ကိုယ်ထင်ပြသွားတဲ့ အိန်ဂျယ်လ်

အပိုင်း(၁)

မိုးစက်များ မြေပြင်ပေါ် ကို ကျဆင်းနေသည်မှာ ညင်သာလွန်းလှသည် ။မြို့ကလေးမှာ မိုးဖွဲဖွဲအောက် ရေချိုး
နေသူ တစ်ယောက် သီချင်း တစ်အေးအေး ညည်းနေသည့်ပမာ မိုးစက်ဂီတသံများနှင့်လက်ဆတ်တက်ကြွလျှက် ။ပွင့်ဖူး တစ်ယောက်
စိတ်အေးလက်အေး မုန့်တီထိုင်သောက် နေရင်းမှ မိုးစက်များကို ဘာရယ်မဟုတ်ငေးနေရင်း မြင်ကွင်းတွင်းသို့ ဝင်လာသောသဏ္ဍန်
များကြောင့်ဖျပ်ကနဲ မျက်မှောင်ကြုပ်သွား ကာ သေချာစူးစိုက်ကာ ငေးနေပြန်သည် ။မိုးဖွဲဖွဲအောက် အမိုးအကာ မပါပဲအေးအေးလူလူ လျှောက်လာသော လူသုံးယောက် မုန့်တီဆိုင်နှင့် မျက်နှာချင်းဆိုင် လဘ္ဘက်ရည် ဆိုင်ထဲသို့ဝင်သွားသောမြင်ကွင်းမှာ သာမန်အားဖြင့်
ဘာမှမထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်သော်လည်း ပွင့်ဖူး အဖို့ထိုလူသုံးယောက်မှာ ပုစ္ဆာတစ်ပုဒ်ဖြစ်နေသည်မှာ ကြာခဲ့လေပြီ ။
“ဟဲ့ .. ဘာတွေငေးနေတာလဲဟ..ငါ့ဟာငါ မိုးအေးအေးနဲ့ ကွေးနေတာကို နင်ပဲ မုန့်တီသောက်ချင်တယ် ဆိုပြီး အတင်းခေါ်လာ
ပြီး မုန့်တီ ကိုကောင်းကောင်းမသောက်ဘူး ”
။ကလျာ ၏ အသံထွက်ပေါ် လာမှ ငေးနေသော ပွင့်ဖူး တစ်ယောက် သတိပြန်ဝင်
လာသည် ။“ဟင် .. အေး .. ဒီလိုဟ … နင် ဟိုလဘ္ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေတဲ့ လူ သုံးယောက်ကိုသိလား ” ။ ပွင့်ဖူး မေးငေါ့ ပြလိုက်သော ဆိုင်ထဲသို့ ကလျာ လှမ်းကြည့်မိသည် ။ ထို့နောက် တစ်ချက်ပြုံးကာပြန်ဖြေသည် ။
အဲဒါလား … တစ်ယောက်က ကိုသက်မောင်တဲ့ ကျောင်းဆရာ၊ နောက်တစ်ယောက်ကကိုသီဟတဲ့ ဒီမြို့မှာ မိုက်ပါတယ်ဆိုတဲ့ သူတွေ
ကတောင် သူ့ တွေ့ရင် ဝေးဝေး ရှောင်တယ် ။သူက ဘယ်သူ့ကိုမှ ပြဿနာ စမလုပ်ဘူး ။သူ့ကို ထိရင် ဒါမှမဟုတ် မတရား တာတစ်ခုခု သူ့မျက်စိရှေ့ တွေ့ရင်လည်းဘယ်တော့မှ အငြိမ်မနေဘူး ။ အဲ .. နောက်ဆုံးတစ်ယောက်ကတော့ လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ
ပြောင်းလာတာ ကိုဟိန်းလတ် တဲ့ ။ကိုသက်မောင် အိမ်မှာ နေလိုက် ကိုသီဟ အိမ်မှာ နေလိုက် နဲ့ ။နင်ကဒီမြို့ပြောင်းလာတာ တစ်လ
လောက်ပဲ ရှိသေးတာ ဆိုတော့ ဘယ်သိမလဲ ။ နေစမ်း ပါဦး နင်က ဘာလို့ မေးရတာလဲ ဖူး ” ။ “ဒီလိုဟ ”
ပွင့်ဖူး က အစချီလိုက်သည် ။“မနေ့တစ်နေ့က ငါ ဒီဆိုင်မှာပဲ မုန့်တီသောက်နေတယ် ။အဲဒီ သုံးယောက်ထဲကမှ နင်ပြောတဲ့ သီဟ နဲ့ ဟိန်းလတ် ဆိုတဲ့ နှစ်ယောက်က အဲဒီလဘ္ဘရည်ဆိုင်ထဲမှာပဲ ထိုင်နေတယ် ။ အဲဒီအချိန်မှာပဲ ဝေါကနဲ ကားတစ်စီး ထိုးဆိုက်လာပြီး
ကားပေါ်ကလူ ငါးယောက် ဆင်းချလာတယ် ။အဲဒီမှာတင် ဟာ ချက်ခြင်းပဲ သီဟ ဆိုတဲ့လူက ဖျပ်ကနဲထ ဘာမပြော ညာမပြောနဲ့
လဘ္ဘက်ရည်ဆိုင်ထဲက ခွေးခြေနဲ့ အဲဒီဆင်းလာတဲ့ ငါးယောက်ကို တစ်ဖျောင်းဖျောင်း ဝင်ရိုက်ပါလေရော သုံးယောက်ကတော့
နေရာမှာတင် ပုံကနဲပဲ ။အဲ .. ကျန်တဲ့ နှစ်ယောက်ထဲက တစ်ယောက်က သီဟဆိုတဲ့ လူကို ခုန်အုပ် ပြီး လုံးထွေး သွားကြတယ် ။ပြီးတော့ သီဟဆိုတဲ့လူက အပေါ်စီး ရသွားပြီးအောက်ကလူ ကိုဆင့်ဆင့်ပြီးထိုးတယ် ။နောက်တော့ နောက်ဆုံးငါးယောက်ထဲက ကျန်တဲ့
တစ်ယောက်က ခွေးခြေ ကိုင်ပြီး သီဟ နား တရွေ့ရွေ့ ကပ်လာတယ် ။အဓိက ပြောချင်တာ က နင်ပြောတဲ့ ဒီရောက်လာတာ
ခြောက်လလောက်ပဲ ရှိသေးတယ်ဆိုတဲ့ ဟိန်းလတ်ဆိုတဲ့လူပဲ ။ဒီလောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာတောင်ဟာ နေရာက တစ်စက်
ကလေးမှ မထပဲ အေးအေးဆေးဆေး ကြည့်နေနိုင်လိုက်တာဟယ် ။ဟိုလူ ခွေးခြေ ကိုင်ပြီး သီဟနား ကပ်လာတော့မှ ထပြီး ဟေးကနဲ လှမ်းအော်တယ် ။ခွေးခြေ ကိုင်ထားတဲ့လူ လှမ်းအကြည့် အဲဒီဟိန်းလတ်က သူ့လက်ထဲ ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့
