သံသရာ

ကားလိပ် ပွင့်သွားပုံက
ဖြည်းဖြည်း ညင်းညင်း ။

(၁)
အလင်းရဲ့ လျစ်လျူရှု ခြင်းကို
ရက်ရက်ရောရော ပေးကမ်းခံခဲ့ရတယ် ဆိုတဲ့
ကြယ်တစ်ပွင့်က
လမိုက်ညအကနဲ့ ဝမ်းသာအားရ ကခုန်ပြတယ် ။

(၂)
ရောင်နီရဲ့ ရက်စက်မှုဓါးသွားကို ကြောက်ရွံ့တယ် ဆိုတဲ့
နှင်းစက် တစ်စက်က
နေမထွက်ခင် လို့အမည်ရတဲ့
ဆောင်းသီချင်း တစ်ပုဒ်ညည်းပြတယ် ။

(၃)
ရူးမတတ် တိမ်းမူးဖူးပါတယ် ဆိုတဲ့
ရင်ခွင်ဦး တစ်စုံက
အပျော်ပါ လို့ ဆိုပြီး
နှလုံးသားကို သားရေကွင်းလို ကျုံ့ပြ ဆန့်ပြတယ် ။

(၄)
အိပ်မက်တွေ ဟောင်းခဲ့ပြီ ဆိုတဲ့
မျက်ရည်တစ်စက်က
ဒဏ်ရာတွေကို ရယ်ရယ်မောမော နဲ့
ရုပ်သေးရုပ်လို ကြိုးဆွဲပြတယ် ။

(၅)
နောက်ဆုံးမှာတော့
တစ်ချိန် တုန်းက ပြည့်ဝန်း ဝိုင်းစက်ခဲ့ပါတယ် ဆိုတဲ့
ခပ်ကွေးကွေး တစ်ခြမ်းပဲ့ လ တစ်စင်းက
ဒွိဟ တွေ ရဲ့ ယာဇ်ပလ္လင်ထက်မှာ
ကိုယ့်ကိုကိုယ် ကားစင် ပြန်တင်ပြ လိုက်တော့တယ် ။

လက်ခုပ်သံ တဖျောင်းဖျောင်းတွေအောက်
ကားလိပ် ပြန်ကျသွားပုံ ကလည်း
ဖြည်းဖြည်း ညင်းညင်း ။

ရုတ်တရက်
မီးရောင်တွေ ပြန်လက်လာခဲ့
ကြည့် ရှုနေသူများရဲ့ အရောင်တောက်တောက်
အာသီသများ ။

ထွက်ပေါ် လာသော
အစီအစဉ် ကြေငြာသံက
ကြည်ကြည်လင်လင် ပီပီသသ ။

“ယ္ခုတစ်ဖန်
အလှည့်ကျရောက် တဲ့ ပြကွက်ကများတော့ ကတော့
စောစော က ပြကွက်များပဲ ဖြစ်ပါတယ် ” ။


မှိန်ကျသွားသော မီးရောင်များဟာ
ကြည့်ရှု နေသူများရဲ့
အားအင်ကုန်ခမ်းသွားသော
မျက်ဝန်း ဖျော့ဖျော့တွေ ... ။။

အိုင်လွယ်ပန်

11 comments:

Angel Shaper said...

ကိုအိုင်...
သံသရာ ကို ပထမဆုံး လာဖတ်တယ်နော်။
တစ် ရတယ်လို့  ပြောချင်တာ အဟိ။

eaindraomtt said...

စောစောက ပြကွက်တွေ အဖန်ဖန်အထပ်ထပ်...

ဘ၀ဟာ....
မကျွတ်လွတ်နိုင်သေးတဲ့ ရထားပဲ.....
ဒုက္ခကို ငယ်သံပါအောင် ဥသြဆွဲလို့
ခုတ်မောင်း............
တစ်ဘူတာပြီး..တစ်ဘူတာ...
ခရီးသာ ဘယ်မှာဆုံးမယ်မှန်းမသိတာပေါ့...မောင်လေး

ဖုန်းမြင့် said...

