အမေ

ကိုယ့်ကိုကန်ကျောက်နေတဲ့
နီတာရဲ ခြေထောက်နှစ်ချောင်းကိုမှ
ငုံ့ငုံ့ နမ်းနေတဲ့ နှုတ်ခမ်းတစ်စုံ ။

တွန်းထွက်သွားတဲ့
သန်သန်မာမာ အတောင်အလက်တစ်ဖက်ကိုမှ
ခိုနားချင်ခိုနားစေဖို့ ဖွင့်ပေးထားတဲ့
တံခါးမရှိ ဓါးမရှိ ရင်ခွင်ဟင်းလင်းပြင် ။

ဒီနေ့ …
ရေချိုးတယ်
ဘုရားကို အာရုံပြုတယ်
ပြီးတော့ ...
ဆေးလိပ် တစ်လိပ်ဖွာတယ်
တောင်တောင် အီအီ တွေးတယ်
ဘောပင်ကိုဖွင့်
အမေ့အကြောင်း ကဗျာရေးဖို့ စလိုက်တော့
အရင်ကလိုပဲ ကျွန်တော့်မှာ စကားလုံးမရှိပြန်ဘူး ။

ပြောပြန်ရင်လည်း
အရင်ကလို
ပြုံးနေဦးမှာပဲ မဟုတ်လား အမေ ..။။

အိုင်လွယ်ပန်

13 comments:

Anonymous said...

ဘောပင်ကိုဖွင့်
အမေ့အကြောင်း ကဗျာရေးဖို့ စလိုက်တော့
အရင်ကလိုပဲ ကျွန်တော့်မှာ စကားလုံးမရှိပြန်ဘူး ။

ကဗျာအစ မီးခတ်မရဘူးပေါ့ အင်း

MANORHARY said...

အမေဆိုတာ မဖွဲ့ဖြစ်ခဲ့တဲ့ကဗျာ
မဖွဲ့နိုင်ခဲ့တဲ့ကဗျာ မဖွဲ့သီရဲတဲ့ကဗျာ ...

စိုင်းလောဝ်ပိန်း said...

အရိုးဆုံးလေး လှနေတာပဲဗျာ

နွေညို said...

နှိုင်းပြစရာ စကားလုံး မလုံလောက်ဘူး ကိုအိုင်လွယ်ရေ

မယ့်ကိုး said...

အရိုးဆုံးနဲ့ လိုရင်းအလှဆုံး ကဗျာလေး မနေ့တည်းက ဖတ်သွားတာပါ။
နက်မကောင်းလို့ မန့်မရလို့။
ကောင်းသောနေ့ပါရှင်။

HAPPY CLOUD said...

ကျနော်ကဗျာဖတ်အားနည်းတယ် ကိုအိုင်...။
ဒီကဗျာလေးဖတ်မိတော့ အရိုးရှင်းဆုံးနဲ့ အနက်နဲဆုံးအရာတွေ ရင်ထဲကို စိုက်ဝင်သွားတယ်။ အမေအကြောင်းကို မဖွဲ့နွဲ့ဖူးတဲ့ ကဗျာဆရာရှိလား လိုက်ရှာရင်တော့ ထီးဖြူပြီး ဖိနပ်ဝယ်မလောက် ဖြစ်သွားမယ်ပေါ့။ ဒါပေမယ့် အစဉ်အဆက် ဖွဲ့နွဲ့ပြီးသား ဖတ်ဖူးတဲ့တချို့ကဗျာတွေအပြင် ဒီကဗျာလေး ထပ်ဖတ်မိလိုက်တော့ လတ်တလောခံစားချက်တွေနဲ့ ငိုချင်လျှက် လက်တို့ လိုက်သလိုပါပဲ။

တကယ်တမ်း ခံစားမှုတွေတင်းကြပ်လာရင် မော်ဒန်ကျခြင်း မကျခြင်းဆိုတဲ့ ဘောင်တွေပြုတ်ထွက်ကုန်တယ်။ အခုလို အရိုးသားဆုံး ဆန်းသစ်မှုတွေဖြစ်ပေါ်တယ်။ ဒီကဗျာထဲက စကားလုံးတွေက ရိုးရိုးလေးတွေဖြစ်ပေမယ့် အမေနဲ့ပက်သက်တဲ့ ခံစားချက်တွေကတော့ ဘယ်ခေတ် ဘယ်အခါရောက်ရောက် လူသားတိုင်းအတွက် ဆန်းသစ်နေအုံးမှာပါ။

ခင်မင်လျက်...
မိုးမောင်

MieMie said...

အမေဆိုတာ သားသမီးတွေ ကို အရင်ကလည်း
ပြုံးခဲ့တယ်... အခုလည်းပြုံးမယ်... နောက်လည်း ပြုံးဖြစ်နေဦးမှာပါ... အပေါ်ဆုံးက နှစ်ပိုဒ်ကို သိပ်ကြိုက်တယ်...

mie nge

ဆောင်းယွန်းလ said...

ကိုယ့်ကိုကန်ကျောက်နေတဲ့
နီတာရဲ ခြေထောက်နှစ်ချောင်းကိုမှ
ငုံ့ငုံ့ နမ်းနေတဲ့ နှုတ်ခမ်းတစ်စုံ ။

သိပ်လှပြီးပီပြင်တဲ့အဖွဲ့ကလေးပါ...
အမေ့အတွက် အလှဆုံးဖွဲ့သီနိုင်ဖို့ အကောင်းဆုံးစကားလုံးတွေ အကိုတို့မှာမရှိကြသေးဘူး

Eaindra said...

အိုင်လွယ်ရေ..

ရိုးရိုးလေးသစ်နေတယ်

သက်ထွန်းညိမ်း said...

ကဗျာလာဖတ်တယ်ကိုအိုင်ရေ
ခုတစ်လော မအားဘူးရယ်

လင်းဒီပ said...

ကျွန်တော်တို့ ဘယ်တော့မှ ဖွဲ့လို့မဆုံးတဲ့ကဗျာ(သို့) အမေ...။

သက်ထွန်းညိမ်း said...

အမေကဗျာလေး ယူထားသွယ်ကိုအိုင်ရေ
သိမ်းထားချင်လို့ဗျာ

Unknown said...

လေးစားနှစ်ခြိုက်မိတယ်အကိုရေ....
အမေ့ကို...လွမ်းနေမိတယ်ပေါ့..။