ဖန်ခွက်နဲ့ ဟိုလူ့မျက်နှာကို လှမ်းပစ်လိုက်တာ တစ်ချက်တည်း ။ ဟိုလူလဲ မျက်နှာကိုလက်နဲ့အုပ်ပြီး ဒူးထောက်လျှက်သားကျသွားတာပေါ့ ။
ဟိုလူ့ မျက်နှာဆိုတာ ဟာ သွေးတွေမှ ရဲကနဲပဲ ။ပြီးတော့ ဟိန်းလတ်ဆိုတဲ့သူက ကောင်တာကိုသွား ဖုန်းကိုင်ပြီး ဖုန်းဆက်တယ် ။
လဲနေတဲ့ လူငါးယောက်ကတော့ လှိမ့်လို့။သူတို့ကို တင်လာတဲ့ ကားကတော့ မောင်းပြေးသွားတယ် ။မကြာဘူး ခဏနေတော့ ရဲတွေ
ရောက်လာပြီး လဲနေတဲ့လူတွေကော ဟိန်းလတ် နဲ့ သီဟ ဆိုတဲ့ သူတွေကော ခေါ်သွားတယ် ။အဲဒီ သီဟ ဆိုတဲ့ လူကော ဟိန်းလတ်
်ဆိုတဲ့ သူကောရဲ့ ပုံစံတွေက ဟယ် စောစောက ရန်ဖြစ်ခဲ့တာ သူတို့ မဟုတ်တဲ့ အတိုင်းပဲ ၊ ရဲကားပေါ် ကို အေးအေးလူလူ တက်လိုက်သွား
တဲ့ ပုံစံတွေ နင့်ကို ပြလိုက်ချင်တယ် ။တကယ့်ကို သူတို့ ဖာသာ အိမ်ပြန်သွားတဲ့ ပုံစံမျိုး ရယ်လိုက် အချင်းချင်းစကားပြောလိုက်နဲ့။
အဲဒါကြောင့် ဒီလူတွေ ဘယ်လိုမျိုး လူတွေလဲ လို စိတ်ဝင်စားပြီး နင့်ကို မေးမိတာ ဟဲ့ ကလျာမ ရဲ့”။
ပွင့်ဖူး တစ်ယောက် သူ့စကားကို အဆုံးသတ်လိုက်ရင်း ရေနွေးပူပူ တစ်ခွက်ကို မှုတ်သောက်လိုက်သည် ။ကလျာ က သူ့မုန့်တီ ပန်းကန် ကို ဘေးသို့တွန်းရွှေ့ လိုက်ရင်းက“အေးဟဲ့ .. အဲဒီ သတင်း မနေ့က ဖေဖေ ပြောပြလို့ သိပြီးသွားပြီ ။အဲဒီ ကားနဲ့ လာတဲ့သူတွေက ဟိုဘက်မြို့က
ဦးဟန်ထွန်းရဲ့ တပည့်လူမိုက်တွေ ဟ ။ဦးဟန်ထွန်း ဆိုတာကလည်း နင်ကြားဖူးမှာပေါ့ ။ဒီ နယ်တစ်ခုလုံးမှာ နာမည်ကြီးပဲ ။အဲဒါ
မဟုတ်မခံတတ်တဲ့ ကိုသီဟနဲ့ ဘယ်နေရာမှာ ဘယ်လို ပြဿနာ ဖြစ်ခဲ့လည်း မသိဘူး ။အဲဒီ ကိစ္စမှာ ကိုသီဟနဲ့ ကိုဟိန်းလတ် ဘက်က ကိုသက်မောင် တို့အဖေ ဦးမြင့်မောင်က အပြည့်အဝ အာမခံချက်ပေးတော့ ရဲစခန်းက အာမခံပေးထားတယ် ကြားတာပဲ ။ဦးမြင့်မောင်က
ဒီမြို့ မှာ အချမ်းသာဆုံး ကောင်းသတင်းအထွက်ဆုံး မဟုတ်လား ”။
ကလျာ ၏စကားအဆုံး ပွင့်ဖူး ၏ အသံ အတန်ကြာ တိတ်ဆိတ် နေခဲ့သည် ။ထို့နောက် “အမှန်အတိုင်း ပြောရရင် ငါ သူတို့ သုံးယောက်နဲ့ ဒီမြို့ကိုပြောင်းလာတဲ့ တစ်လတာ အတွင်း
မှာ ခဏ ခဏ ဆုံခဲ့ဖူးတယ် ။အထူးသဖြင့် ဟိန်းလတ်ဆိုတဲ့ လူ ၊ သူ့ မျက်ဝန်းတွေမှာ နင့်နင့် စူးစူး တစ်ခုခုကို ခံစားနေရတဲ့ပုံအမြဲပေါက်ပြီး
မှုန်မှိုင်းနေတာပဲ ။သူက အရင်က ဒီမြို့က မဟုတ်ဘူးလား” ။ “မဟုတ်ဘူး ဟ ”
ကလျာက ဖြေသည်“သူကရန်ကုန်
က ၊ ကို သက်မောင်တို့ ကို သီဟ တို့ကလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ဒီမြို့ကိုပြန်လာကြတာ ။အရင်က သူတို့ကလည်း မူလတန်း လောက်ကတည်းက ရန်ကုန်မှာ ကျောင်းသွားတက်နေကြတာ ။ရန်ကုန်မှာတုန်းကသူတို့က အချစ်ဆုံး သူငယ်ချင်းတွေ လို့ပြောတာပဲဟ ။
ငါနဲ့ ကို သက်မောင်က အမျိုးမကင်းဘူး ။ကိုသက်က သူ့အဖေ ချမ်းသာပြီးသား ဆိုတော့ ကျောင်းဆရာဝင်လုပ်တာက ထားပါ။ကိုသီဟက
ရန်ကုန်အထိ ငယ်ငယ် ကတည်းက တစ်ကူးတက ကျောင်းသွားတက်ပြီးကာမှ သူ့အဖေဆုံးသွားတော့ လက်ငုပ်လက်ရင်းဖြစ်တဲ့
ကားဝပ်ရှော့ ကို ဆက်ပြီး ဦးစီးနေတာ ခုထိပဲ ။အထူးဆန်း ဆုံးကတော့ ကိုဟိန်းလတ်ပဲ ။သူက အရင်ကဘာအလုပ်လုပ်ခဲ့တယ် အခု
ဘာလုပ်နေတယ် ဆိုတာ ကိုသက်နဲ့ ကိုသီဟက လွဲရင် ဘယ်သူမှ မသိဘူး ။ကိုသက်ကို ငါတစ်ခါတော့မေးကြည့်ဖူးတယ်။ကိုသက်က
လည်း မပြောပြဘူးဟ ။နောက်ကြုံ ရင်သူတို့နဲ့ ငါနင့်ကို မိတ်ဆက် ပေးမယ် နင့်အတွက် ရေးစရာ ဇာတ်လမ်း တစ်ပုဒ်ရတာပေါ့ နင်လည်း
နင့်အဖေ ဒီမြို့ တာဝန်ကျ မှပဲ ရောက်လာတော့တယ် ။ကျောင်းပြီးကတည်းက ငါ့ဆီ ခဏတဖြုတ် လာလည်ဖော်တောင်မရဘူး ”။
ကလျာ ၏ ပြုံးစစ မျက်နှာပေး ကို ပြန်လည်ပြုံးပြလိုက်ရင်း ပွင့်ဖူး တစ်ယောက် အတွေးများ မျောလွင့်လျှက် ရှိနေသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂)

