမလာဘူး
ဒါနဲ့ပဲ
ကိုယ့်ဟာနဲ့ကိုယ်
ပျော်သလို ဖြည့်စွက် ချရေးလိုက်ရတော့တယ်ပေါ့ ။။

အိုင်လွယ်ပန်

6 comments:

MANORHARY said...

သေးသေး ကျဉ်းကျဉ်း ပဲနေချင်လို့တဲ့
ကြီးကြီး ကျယ်ကျယ် စကားလုံးတွေကို
ကန့်လန့်ကာ လိုက်လိုက်ကာ
လေဆိုတာ
မီးလောင်ရာပင့်တဲ့အချိန်မှာ
အကြမ်းရှဆုံး ...

တစ်ကောင်ထိုးကျွေးလိုက်တာဟာ
သုံးကောင်ပြန်စားဖို့တဲ့လား

အန္တရာယ်ရှိပြီဟေ့ဆိုကာမှ
ပြူးတူးပြဲတဲနဲ့
ရဲရင့်ချင်ယောင်ဆောင်ရတာအမော....

လာမလား လာမလားနဲ့
စောင့်နေတဲ့ သတင်းစာ
လာမယ့်လာတော့
သတင်းတစ်ပုဒ်မှပါမလာဘူး
ဒါနဲ့ပဲ
ကိုယ့်ဟာနဲ့ကိုယ်
ပျော်သလို ဖြည့်စွက် ချရေးလိုက်ရတော့တယ်ပေါ့ ..
..................

ပျော်သလိုဆက်စပ်ကြည့်သွားပါသည်။

စိုင်းလောဝ်ပိန်း said...

ကိုအိုက်ရေ...
ပျော်သလို ကဗျာတွေ ပြန်နွေးသွားတယ်ဗျာ။

စိမ်း... said...

ဒဿနတွေ မှတ်သားနာယူသွားပါတယ်...
ပညာသားပါတဲ့ ကဗျာတွေ...
အားကျတယ်...

လေးစားလျက်
စိမ်း

ဆောင်းယွန်းလ said...

ညီလေးရေ..
အကိုကလည်း ဒီလိုပျော်သလိုဖတ်စေချင်တဲ့ကဗျာတွေကိုမှ
နက်နက်နံနဲထိုးခွဲပြီးဖတ်ချင်မိတာ...
ဒဿနမပါရင် ကဗျာဖတ်ရတာ..ဆားပေါ့နေသလိုလို.ဘာလိုလိုဖြစ်နေတတ်တယ်..
ညီလေးကဗျာတွေကတော့ အမြဲကြိုက်တယ်..
ဘာလို့လဲဆိုတော့..အမြဲလေးနက်နေလို့ပေါ့ကွာ..

ခင်တဲ့
အကိုဆောင်းယွန်းလ

မယ်ကိုး said...

ပျော်သလိုဖတ်ချင်ပေမယ့် နင့်နင့်သီးသီးခံစားနေရ ။
ဘာပဲဖြစ်ဖြစ် ကဗျာတွေ အများကြီး ပြန်ဖတ်သွားရလို့ ကျေးဇူးပါ ... ကောင်းသောနေ့ပါရှင် =)

လင်းဒီပ said...

မနက်ဖြန်မနက်
ခေါင်းကိုက်မှာမလွမ်းလောက်ရင်
ဒီညအမူးသောက်ကြတာပေါ့ ။။

သူတစ်စက် ကိုယ်တစ်စက် နဲ့
ဖြစ်ခဲ့ရတဲ့ သမုဒ္ဒရာပဲ
အငွေ့ပျံ လွယ်တော့မှ
တစ်ယောက်ကို တစ်ယောက်
လက်ညှိုး မထိုးကြေး ။

အသိအမှတ်ပြု
လက်ဝါးခြင်းရိုက်လိုက်တဲ့
နားလည်မှုဂီတလေးသက်သက်အတွက်
အခြားတစ်ဖက်မှာ
ဘာတွေဘယ်လောက်များ
ကြွေလွင့်ပျက်သုဉ်းကုန်ပါသလဲ ။

မနေ့က ကောက်ယူလိုက်တဲ့ အသိနဲ့
ဒီနေ့ ကောက်ယူလိုက်တဲ့ အသိရဲ့ကြား
နောင်တတွေကို လှီးမဲ့ဓါး
ဘယ်နားက သွားရှာရမလဲ ။

သော့မခတ်ထားတဲ့
တံခါးတွေရှိလျှက်နဲ့
အထပ်ထပ်ပိတ်ဆို့ထားတာကိုမှ
တန်ဖိုးတကြီးဖွင့်ဖို့ကြိုးစားတာကိုက
လူ့သဘာဝလား
ဒါဆိုတစ်ခါကအဖြစ်အပျက်တစ်ခုအတွက်
ကျွန်တော့်ကိုလူလို့တစ်ခါလောက်မြင်ပါ ။

ဒါတွေဟာ
ကိုယ့်ထမင်းကိုယ်စားပြီး
အားယားနေတဲ့ ခပ်အားအားကောင်တစ်ကောင်
ကိုယ့်ဒုက္ခ ကိုယ်ရှာ ခဲ့တဲ့
ခပ်စူးစူး မျက်စိ စပါးမွှေးတွေဖြစ်တယ် ။

ကျွန်တော်လည်း ခင်ဗျားကဗျာလေးတွေကို နည်းနည်း ဆော့ကြည့်မိတယ်...။