ရင်ကို ဖွင့်ပြီး ပြန်ပိတ်လိုက်တဲ့ သီချင်း

ထိုည သည် ရက်ရာဇာ နှင့် ပြဿဒါး အလံလုကြ သော ညတစ်ည သာ ဖြစ်သည် ။
ကြယ်များ စုံလင်နေသည်မှ လွဲ ၍ အရာအားလုံး ဘာမှ ထူးထူးခြားခြား မရှိလှသော
ညလည်း ဖြစ်ပေသည် ။
သူ့ ဂီတ နှင့် သူ လင်းလက်နေသော ကြယ်များ ကိုငေးကာ
ကိုယ့် ကိုယ်ကို ခလုပ် ဖွင့် ချ လိုက် မိ သည် ...။

လူသံတွေ ငြိမ်သက်သွားတဲ့ လမ်းကြားလေးထဲ xxx ညက တစ်ဖြည်းဖြည်းအေးလာ xxx
နွေရာသီ စိတ်ကူး များထဲ လွမ်းမောရင်းနဲ့ ငါဟာမျောပါ xxxxxx
( ထူးအိမ်သင် )


အဝေးမှာ နှင်းတွေ ရှိုက်သံ သဲ့သဲ့ ကြားလိုက်ရပေါ့ ။
ဆောင်းဖွဲဖွဲ ကြား စိတ်ကူးတွေက နွေရာသီဆန်လိုက်တာ ။
အလင်းကျဲ ဖျော့ဖျော့
တစ်နေရာစာလေး
တွဲလဲခို မြက်ဖျားနှင်းစက်
ကောင်းကင်ရဲ့ ဖြန့်ချထားတဲ့ရင်ထဲ
ဂမ္ဘီရ အိပ်မက်အသေ
မယုံကြည်စရာတွေ ရှိသေးကြောင်း
ယုံယုံ ကြည်ကြည် ..။

သီချင်းသံ များနှင့် အတူ ရထားတစ်စင်း ထွက်ခွာသွား လေတယ် ။
ပြန် လည်ကာ စီးမလာတော့ မယ့် မြစ်တစ်စင်း ရဲ့ ကကြိုးမှာ အိပ်မက် အသေတွေ ကပ်ပါသွားပေါ့ ။
ဖြန့်တန်း တောင်းခံရန် လက်တစ်စုံ အတွက် ဥသြ ဆွဲသံ ရောက်မလာသေးဘူး ။
ရောက် .. မ ... လာ ... သေး ... ဘူး .....။

သားသည် မိခင် အမေ ရဲ့ အမေ တွေ အားလုံး xxxx သားသည်မိခင် အမေ ရဲ့ အမေ တွေ အားလုံး xxx
ဘယ် လို ပြောရမလဲ xxx သားနဲ့ အမေ့ရဲ့ ကြားက နေ့အသေ တွေရဲ့ အကြောင်းကို xxxx
အမေ ရေ ရှင်းမပြဝံ့ ဘူး xxxxxxx
( အယ်နောင်း )


ဘဝ မှာ ဆူးတွေ များခဲ့ပေါ့ …။
ဆူးတစ်ခါ နင်းမိတိုင်း အမိတစ်ခါ တ ပါရစေ … မေမေ ။
ဒါ ဟာ လူသားဆန်ကြောင်း မွေးရာပါ သက်သေ တစ်ရပ်ဖြစ်တယ် ။
အမေ့ ရဲ့ အေးမြတဲ့ ရင်ခွင်ထဲ အချော့ အမြူ အပွတ်အသပ် ခံချင်နေတဲ့ ကြောင်လေးတစ်ကောင်လို
ခေါင်းဝင် တိုးခွေ့ လိုက်ချင်တာ ဖြစ်တယ် ။ကိုယ့်အနာ တွေ အတွက် ကိုယ် ပြန်လည် ချွေးသိပ် အားယူ
ပစ်လိုက်တာဖြစ်တယ် ။
အထိုထို သော အကြောင်း တို့၏ ရိုးသားမှန်ကန်သော သစ္စာ တရားများကြောင့်
မေမေ ငြိမ်းချမ်း ပျော်ရွှင် အေးမြ ပါစေသား … ။

ကြယ်တွေစုံတဲ့ည xxx အဝေးအိမ်ကိုလွမ်းတယ် xxx ကြယ်တွေစုံတဲ့ည xxx ခရီးမိုင်တွေခြားစဉ် xxxx
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလည်း xxx ကျော်လွန်သွားခဲ့ရင် xxxx ဒို့ ပြန်ဆုံဦးမယ် xxx
(ထူးအိမ်သင် )


