ကောက်ရိုး

သေတမ်းစာ တစ်စောင်ထဲမှာ
အတိတ်ကို
ပြန်တွေ့လိုက်ရ ။

ပြာမှုန်တွေ
လွင့်ပျံနေ ။

အားကိုးတစ်ကြီး ကိုင်ဆုပ်လိုက်တဲ့
ရေနစ်နေသူရဲ့ လက်တစ်စုံ
ကိုယ်မှာ ကပ်တွယ်ခဲ့ဖူးရဲ့
ကြာခဲ့ပြီ ။

သေတမ်းစာ တစ်စောင်ထဲမှာ
အတိတ်ကို
ပြန်တွေ့လိုက်ရ ။

တစ်ဘဝလုံး လင်းမြခဲ့ဖူးတယ်
မီးတွေ တောက်သွားချိန်ဟာ
(တကယ့်ကို)
ခဏတာလေး ။

ပြာမှုန်တွေ
လွင့်ပျံနေ …။

အိုင်လွယ်ပန်

8 comments:

စိုင်းလောဝ်ပိန်း said...

တစ်ဘ၀လုံးစာ ရင်းပြီး
အဲဒီအတောက်ပဆုံးအချိန်းလေးကို ခံစား
ပြာမှုန်တွေ လွင့်ပျံနေလည်း
တန်တယ်။

Mhu Darye said...

တခုခုကို နားလည်လိုက်သလို ခံစားပြီးမှ တကယ်တမ်းကျ ဘာကို နားလည်လိုက်မှန်း မသေချာဘူး..။
း)

မင်းကျန်စစ်။ said...

ကူကယ်ရာမဲ့ ရေနစ်တဲ့လူအတွက် ကောက်ရိုးတမျှင်လိုတမျိုး ၊ မီးရှို့ခံလိုက်ရလို့ ရသလောက် အချိန်လေးမှာ အလောင်ကျွမ်းခံပြီး အလင်းပေးလိုက်ရတဲ့ ကောက်ရိုးလိုတမျိုး ကိုအိုက်ပန်လွယ် ကိုယ်ကိုယ်ကို သတ်မှတ်ထားတယ်လို့ မြင်မိတယ်။
(ကျနော့် အမြင်လေးသက်သက်ပါ။ မှန်ချင်မှ မှန်ပါလိမ့်မယ်။)
TGRmg

လင်းဒီပ said...

လူဘဝကို ကောက်ရိုးမီးလို ခဏလေးပဲ လင်းတောက်ခွင့်ရတယ်.. ပြောတာလို့ခံစားမိတယ်။

ပြီးမှ ကိုယ့်ဘဝ ကောက်ရိုးမျှင်လေးကို မျှော်လင့်ချက်နဲ့ လာဆုပ်ကိုင်တဲ့ လက်ကလေးကလည်း ရှိသေးတယ် ။
လောကဓံထဲ ရေနစ်နေတဲ့(တနည်းအားဖြင့် ချစ်သူ)လို့ပြောချင်ပုံရတယ် ။

ဝိညာဉ်လေးက ကိုယ့်ဘဝကို ကိုယ်ပြန်ငေးကြည့်ပြီးရေးထားသလို...။

ပြာမှုန်တွေ ပါလို့လား မသိဘူး ခံစားရတာ ကဗျာလေးက လွင့်လွင့်မျောမျော..။

ဇောင်း said...

တစ်ကယ့်ကို ကောက်ရိုးပါပဲ တစ်ခဏသာလေးမှာ တောက်လောင်စေခဲ့တယ်

:::ZaunG:::

ဆောင်းယွန်းလ said...

တစ်ဘဝလုံး လင်းမြခဲ့ဖူးတယ်
မီးတွေ တောက်သွားချိန်ဟာ
(တကယ့်ကို)
ခဏတာလေး ။
ကဗျာလေးခံစားသွားပါတယ် ညီလေး

သွယ်လင်းဆက် said...

တစ်မျိုးလေးပဲ။ ဒါပေမဲ့ ခံစားမှုပေါင်း မြောက်များစွာ။

မယ်ကိုး said...

ကောက်ရိုးဘက်မှ ထုချေလွှာလေးပေါ့။
ကဗျာဆရာရဲ့ တစ်ဖက်လှည့်ရှုမြင်မှုတွေက လှလွန်းတယ်။