ပညတ်တစ်ခု သူ့တစ်ကိုယ်လုံး အစွမ်းကုန် ပွင့်အာ ပေးနေသည်ဆိုလျှင် ထို အရာသည် နေရောင်ခြည်
တစ်စွန်းတစ်စနှင့် လှပစိုစွတ်နေသော မိုးရာသီနံနက်ခင်း တစ်ခုဖြစ်ပါသည် ။အိပ်ယာထကာစ မြို့ကလေး၏ အစွန် ကားဝပ်ရှော့ ခြံထဲတွင်
နံနက်ခင်းနှင့် အတူ ရင်ခေါင်းထဲမှ ထွက်လာသော လတ်ဆတ်သော မာန်သွင်းသံများ ပဲ့တင်ထပ်နေသည်။ခန္ဓာကိုယ် လှုပ်ခတ်လိုက်တိုင်း
နေရောင်ခြည် နှင့် အပြိုင် သီဟ ကိုယ်ပေါ်က ချွေးစက်များ ဖွာဖွာကျ လာကြသည် ။ဟိန်းလတ် တစ်ယောက် လက်နက်မဲ့ သိုင်းပညာရပ် တစ်ခုကို ပုံဖော်ကစားနေသည့်သီဟ ၏ လှုပ်ရှားပုံများကို အေးအေးလူလူ ထိုင်ကြည့်နေသည် ။ငယ်ငယ် ကတည်းက စောစောထကိုယ်
လက်လှုပ်ရှားမှုလုပ်တတ်သော အမူအကျင့်မှာ သီဟ ၏ မပြတ်သော ထုံးစံ တစ်ခု ဖြစ်သည် ။အတန်ကြာ မှ ကစားနေသည်ကို အဆုံး
သတ်ပြီး ထိုင်နေသော ဟိန်းလတ်ရှိရာသို့ သီဟ လျှောက်လာရင်း လှမ်းမေးလိုက်သည် ။“ ဘယ်လိုလဲဟ ငါ့ကောင်ရ စောစော
စီးစီး နိုးလို့ပါလား ” ။
ဟိန်းလတ်က ပုခုံးကို တွန့်ပြလိုက်ရင်း“အိပ်ချိန် တွေ ပေါ နေရင် အိပ်ချင်တဲ့ ဆန္ဒ ကို သိပ်ပြီး
မတပ်မက်ကြတာ လူ့သဘာဝပဲ ကွ ”
ဟိန်းလတ် စကားဆုံးလျှင် ဆုံးချင်း “သြော် .. မင်းကလူကိုး ၊သိပါဘူးကွာ ” ပြောင်စပ်စပ်ဖြင့် သီဟက လှမ်းနောက်လေသည် ။“လူရယ်လို့ ဖြစ်လာတဲ့နောက်တော့ လူပဲပီသ ချင်ပါတယ်ကွာ ။ ဟေ့ကောင် ၊ ခုန်လို့ပေါက်လို့ ပြီးရင်လည်း လဘ္ဘက်ရည်ဆိုင်သွားမယ် ၊ ဗိုက်ဆာတယ်ကွ ”။ ဟိန်းလတ် သီဟကိုလှမ်းပြော လိုက်စဉ်မှာပင် ပတ်ဝန်းကျင် တွင်မိုးရိပ်များ အုံ့မှိုင်း လာပြန်သည် ။နှစ်ယောက်သား လဘ္ဘက်ရည်ဆိုင်ရှိရာ မြို့ထဲသို့ လျှောက်လာခဲ့
ကြသည် ။“လိုက်လျောညီထွေ ဆိုတဲ့စကားကို မင်းဘယ်လို အဓိပ္ပါယ် ရလဲ ” သီဟက လှမ်းလျှောက်နေရင်းမှ
ကောက်ကာငင်ကာ ထမေးလိုက်သည် ။ဟိန်းလတ် တစ်ချက်ပြုံးလိုက်သည် ။“တစ်ခါတလေ လိုအပ်တယ် ၊ တစ်ခါတစ်လေ မလိုအပ်ဘူး ။ အဲသလောက်ပါပဲ” ဟိန်းလတ်၏အဖြေအဆုံးတွင် သီဟ ၏ မကျေနပ်သံ ထွက်ပေါ်လာသည်
“ဘာလဲ ကွ မင်းအဖြေက ၊မတင်မကျနဲ့” “ဒီလိုကွာ”
ဟိန်းလတ် ၏ စကားသံမှာ ဖြည်းဖြည်း လေးလေး ပီပီသသ ။“မင်းဆိုရင် တတ်နိုင်သလောက် မင်းပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ နေတယ် ။အဲ .. ဟိုဘက်မြို့ က ဦးဟန်ထွန်းက
မင်းတပည့် လေး မောင်ဖြိုးကို မတရားလုပ်တော့ကျ မင်းမခံနိုင်ဘူး ။ဒီလူကြီးနဲ့ လိုက်လျောညီထွေ မင်းမနေနိုင်တော့ဘူး ။မင်းက မင်းမှန်တယ်ထင်တဲ့ မင်းတရားတယ်ထင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းတယ် ။အဲဒီတော့ ဒီလူကြီးက မင်းကိုဒေါသထွက်လာတယ် ။ဒီလူကြီးက လူတွေလွှတ်ပြီး မင်းကို တီးခိုင်းတော့ အဲဒီအခါမှာလည်းအဲသလိုပဲ ။ဒီလူတွေကားပေါ် က ဆင်းလာလာခြင်းမှာပဲ ကိုယ့်ကို သမ မဲ့ကောင်တွေမှန်းသိနေနှင့်တဲ့ မင်းက ဘယ်သူမှ မမျှော်လင့်တဲ့ အချိန်မှာ လက်ဦးမှု ယူပြီး မင်းက စ သမ တယ် ။အရေးအကြောင်း
ကြုံလာတော့ မင်းမနက်တိုင်း ကျင့်ကျင့်နေတဲ့ မင်းရဲ့ လက်နက်မဲ့ ကိုယ်လုံပညာရပ်ထက် လဘ္ဘက်ရည်ဆိုင်က ခွေးခြေက မင်းနဲ့ လိုက်လျောညီထွေ ပိုဖြစ်နေပြန်ရော။ ဆိုတော့ကာလိုက်လျောညီထွေဆိုတာ မင်း လိုက်လျောညီထွေနေဖို့ ကြိုးစားလိုက်ပြီဆိုကတည်းက
လိုက်လျောညီထွေ မဖြစ်နိုင်တော့တဲ့ အရာကွာ ။ဒါကြောင့် အဲဒီအရာ ဟာ တစ်ခါတစ်လေ လိုအပ်တယ် ၊တစ်ခါတစ်လေတော့လည်း
မလိုအပ်ဘူး ။မင်းဒီမေးခွန်းကို အစချီလိုက်ကတည်းက မင်း အဓိက ငါ့ကို ဘာပြောချင်လဲ ငါသိတယ် သီဟ။သက်မောင်လည်း အမြဲတမ်း ငါနဲ့ ဆုံရင် မင်းလို စကားရိပ်တွေ သန်းနေကျပဲ ။ မင်းတို့နှစ်ကောင်ရဲ့ စေတနာကို ငါနားလည်တယ် ။ကျေးဇူးလည်းတင်တယ် ။
ခက်တာက စိတ်ဆိုတာ အနာတရဖြစ်သွားရင် ပြန်ကောင်းဖို့အတွက် အချိန်ယူ ရတယ် ။အချိန်ယူနေတာတောင်မှပဲ ပြန်ကောင်းဖို့မသေချာ
ဘူး ။ ဘဝဟာ ခဏပါ ကွာ ။ဒါပေမယ့် မအေးချမ်းနိုင်သမျှ ငါတို့ ထမ်းထားရတာတွေ လေးနေ ဦးမှာပဲ ။ငါတို့ သိနေတဲ့ အသိတွေဟာ လည်းသိနေရုံသက်သက် ကလွဲလို့ လက်တွေ့ အေးချမ်းအောင် မနေနိုင် မကျင့်နိုင် သမျှ ကတော့ပူနေဦးမှာပဲ ကွ ။အဲသလိုပဲ ငါသိ
နေတယ် ။အခုလို ဖြစ်နေတာ မကောင်းဘူး မဖြစ်သင့်ဘူးဆိုတာလည်းသဘောပေါက်တယ် ။ဒါပေမယ့် မနေနိုင်တာကြီးကို နေနိုင်ယောင်
ဆောင်နေရတာ ထက်စာရင်အခုအနေအထားက ငါ့အတွက် အသက်ရှု ဝ နေတယ်ကွာ ။အဲဒီအတွက် မင်း ငါ့ကို သူ့သံပတ်နဲ့ သူ
သွားနေတဲ့ အရုပ်တရုပ်လိုပဲ အေးအေးဆေးဆေး ကြည့်နေလိုက်ကွာ ။သံပတ် ကုန်ရင် ငါ ရပ်သွားပါလိမ့်မယ် ။ဟုတ်ပလား”