ည ဟာ ကြယ် တွေ နှင့် တစ်သွေးတစ်မွေး နှင့် လက်စို နေခဲ့ ။
အလွမ်းများ မှာ ပူလောင်ပြင်းထန်လျှက် ။ ဒီဂရီ ကို တိုင်းတာခြင်းအားဖြင့် အလွမ်းများကို
မစော်ကားလိုတော့ပါ ။သဘောရှိ မီးကုန် ယမ်းကုန်သာ လွမ်းကြပါစေတော့ ။လွမ်းဆွတ်ခြင်း ဆိုတဲ့
အခြေအနေ တစ်ရပ် ကို တစ်သက်တာပိုင်ဆိုင်ထား နိုင်ဖို့အတွက် ဘယ်သူ တစ်ဦးတစ်ယောက်က
အာမခံချက် တစ်လုံးတစ်ပါဒ လောက် လာပေးအပ်ထားလို့လဲ ။ဒီတော့ ဒဏ်ရာတွေနဲ့ ခြစ်မိ ရှမိထားတဲ့
နေ့တွေ မကျော်လွန်ခင် ၊ အဝေး က အိမ် နှင့် ပြန်လည် မထိတွေ့ သေးခင် ၊လွမ်းဆွတ်ခွင့် နက္ခတ်ကြုံတွေ့
တုန်း အခိုက်အတန့် လေး …။
အဲဒီ အခိုက်အတန့်လေးမှာပေါ့ ။
အလွမ်းတွေကို ဖြန့် ကျဲ ထားလိုက်တော့ရဲ့ ။
ကြယ် တွေ နဲ့ အပြိုင် …။

ခွာရာတွေ နာကျင်ပါစေ ခံနိုင်ရည်မွေးထား xxx အတုံ့ အလှည့်များတဲ့ ဒီမြို့ထဲ xxx
အမဲလိုက်အက စင်မြင့်ထက်က ရှုံးတဲ့ လူ လဲကျမယ် xxx အမဲလိုက်အက ခွန်အားရှိမှ
ဆု တံဆိပ်တွေ ရလိမ့်မယ် xxxxx
( မောင်မောင်ဇော်လတ် / လေးဖြူ )


ရ သလောက်တော့ လှုပ်ခဲ့ မိပေါ့ ။ လှုပ် သလောက်လည်း မြုပ်ခဲ့ ပေါ့ ။
လောက .. နွံ …။
ကိုယ်မစားရင် သူများ အစားခံရမယ်ဆိုတဲ့ တောနက်ကြီးထဲ တပ်မက်မှုတွေ သိပ်ထည့် ။
ပူလောင်မှုတွေ သိပ်ထည့် ။မသိ နားမလည်ခြင်းတွေ သိပ်ထည့် ။ သိနားလည် သယောင်ယောင်တွေ
သိပ်ထည့် ။ ဆုတံဆိပ်များ ရဲ့ အဆုံးသတ်ဟာ ဘာလဲ ။ချ နင်းထားတဲ့ သားကောင်တစ်ကောင်
ပေါ်က ခြေထောက်တစ်ဖက်လား …။ချိတ်ဆွဲခံထားရတဲ့ နံရံ တစ်ခု ရဲ့ စိတ်ကြီးဝင် ပျော်မွေ့ခြင်းလား ။
ပါးစပ်ဖျားတွေ ရဲ့ အရောင်းရဆုံး ဈေးကွက်တစ်ခုလား ။အဖြေ သိလျှက်နဲ့ မဖြေ ချင်တဲ့ မေးခွန်းတွေ
ဘဝမှာ များခဲ့တယ် ။

ဒီကမ္ဘာ ကို ဗင်းဆန့် အဆုံးထိ ချစ်သော်လည်း xxx အားလုံး နားမလည်ခဲ့ xxx
ဒုက္ခ နဲ့ တုန့်ပြန်ခြင်းသာ ရသွားခဲ့ xxx ဒီလို ရက်စက်ခဲ့ ခြင်း ကိုပြန်ပြီး xxx
အမှန်တရားအတွက် ဘဝ ကိုပြန်ပြီး စတေးသွား ရှာရင်း xxx ခွင့်လွှတ်ခဲ့လေတယ် xxx
( ထူးအိမ်သင် )