မှိန်ကျသွားသော မီးရောင်များဟာ
ကြည့်ရှု နေသူများရဲ့
အားအင်ကုန်ခမ်းသွားသော
မျက်ဝန်း ဖျော့ဖျော့တွေ ... ။။


နှစ်ခြိုက်စွာ ပူးပေါင်းပါဝင် ကပြခဲ့ပါကြောင်း .. ။

စိမ်း... said...

အမြင့်စားကြီး ..
၃ ခေါက်ဖတ်ပြီး မနည်းကို နားလည်အောင်ကြိုးစားလိုက်ရတယ်... :)

Zephyr said...

ဒီကဗျာကိုသဘောကျပါတယ်။

ထင်ထားခဲ့တာကတော့ သံသရာလည်တယ်ဆိုတာ နောက်ဘ၀မှထင်ခဲ့တာ ...။
တကယ်တမ်း အခုဒီဘ၀သက်တမ်းဝက်မှာ သံသရာလည်လွန်းနေတော့ ... ဒီပြဇာတ်တွေကို ရိုးလာပြီ ...။

ပြဇာတ်ကို ဆက်မကြည့်ချင်ရင် လွတ်လပ်စွာမျက်စိမှိတ်ထားခွင့်တစ်ခုခုရနိုင်မလား ...။ အဲဒီအဖြေကိုရဖို့ ... စင်ပေါ်ကို လူတိုင်းမျက်စပစ်ပြနေတာကြာခဲ့ပါပြီ ....။

အတင်အချများလွန်းတဲ့ ကားလိပ်ရဲ့လက်မောင်းကြွက်သားတွေဖွံ့ဖြိုးလာတာကိုသာ ယဉ်ကျေးမှုလို့သတ်မှတ်ရင် ယဉ်ကျေးမှုဖွံ့ဖြိုးတဲ့ဒေသကြီးမှာ ပြဇာတ်တွေကြည့်ခဲ့ကြတာလို့ တနေ့နေ့ကြရင် ပြောခွင့်ရမယ်ထင်တယ် .....။

အခုတော့ ... ဖျာလက်မှတ်ရပြီး အိပ်စက်ဖို့ ဘ၀င်စိတ်ဝယ်မရခဲ့တဲ့ ပွဲကြည့်ပရိတ်သတ် ဘ၀တူတစ်ချို့နဲ့ စင်မြင့်ပေါ်ကို အကြည့်တွေတွန်းတင်နေရဆဲ .....။

ခင်မင်စွာဖြင့်
Zephyr

မယ်ကိုး said...

တရားလာနာသွားပါတယ်။ကြောက်စရာကောင်းပေမယ့် ဥတုရာသီက အစ လအထိ ဆွဲရေးသွားတာ လှလိုက်တာ။
ကောင်းသောနေ့ပါရှင်။=)

MANORHARY said...

...........
............
ရင်ဝမှာ...
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်။ ။
.....
(လောကရဲ့ဇာတ်ခုံမှာ
တကယ်တမ်းကျတော့ ကိုယ်တိုင်က
ပွဲကြည့်ပရိသတ်ဇာတ်ကောင်..)

လင်းဒီပ said...

အချိုရည်ကုန်နေတဲ့ ရပ်တန့်နေ့စွဲတွေအတွက် ရွေ့လျားမရ ဖြစ်နေတုန်း ဒီကဗျာနဲ့ အတွေးချင်း တိုးတိုက်မိပါတယ်..။

ဆောင်းယွန်းလ said...

“ယ္ခုတစ်ဖန်
အလှည့်ကျရောက် တဲ့ ပြကွက်ကများတော့ ကတော့
စောစော က ပြကွက်များပဲ ဖြစ်ပါတယ် ” ။

အင်း..ဟုတ်ပါ့...ဒါသံသရာစစ်စစ်ပဲပေါ့
ကဗျာဖတ်လို့ကောင်းလိုက်တာ ညီလေးရာ

သက်ထွန်းညိမ်း said...

လှတယ်ဗျာ

မြရေလျဉ် said...

ချစ်လိုက်ရတာ လို့ ပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံရဲ့ မဲ့ပြုံးကလည်း
လမ်းကြုံရင်ကြုံသလို ၀င်ဝင်ဆဲရေးသွားသေးတယ်..
နော်....