ဟိန်းလတ် စကားများ ဆုံးသွားသော်လည်းသီဟ အတန်ကြာ ငြိမ်သက်နေသည် ။“ဟိန်းလတ်ရာ ” ။ သီဟ ရင်ထဲမှာတော့ တိုးတိုးဖွဖွ အော်နေမိသည် ။မိုးကလေးများ ဖွဲဖွဲ ကျလာသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၃)

ကမ္ဘာ လည်နေသည် ။ရာသီ လည်နေသည် ။အချိန်များ လည်နေသည် ။အရာအားလုံး လည်း သူ့နေရာနှင့်သူ တစ်မျိုးစီ လည်ပတ်နေကြပါသည် ။ပွင့်ဖူး ရှေ့တွင် ထိုင်နေသော ဟိန်းလတ် ၏ ပုံစံမှာ ထုံးစံမပြတ် အေးတိ အေးစက်။ ဟိန်းလတ် နှင့်
အမှတ်မထင် တွေ့ဆုံ ရင်းနှီးခဲ့ပုံများ ကို ပွင့်ဖူး ပြန်စဉ်းစား နေမိသည်။ထိုနေ့က သူမ ၏ ကဗျာတစ်ပုဒ် ပါလာသော မဂ္ဂဇင်း ရောက်ပြီ
ဖြစ်ကြောင်း မှာထားသော စာအုပ်ဆိုင် မှ ဖုံးဆက်သဖြင့် အဖေမသိအောင်မိုးရွာထဲ တွင် ဆိုင်ကယ်ဖြင့် ခိုးထွက်အလာ လမ်းတွင် ဆိုင်ကယ်မှောက်သည် ။မိုးရွာနေသောအချိန်လူရှင်းနေသောအချိန်လည်း ဖြစ်သဖြင့် ကိုယ်ပေါ်ပိနေသော ဆိုင်ကယ်ကို ထူမတ်ကာ
ထလာဖို့ဆိုသည်မှာ ပွင့်ဖူး အဖို့ မှုန်ဝါးဝါး ဆုတောင်း တစ်ခုမျှသာ။ ထိုအချိန်တွင်ဟိန်းလတ် တို့ သုံးယောက်နှင့် တိုးကာ ဆေးရုံ ပို့ပေးခဲ့ကြသည် ။ပွင့်ဖူး အံ့သြ မိသည်မှာ ဟိန်းလတ်ဆိုသောသူသည် ဆိုင်ကယ်ပိသော ဒဏ်ကြောင့်စုတ်ပြတ်လု နီးပါးဖြစ်နေသော ပွင့်ဖူး ခြေထောက်တစ်ဖက် ကို အရေးပေါ် ကုသ နည်းများဖြင့် စနစ်တကျ သွေးထွက်မလွန်အောင် မိုးထဲရေထဲ တားဆီးပေးနိုင်
ခဲ့ခြင်းပင် ။ထို့နောက် သက်မောင် ညီမ တစ်ဝမ်းကွဲ ၏ သူငယ်ချင်းမှန်း သိလာပြီးနောက်ပိုင်း ဆေးရုံ တက်စဉ်တောက်လျှောက်
တွင်လည်း ပုံမှန် လာရောက် တွေ့ဆုံခဲ့ သည် ။ပွင့်ဖူး တစ်ယောက် ကျေးဇူးတင်ကြောင်း ပြောသည့်အခါတွင် “ကျွန်တော်က
အရင်က ရှေးဦးသူနာပြု သင်တန်းမှာ ပထမရခဲ့ တာဗျ ။ အဲဒါကြောင့် ဖူး ကံကောင်းသွားတာ”
ဟု ဟိန်းလတ်က
ပြန်ပြောသည့် အမူအရာတွင် တွေ့နေကျထက် ပိုသော မှုန်မှိုင်းခြင်းတစ်မျိုး
ဟိန်းလတ် မျက်နှာပေါ်တွင် ပွင့်ဖူး တွေ့လိုက်ရသည် ။လေးလကျော်နောက်ပိုင်းတွင် သူက ကိုယ်နှင့် မုန့်တီ လိုက်သောက် ကိုယ်က သူနှင့် လဘ္ဘက်ရည်ဆိုင် လိုက်ထိုင် သောအခြေအနေထိ ရင်းနှီးမှုတိုးတက်လာခဲ့သည်။သူ့ အကြောင်း ကိုမေးသည့် အခါ တွင်လည်း
စကားလှပစွာ ရှောင်ထွက် သွား တတ်သော ဟိန်းလတ် ၏ စကားတတ်လှပုံကို မဂ္ဂဇင်းများတွင် တစ်ပုဒ်စ နှစ်ပုဒ်စ ပါဝင်နေရာယူလာပြီ ဖြစ်သော ကဗျာဆရာမ ပေါက်စ ပွင့်ဖူး ပင် လက်ဖျား ခါရလေသည် ။“ဖူး ..ဘာတွေ စဉ်းစားနေတာလဲ ” ဟိန်းလတ် ၏ စကားသံကြားမှ ပွင့်ဖူး ၏ အတွေးစများ တိကနဲပြတ်တောက်သွား သည် ။“ ဘာရယ်မဟုတ်ပါဘူး ကိုဟိန်း ရယ် ၊ ဒီလိုပါပဲ ” ပွင့်ဖူး ၏ စကားသံအဆုံး တွင် ဟိန်းလတ် ပွင့်ဖူး မျက်နှာကို စိုက်ကြည့်လိုက်သည် ။သူ့မျက်နှာ တွင် လည်း လေးနက်မှုတို့အတိုင်းသား ထင်ဟပ်နေသည် ။ထို့နောက် ဟိန်းလတ်ထံမှ စကားသံထွက်ပေါ်လာသည် ။“မနက်ဖြန် ကျရင်