ကမ္ဘာ ကြီးအတွက် ကိုယ့် ရူးသွပ်မှု ကိုကိုယ် တစ်ဘဝလုံးစာ အရောင် တင်ပေးခဲ့ သူတွေ ဒု နဲ့ ဒေး ။
တန်ဖိုး ဆိုတဲ့ ဝေါဟာရ ကတော့ အတော်ရေပန်းစား နေရဲ့ ။
လူ တွေရဲ့ အဇ္ဇုတ္တ မှာ ပဲ အရောင်မှိန် တတ်သလိုအရောင်လည်း တောက်ပ တတ်လွန်းနေပြန်ပါရော ။
တပ်မက်ခြင်းဆိုတာ ဘယ်နှစ်ရက် တာ ဆက်လက်တောက်လောင်နေဦးမယ့် မီးညွန့်လဲ… ။
ဘယ်လောက် များ အပြောင်းအလဲ မြန်တတ်တဲ့ မီးညွန့်လဲ …။
သတိရ မှ ထထအသွေး ခံရတဲ့ ဓါး တစ်ချောင်း လိုမျိုး ထက်တစ်လှည့် တုံးတစ်လှည့် ဖြစ်ခံနေရ တဲ့
လောကမှာသေလွန် ပြီးတဲ့ အခါမှ တစ်သသ ဖြစ်ကျန်ခဲ့တဲ့ လူပေါင်းများစွာ ရှိခဲ့ကြတယ် ။
သေလွန် ပြီးမှ အမေ့ ခံ သွားကြရ တဲ့ လူပေါင်းများ စွာ လည်း ရှိ ခဲ့ ကြပေါ့ ။
တန်ဖိုး ဆိုတာ ကတော့ တန်ဖိုးထားခြင်း ဆိုတာနဲ့ ပဲ သက်ဆိုင်ခဲ့ပါတယ် … ။

လူဟာ ဘယ်လောက်ထိ အသက်ရှင်မလဲ xxx ဘယ်လောက် အများဆုံးရနိုင်မလဲ xxx အခုရထားတဲ့
လောကစည်းစိမ် ဘယ်လောက်ကြာကြာမြဲမလဲ xxx လူဟာ လောဘတရားနဲ့ ငရဲ လမ်းသွားတဲ့ xxx
ဒုက္ခ ယက်ကောင်များ xxx အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ တင်တိမ်ရောင့်ရဲကြ xxxx
(အရိုး / ဒီရာမိုရ် )


ပိတ်ကား အဖွင့်နှင့် အပိတ် အကြား အချိန်မှာ ကြာသည်ဆိုရုံ လေးပင် ဖြစ်ပါသည် ။
ထိုကြားကာလ တွင် လူးရင်းလွန့်ရင်း လှုပ်ရင်း မြုပ်ရင်း နဲ့ပင် လက်သည် ဆိုရုံမျှသော
အလင်းရောင် တစ်ချက် ကလေး အလက် ကို ရှာဖွေ ခဲ့မိသည် ။
သီကြိုးပြတ် ခရေပွင့်များ
ဆောင်းဖွဲဖွဲ ကျောကုန်းထက် နွေလို မီးလို
အမြင်အာရုံ နဲ့ ကမ္ဘာ ၊ ဝင်သက် နဲ့ ထွက်သက်
စိတ်ရဲ့ အရင်းပိုင်း နက်နက်ထံသို့
၁.. ၂ … ၃ … ၁၀ … ၂၀ ..၅၀ … ….၁၀၀ ……..
အေးစက်စက် နှုတ်ခမ်းဖျားတစ်စုံ
ထုံထုံ ကျင်ကျင် တိုးတိုး ဖွဖွ
ည …။


ကိုယ့်ကိုယ်ကို “ထောက်” ကနဲ ခလုပ်ပိတ်ချလိုက်သည် နှင့် တစ်ပြိုင်နက် ပျံ့လွင့်နေသော
သီချင်းသံများ စာသားများ အားလုံးပျောက်ကွယ် သွားပါသည်။
တိတ် ဆိတ် ငြိမ် သက် စွာ … ။
အ ရာ အား လုံး တိတ် ဆိတ် ငြိမ် သက် စွာ …. ။

တိတ်ဆိတ်ခြင်းသည်ပင် သီချင်းတစ်ပုဒ် ဟု ဆိုကြပါစို့ ။
သီ ဆိုရန် နှင့် နားထောင်ရန် အတွက် ငြိမ်းချမ်းနေသော နှလုံးသား တစ်စုံသာ လိုပါသည် ။

အိုင်လွယ်ပန်
( ရေးဖြစ်အောင် TAG သော အစ်ကိုဆောင်းယွန်း ကို အထူးပဲ ကျေးဇူးတင်ပါသည် )

9 comments:

Angel Shaper said...