လဘ္ဘက်ရည်ဆိုင် ထိုင်တဲ့ အချိန်ကျ ဖူး ကို ကျွန်တော် စကားပြောစရာရှိတယ်” ။
ကိုယ့် ရင်ခုန်သံကို ကိုယ် ပွင့်ဖူး တစ်ယောက် ပီပီ သသ ပြန် ကြားလိုက်ရသည် ။အတန်ကြာမှ အလိုလို ငုံ့မိလျှက်သားဖြစ်နေသော ခေါင်းကို မော့ပြီး စကားပြန်ပြောရန်ကြည့်လိုက်
သောအခါ ထိုင်နေသောနေရာတွင် ဟိန်းလတ်ရှိ မနေတော့ပါ ။ဆိုင်အပြင်ဘက်သို့ ကမန်းကတမ်း ကြည့်လိုက်သော အခါတွင်မူ ခပ်
အေးအေး လမ်းလျှောက်ထွက်ခွာသွားသော ဟိန်းလတ် ၏ကျောပြင်ကို မြင်လိုက်ရ လေတော့သည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၄)

နှင်းဖွဲဖွဲ နှင့် မနက်ခင်း သည် ဖြူလွလွ နှင့် ကပိုကရို လှနေ သည် ။သဘာဝ တရား ၏ လက်ရာမြောက် ပန်းချီ
ကားချပ် တစ်ချပ်ထဲတွင် နံနက်ခင်း တစ်ခု ရင်ခုန်နေသော ကောင်မလေးတစ်ယောက်နှင့် မှိုင်းနေသော မျက်ဝန်းအစုံတို့ ပိုင်ဆိုင်သော
ကောင်လေး တစ်ယောက် ပါဝင်ခဲ့ဖူးပါသည် ။စားပွဲ ပေါ်ရှိ လဘ္ဘက်ရည်ခွက်ထဲမှ လဘ္ဘက်ရည် များ အငွေ့ တစ်ထောင်းထောင်း ထနေကြ
သည် ။ပွင့်ဖူး ၏ နှလုံးသားနှင့် အနီးဆုံး အနွေးထည် ၏ ဘယ်ဘက် အိပ်ကပ်ထဲတွင် သွေးစွန်းနေသောလက်ကိုင်ပဝါလေးတစ်ထည်သူမ ထံတွင် အဆင်သင့် ရှိနေပါသည် ။ထိုလက်ကိုင်ပုဝါလေးမှာ သူမ ဆိုင်ကယ်မှောက်သောနေ့တွင်သူမခြေထောက်အားစည်းနှောင်ပေး
ခဲ့သော ဟိန်းလတ် ၏ လက်ကိုင်ပဝါ လေးဖြစ်သည် ။“ဖူး ကျွန်တော်ပြောတာ သေသေချာချာလေး နားထောင်ပေးပါ ” ဟိန်းလတ်ထံမှ စကားသံ ။“ကျွန်တော့် ဘဝမှာ အမြတ်နိုးရဆုံး မိန်းကလေးတစ်ယောက် ရှိခဲ့တယ်” ။
ပွင့်ဖူး ၏ နားရွက်ဖျားလေး နွေးထွေးလာသည် ။ဟိန်းလတ် ထံမှ စကားသံကို အသက်အောင့်ကာ နားထောင် နေမိသည် ။
“သန်ဘက်ခါ ဆိုရင် အဲဒီ ကျွန်တော့် ချစ်သူရဲ့ မွေးနေ့ ရောက်ပြီ အဲဒီအတွက်ကျွန်တော် မနက်ဖြန် ရန်ကုန် ပြန်ရလိမ့်မယ် အပြီး ဖြစ်ချင်လဲ ဖြစ်သွားလိမ့်မယ် ဖူး ။ ” ပွင့်ဖူး နားထဲတွင် မိုးထစ်ချုန်းသလိုအကျယ်ကြီး မြည်ဟီးသွားသည် ။အိပ်ကပ်
အတွင်းမှ လက်ကိုင်ပုဝါလေးမှာ တဆတ်ဆတ် တုန်နေသယောင် ထင်ရသည် “ ကျွန်တော် ဒီမြို့မှာ နေခဲ့ ထိုင်ခဲ့တဲ့ တစ်နှစ်တာ နီးပါးအတွင်းကျွန်တော့် အပေါ် ပေးခဲ့တဲ့ နားလည်မှုတွေအတွက် ကျေးဇူး အရမ်း တင်ပါတယ်” ။နားတွေ ထုံထိုင်းဆွံ့အ ကုန် သလို ဟိန်းလတ် ဆက်ပြောသွားသည့် စကားများမှာ မကြားရတစ်ချက် ကြားရတစ်ချက် ။ဆိုင်မှ ခွဲခွာကာ ထလာပြီး သည် အထိပွင့်ဖူး တစ်ယောက် စိတ်နှင့် ကိုယ်နှင့် မကပ် ။ လေထဲမှာ လွင့်နေသူ တစ်ယောက်ပမာ ။မပြဖြစ်ခဲ့သော သွေးစွန်းနေသည့်
လက်ကိုင်ပုဝါ လေးတစ်ထည် ရှိခဲ့ဖူးကြောင်း နှလုံးသား ကလွဲ၍နားဆင် ပေးမည့်သူ မရှိ ။
မပေးဖတ် ဖြစ်တော့သော ကဗျာ တစ်ပုဒ်တွင် ဝိဥာဉ်တစ်ခု ကပ်ပါသွားခဲ့ပါသည် ။
နှင်းဖွဲဖွဲထဲတွင် ဖြစ်သည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၅)

ကံကြမ္မာ သည် တစ်ခါတစ်ရံတွင် ပိရိ သေသပ်သော ပဉ္စလက် တစ်ရပ်ပိုင်ဆိုင်ပါသည် ။မှောက်ထားသော
ဖဲတစ်ချပ် လေတစ်ချက် အယိမ်းတွင် ဆတ်ကနဲ လန်သွားပုံမှာ သော့ခတ်ထားသော သေတ္တာတစ်လုံး ဖြည်းဖြည်းပွင့်လာသည့်ပုံမျိုး
“ကိုသက်မောင် ကျမ ကို ပြောချင်တယ်ဆိုတာက ”ပွင့်ဖူး ၏ အသံမှာ တည်ငြိမ်နေသည် (သို့မဟုတ်) တည်ငြိမ်
ချင်ယောင် ဆောင်နေသည် ။“ဟိန်းလတ် တစ်ယောက် မနေ့က ပြန်သွားတယ်”သက်မောင် ၏စကားကို ပွင့်ဖူး
ဖြတ်ပြောလိုက်သည်။ “အဲဒါ ကျမ သိပြီးသားပါ ”သက်မောင် တစ်ယောက် သက်ပြင်းချ လိုက်သည် ။
“ကျွန်တော် ပွင့်ပွင့် လင်းလင်းပဲ ပြောတော့မယ်ဗျာ မနက်က ကျွန်တော့် ညီမ ကလျာ တစ်ယောက် ကျွန်တော်ဆီလာပြီး ရန်တွေ့သွား
တယ် ။ဟိန်းလတ်နဲ့ ပတ်သတ်ပြီး တော့ပေါ့ ။တကယ်လို့များကျွန်တော့် သူငယ်ချင်းက ပွင့်ဖူးအပေါ် မှာ စိတ်ဒုက္ခ ရောက်စေ ခဲ့သလို
များဖြစ်ခဲ့ရင်ကျွန်တော် တောင်းပန် ပါတယ် ။သူ ပြန်ခါနီး ကျွန်တော့် ကို စကားတစ်ခွန်းပြောခဲ့ တယ်ဗျာ ။တကယ်လို့သာ သူ့ဘဝမှာ
ဝေလေး သာ မရှိ ခဲ့ရင် ပွင့်ဖူး ကို သူ ချစ်ခွင့် ပန်မိမှာ သေချာတယ်တဲ့ ”
ပွင့်ဖူး နှုတ်ဆိတ်စွာ နေနေမိသည် ။ သက်မောင် ၏ စကားသံ ဆက်လက်ထွက်ပေါ် လာသည် ။“ကျွန်တော် အခုစကားတွေကို ဟိန်းလတ်ကို သူ့အကြောင်း ပြန်အစ မဖော်ပါဘူးလို့ ကတိ ခံထားပြီးကာမှပွင့်ဖူးအနေ နဲ့ သူ့အပေါ်ကို တစ်မျိုးမမြင်စေချင် တာက တစ်ကြောင်း သိသင့်တယ် ထင်တာက တစ်ကြောင်းကြောင့်
ပြောဖြစ်တာပါ ။ဒီကောင် ရဲ့ ပါးစပ်က ဝေလေး နာမည်ပြီးရင် အရေးတယူ ပြောသံကြားရတဲ့ နာမည်က ပွင့်ဖူး ရဲ့ နာမည်ပဲ ။
ပြောရရင် ဒီကောင်ရယ် ကျွန်တော်ရယ် သီဟရယ်က ငယ်ငယ် ကတည်းက ကျောင်းနေဖက်တွေဗျာ ။ငယ်ငယ်ကတည်းက ကျွန်တော်တို့ သုံးယောက်က ဘာပြဿနာ ပဲဖြစ်ဖြစ် အရမ်းကို သွေးအေးတတ်ကြတယ် ။ကျွန်တော်တို့ ထဲမှာမှ ဒီကောင်ကသွေးအအေးဆုံး ။အတည်
ငြိမ်ဆုံး ။ကျွန်တော် တို့ နှစ်ယောက်လုံးက လက်ဖျားခါ ရတယ် ။တက္ကသိုလ် ကျတော့ ကျောင်းခြင်း မတူကြ တာတောင် သုံးယောက်လုံး
ကတစ်တွဲတွဲပဲ ။ ကျွန်တော်က ဝိဇ္ဇာ ရိုးရိုး ဆိုတော့ ကျောင်းအရင်ဆုံးပြီးတယ် ။သီဟကစက်မှု နဲ့ ပြီးတယ် ။ဒီကောင်က ဆေးကျောင်း
ကဗျ”။
ပွင့်ဖူး ခန္ဓာကိုယ် ဆတ်ကနဲ တုန်သွားသည်။“ကျွန်တော်ကအရင်က ရှေးဦးသူနာပြု သင်တန်းမှာ ပထမရခဲ့ တာဗျ ။ အဲဒါကြောင့် ဖူး ကံကောင်းသွားတာ” ဟိန်းလတ် ၏ စကားသံများ ပြန်ကြားယောင်လာသည် ။“ဒီကောင်
ဆေးကျောင်း ပထမနှစ်မှာပဲ ဝေလေးနဲ့ တွေပြီး ကြိုက်ခဲ့ကြတာဗျ ။ဝေလေးက ဒီကောင့်ကိုမြတ်နိုးသလိုဝေလေးကိုလည်း ဒီကောင်က
မြတ်နိုးတာမှ တအားပဲ ”။“ကောင်းတာပေါ့ရှင် ၊ အခုလည်း သူတို့နှစ်ယောက်ဆက်လျှောက် ရမယ့်ခရီးက သာယာဖြောင့်ဖြူးမှာပါ ၊ ကျမ ဆုတောင်းပေးပါတယ် ”
ပွင့်ဖူး ဖြတ်ပြောလိုက်သောစကားအား သက်မောင်မှ လက်ကာပြလိုက်လေသည်။“အဓိက ပြောချင်တာက အဲဒီမှာ ၊အခုကျွန်တော်ပြောနေတဲ့ ဝေလေးဆိုတာ က လွန်ခဲ့တဲ့ ငါးနှစ် ကတည်းက ဆုံးသွားခဲ့ပြီဗျာ”။

… “ ရှင် ” ..