အဟဲ... ပထမဆုံး လာဖတ်တာ သမီးကြီး အိန်ဂျယ်ပါဗျ။
ထူးအိမ်သင် သီချင်းပဲ သိတယ်။ အဟီးးးးးးးး
အကိုအိုင်ရေ... ကျန်တဲ့သီချင်းတွေ ဆုံဖြစ်ရင် ဆိုပြပါလားဟင်။

မယ့်ကိုး said...

နားထောင်ရန် အတွက် ငြိမ်းချမ်းနေသော နှလုံးသား တစ်စုံသာ လိုပါသည် ။ဆိုတဲ့စာသားကို နောက်ဆုံးမှာတွေလို့ အစအဆုံးနောက်တစ်ခေါက်ပြန်ဖတ်သွားပါတယ်။
စကားပြေတွေက ကဗျာဖတ်ရသလို လှမြဲ။
ကောင်းသောနေ့ပါရှင် =)

Anonymous said...

သီချင်းတွေက တကယ်ကောင်းတယ်ဗျာ စကားပြေလေး တစ်ပုဒ်ဖတ်နေရသလိုပဲဗျာ

MANORHARY said...

စကားပြေတွေက သီချင်းတွေနဲ့အပြိုင်
ပြင်း.. ရှ .. စူး ..လက် ..
ဆိုညည်းနေတဲ့သီချင်းတွေရဲ ဒါဏ်ချက်ကိုက
ပြင်း.. လွန်း... တယ်...
တေးမသီနိုင်တာကြာခဲ့သောတေးသီငှက်တစ်ကောင်ပမာ
လောကကိုထုံပေပေကြည့်နေတတ်ခဲ့ပေါ့...

စိမ်း... said...

ကောင်းလှချည်လား.... စကားလုံးတွေတောင်ဖျားသွားတယ်... :)

ဆောင်းယွန်းလ said...

သီဆိုသူနဲ့ နားထောင်သူရဲ့ အကွာအဝေးကြား
ငြိမ်းချမ်းမှုဆိုတာရှိထားခဲ့ရင် တို့...ဘယ်တော့မှ
ဘယ်လောက်မှ မဝေးကြဘူးပေါ့ ညီလေးရေ..

တခေါက်တခါဖတ်ရုံနဲ့ မလုံလောက်ဘူးထင်လို့
၂ခေါက် ၂ခါပြန်ပြီးဖတ်မိသွားတယ်ညီလေး

အပေါ်မှာပြောခဲ့သလိုပါပဲ.သီဆိုသူရဲ့စိတ်နဲ့ နားဆင်သူရဲ့စိတ် အဲဒီစိတ်နှစ်ခုက နီးနီးကလေးပါ.
နှလုံးသားကိုဖြန့်ခင်းပြီးမှ သီကြွေးတဲ့သီချင်းကို နှလုံးသားနဲ့ပဲဖြန့်ခင်းပြီးနားထောင်မှ ကြားနိုင်တယ်လေ

အခု.ဒီညဟာ ညီလေးဆိုနေတဲ့သီချင်းတွေကို အကို့အတွက် အသေအချာကြားနေရတဲ့ ညပဲဖြစ်လေတယ်...

”ဆောင်းဖွဲဖွဲကြားစိတ်ကူးတွေက နွေရာသီဆန်လိုက်တာ” အင်း...
ဒီစိတ်ကူးတွေကို ချရေးထားတဲ့ လူရဲ့ရင်ဘတ်ထဲမှာ
ဘယ်ရာသီရဲ့ပန်းတွေပွင့်နေလို့များ သူ့ရဲ့အရေးအသားတွေက ပြောင်မြောက်လှပနေပါလိမ့်..

အမှတ်တရပို့စ်ကို သတိတရနဲ့ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ညီလေးရေ...စောင့်ရကျိုးလည်းနပ်ပါတယ်....

က+ဗျာ+လှည်း said...

ဖတ်ရင်း ဖတ်ရင်း ဆယ်တန်းကျောင်းသားဘဝ ပြန်ရောက်သွားသလိုပဲ။ ကဗျာ စကားပြေကို အမှတ်ရမိလို့။
:)

ဖွင့်ဆို ချက်လေးတွေကို နှစ်သက်တယ် ကိုယ့်လူ။ ပျော်ရွှင် အဆင်ပြေပါစေ။

တင့်ထူးရွှေ said...

အားကြီး ကြိုက်တယ်ဗျာ ၊ ဒါပဲ ပြောတတ်တော့တယ် ဘရို ...

Eaindra said...

အိုင်လွယ်ရေ..

အကြိုက်တူတယ်ဟ

နက်နက်ရှိုင်းရှိုင်း
နင့်နင့်နည်းနည်းနဲ့ပေါ့.......