ပွင့်ဖူးတစ်ကိုယ်လုံး တံတိုင်းတစ်ခုနှင့် ပစ်စောင့်ခံလိုက်ရ သလိုမျိုး ။“ဟုတ်တယ်ဗျာ ၊ဒီကောင် ဆေးကျောင်း နောက်ဆုံးနှစ်မှာ ပဲ ဆုံးသွားတာ ။ဝေလေး မှာက မွေးရာပါ နှလုံးရောဂါ ရှိတယ် ။ဆုံးသွားတာကလည်း ဝေလေး ရဲ့ မွေးနေ့မှာပဲ ဒီကောင့် လက်ပေါ် မှာတင် ။အဲဒီနေ့မှာ တောင် ဒီကောင့်အနေအထားက သိပ်ကို တည်ငြိမ်နေခဲ့တယ် ။အဲဒီ အပြင်ပန်း တည်ငြိမ် နေမှုဟာ ဒီကောင့် စိတ်
အတွင်းပိုင်း ကိုဘယ်လောက် ရိုက်ချိုးသွားလဲ ဆိုတာ ကျွန်တော် ရယ် သီဟ ရယ် နောက်မှ သိလိုက်ရတယ်။ဝေလေးရက်လည် ပြီးတဲ့
နေ့မှာ ဒီကောင် ကျွန်တော်တို့နှစ်ယောက်ကိုပြောတယ် ။ဝေလေးက သူ့ကိုမှာသွားတယ်တဲ့ သူမရှိလည်း သူရှိနေသလိုမျိုး တည်တည်
ငြိမ်ငြိမ် ရှင်သန်နေရမယ် လို့တဲ့ဗျာ ။ဒီကောင်က အဖေ အမေ မရှိတော့ဘူးဗျ ။ ဦးလေး တွေနဲ့ နေတာ။ဦးလေးတွေက လူပျိုကြီးတွေ ။
အဖိုးအဖွားတွေက နိုင်ငံခြားမှာ ။မိသားစု ငတ်တဲ့ ဒီကောင့်အဖို့ဝေလေး နဲ့ တွေ့တာ ဒီကောင့်အတွက် တကယ့်ကို နွေးထွေးမှုတွေ ရခဲ့တယ်။ရခဲ့တဲ့နွေးထွေးမှုတွေကလည်း ခဏတာ အတွင်းမှာပျောက်ဆုံးသွား ခဲ့ပြန်တယ် အရင်ကတော့သူတက်နေတဲ့ ပညာရပ်မှာ
မွေးရာပါ နှလုံးရောဂါသည် ဝေလေး အတွက် အတော် အားထည့်ထားတာဗျ ။။ဝေလေး ဆုံးပြီး
တဲ့နောက်မှာ ဒီကောင် ကျောင်းဆက် မတက်တော့ဘူး ။နောက်ပိုင်း သူ့နေပုံ ထိုင်ပုံတွေဟာ တကယ့်ကို ဝေလေး မှာခဲ့တဲ့ အတိုင်းပါပဲဗျာ ။
ဝေလေး မရှိတော့ပေမယ့် ဝေလေး ရှိနေတဲ့ အတိုင်းကို တည်တည်ငြိမ်ငြိမ် နဲ့ နေထိုင်တယ် ။ထူးဆန်းတာက ဘယ်နေရာ ရောက်နေနေ
ဝေလေး မွေးနေ့ နဲ့ တစ်ရက်ထဲကျတဲ့ ဝေလေးဆုံးသွားတဲ့နေ့ရောက်ရင် အရင် ဝေလေး မွေးနေ့တွေမှာလိုပဲ သူတို့ဆုံနေကျ နေရာကို ရောက်အောင်သွား တယ် ။အားရအောင် အဲဒီနေရာမှာပဲ တနေကုန် ကုန်ဆုံးပြီးမှ ပြန်လာတယ် ။ထုံးစံမပျက်ပဲ။မနှစ်ကတော့
ဒီကောင့်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် လို့ သီဟ နဲ့ တိုင်ပင်ပြီးကျွန်တော်တို့ဆီ လာလည်ခိုင်းထားတာ ။ဒီနေ့ ဝေလေး မွေးနေ့ဆိုတော့ ။မနေ့က ဒီကောင်ပြန်သွားတယ်လေ ။ခက်တာက ဒီကောင်က အခု သူဖြစ်နေတာ ဟာ မဖြစ်သင့်တဲ့အခြေအနေမှန်း
သိလျှက်နဲ့ ကို သူ့ကိုယ်သူ ဆက် ပြီးမောင်းနှင် နေတာပဲ ။သူပြောနေကျစကားတစ်ခွန်းရှိတယ် ။ အေးမြမှုကို ရှာတွေ့ ပြီဆိုတိုင်း မအေးမြနိုင် ဘူးတဲ့ ။အေးမြမှု နဲ့ တစ်သားထဲကျနိုင်မှသာ အေးမြနိုင်မှာတဲ့ ။ပူလောင်ခွင့် ကြုံတုန်း ကျေကျေနပ်နပ်နဲ့ သူ ပူလောင်
နေတာကို လွှတ်ထားလိုက်ပါတဲ့ ။တကယ်တမ်း ပူလောင်ကြဟေ့ဆိုရင် လူဆိုတာ အမြဲတမ်း ပူလောင် မနေနိုင်ပါဘူး တဲ့ဗျာ” ။

သက်မောင် ၏ ရှည်လျှား လှသော စကားအဆုံးတွင် ပွင့်ဖူး ၏ ပါးပြင်ပေါ် တွင် မည့်သည့် အချိန်မှ စ၍ စီးကျလာ မှန်းမသိသော
မျက်ရည် များဖြင့် ပြည့်နှက်နေလေသည် ။မည့်သည့် စကားမှ မထွက်ပေါ် လာနိုင်အောင်ကို အသံတွေ ခမ်းခြောက်နေခဲ့သည် ။
“ကဲဗျာ ဒီလောက်ဆို ပွင့်ဖူး နားလည်လောက်ပါပြီ ပွင့်ဖူး ကို သောက တွေ ထပ်ပေးမိတယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်
ပေးပါ” ။
သက်မောင်ထွက်သွားပြီး အတန်ကြာမှ ပွင့်ဖူးတစ်ယောက် အခန်းထဲပြေးဝင်ကာ ကုတင်ပေါ် အရုပ်ကြိုးပြတ်လှဲချ လိုက်သည် ။ရေးထားသော ကဗျာစာရွက် များ အိပ်ယာပေါ်မှတဆင့် ကြမ်းပြင်ပေါ် ပြန့်ကျဲ ကျသွားသည် ။ထူးဆန်းစွာ ကဗျာ စာရွက် တစ်ရွက်သာ ကုတင်ပေါ်တွင် မကျပဲ ကျန်ရစ်ခဲ့လေသည် ။

“ကိုယ်ထင်ပြသွားတဲ့ အိန်ဂျယ်လ်”

မီးပြင်းပြင်းတိုက်ခံရတဲ့
ရေနွေးခရားတစ်လုံးလို
စိတ်အာဟာရတွေကဆူဝေ
တစ်ကယ်တမ်းက
အဆုံးမသတ်စေချင်သလို
စလည်းမစချင်ခဲ့မိတာအမှန် ။

သိခွင့်ရလိုက်ရတော့
နှောင်း ... ပြီ
သတိထားနေလျှက်က
ကြက်ခြေခတ်တို့သာများလာခဲ့
ပြန်ပြောစရာစကားလုံးတို့သေတယ် ။

ဟေးးးးးး
မှောင်မှန်း သိသိနဲ့ ထပ်ထပ်မှောင်နေရတာ ကိုက
အားလုံးထက် ပိုမှောင်တယ်
ကြိုးတွေသာ တစ်ချောင်းပြီးတစ်ချောင်း
“ထောင်း”ကနဲပြတ်သွား
အာရုံတွေရဲ့ရင့်ကျက်မှု အားက
တက်ကုန် ရွက်ကုန် ကို ချို့တဲ့ခဲ့ ။

ရွာတော့ရွာလိုက်တယ်
မိုးပြေးဆိုတော့လည်း
နေပူကြီးထဲမှာပဲရွှဲစိုကျန်ရစ်
ဘယ်လိုအနေအထိုင်တွေပြောင်းပြောင်း
ဆူးဟာဆူးပါပဲ
စူးနစ်ဖို့သက်သက်ရယ် ။။


ပွင့်ဖူး ဘဝတွင် သူ့အား ကိုယ်ထင်ပြရုံ သာ
ပြသွားခဲ့ဖူးသော လင်းလက်ခြင်းလေး တစ်ခုရှိခဲ့ဖူးပါသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိတ်

မသေချာပါ ဆိုသည့် အရာကိုမှ သေသေချာချာ မက်မော နေခြင်းမှာ ဝဋ် တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည် ။
ထိုဝဋ် တစ်ခုသည်ပင် သူ့အတွက် တပ်မက်စာ တစ်ခွက် ဖြစ်နေသော လူတစ်ယောက်ကမ္ဘာပေါ်တွင် ရှိနေပါသည် ။လှုပ်ရှားနေသော
ကန်ရေပြင် နံဘေး ခုံတန်းလေးပေါ်တွင် လူတစ်ယောက် တစ်စုံ တစ်ရာ ကို စိတ်ရှည် လက်ရှည် စောင့်မျှော်နေ သည် ။
ထိုသူ့ ထံတွင်လည်း တစ်ချိန်က ကိုယ်ထင်ပြရုံသာ ပြသွားသော လင်းလက်ခြင်းလေး တစ်ခု ရှိခဲ့ဖူးပါသည် ။ထိုလင်းလက်ခြင်းလေးကို
ပြန်မရနိုင်မှန်း သိသိနှင့် စောင့်မျှော် နေခွင့်ရှိနေခြင်းမှာလည်း ထိုသူ့ ဘဝ၌ နှစ်သက်စွာ သောက်သုံးခွင့် ရရှိခဲ့လိုက်သော ကျိန်စာ ချိုချို တစ်ခွက်ပင် ဖြစ်ပေတော့သည် ။

အိုင်လွယ်ပန်

6 comments:

သက်ထွန်းညိမ်း said...

ကိုအိုင်ရေ
အယူအဆ အတွေးအခေါ်တွေ
လှတယ်ဗျာ စာကားလုံးတွေ ရှင်းလင်းပြီး
ဖတ်ရတာ အရသာရှိတယ်
ကိုဟိန်းလတ်ပြောတဲ့စကားတွေက
ဒဿန တွေဆန်တယ် မိုက်တယ်
ခင်ဗျားစကားနဲ့ပြောရရင်
နှစ်သက်စွာ ဖတ်သွားကြောင်းပေါ့ဗျား)

ဗညားရှိန် said...

အားရာရာ ကောင်းလိုက်တဲ့ ရေးချက် ဖတ်ရတာနင့်နေတာပဲဗျာ . . . .
ကဗျာလေးလဲ ကောင်းတယ် အဆုံးသတ် နှင်သွားပုံက သတ်ရပ်လွန်းတယ် . . . .

MANORHARY said...

မှောင်မှန်းသိသိနဲ့ထပ်ထပ်မှောင်နေရတာကိုက
အားလုံးထက်ပိုမှောင်တယ်
မိုးပြေးဆိုပေမယ့်လည်း စိုခွင့်ရလိုက်တဲ့ခဏတာရဲ့ အေးမြမှုကိုတော့ ... သတိရနေမိတတ်ကြတာ ဓမ္မတာပါပဲ ...

Moe Myint Tane said...

ကိုယ့်ဆရာ ကြိုက်တယ်။
ဇာတ်လမ်းဆင်ထားပုံလေး ညက်တယ်။
အိုင်ဒီယာလေးတွေ ညှပ်ထည့်ထားတာ ပိုပြီးအသက်ဝင်စေတယ်။
ကဗျာလေးလည်း မိုက်တယ်။
ဆူးနစ်ဖို့ သက်သက်ရယ်သာပေါ့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

HAPPY CLOUD said...

ဒီလို တချက်တချက် ထလုပ်ပြတတ်တာလေးကို သဘောကျတာ။ ကဗျာရော၊ ၀တ္တုပါကောင်းကောင်းရေးနိုင်တာ လေးစားတယ် ဆရာ။

ခင်မင်ချက်...
မိုးမောင်

ဆောင်းယွန်းလ said...

ဟေးးးးးး
မှောင်မှန်း သိသိနဲ့ ထပ်ထပ်မှောင်နေရတာ ကိုက
အားလုံးထက် ပိုမှောင်တယ်
ကြိုးတွေသာ တစ်ချောင်းပြီးတစ်ချောင်း
“ထောင်း”ကနဲပြတ်သွား
အာရုံတွေရဲ့ရင့်ကျက်မှု အားက
တက်ကုန် ရွက်ကုန် ကို ချို့တဲ့ခဲ့ ။

ကြိုက်တယ်ညီလေးရာ..
ဝတ္ထုလေးထဲမှာ ထည့်သွားတဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း နှစ်သက်မိတယ်