လူနာ

အမှောင်ကို ကုတ်ခြစ်နေရတဲ့
လက်တွေနဲ့
တစ်ခါတစ်ခါ အဝေးကကြယ်လေးကို
လက်လှမ်းပြ မိတယ် ။

သမိုင်းအကြောင်းကို
ရေးကြီးခွင်ကျယ် လုပ်မနေစမ်းနဲ့ကွာ
မူးနေတဲ့ သူငယ်ချင်းက လှမ်းပြောတယ်
အဲဒီကောင်က သမိုင်းလမ်းဆုံမှာ နေခဲ့တဲ့ကောင် ။

ဟုတ်ပါပြီ
တူတူမှ အလောင်မခံခဲ့ ကြရတာပဲ
ဒီတော့
မင်းရဲ့ မီးဟာလည်း မင်းမီး
ငါ့ရဲ့ မီးဟာလည်း ငါ့မီး ။

မယုံကြည်ဘူး ဆိုတာတွေ သာ မရှိကြ ရင်
ယုံကြည်မှု ဆိုတာလည်း
မလိုအပ်တော့ တဲ့ စကားလုံး ပါ ။

မပြောဖြစ်လိုက်တဲ့
စကားလေးတစ်ခွန်းကအစ
သူ့ အဓိပ္ပါယ် နဲ့ သူကွယ့်
မင်းဟာ ရာဇဘွားပါ ချစ်သူ
ဗေဒင်ဆရာ ဟောခဲ့တဲ့အတိုင်း
မင်းရည်မှန်းချက် ပြည့်စုံ ပြောင်မြောက်ပါစေ ။

What to do ...
What to do …
What to do …

ငါ့ လက်စွဲ ဂါထာ
အခုတလော
တနေ့ သုံးခါ ရွတ်ဖြစ်တယ် ။

အဖြုန်း ကျောက် လို ဖြစ်ခဲ့ရတဲ့
ကောင်တစ်ကောင်အတွက် တော့
အမာရွတ်တွေကအစ
သူရဲကောင်းဆန်မနေတာ မဆန်းတော့ဘူးပေါ့ မေမေ ။

အိုင်လွယ်ပန်

5 comments:

Eaindra said...

ကောင်းလိုက်တဲ့ ကဗျာ...

တစ်ယောက်ကို တစ်ယောက် အားပေးကြ..

အမှောင်ကို ကုတ်ခြစ်နေရတဲ့
လက်တွေနဲ့
တစ်ခါတစ်ခါ အဝေးကကြယ်လေးကို
လက်လှမ်းပြ မိတယ် ။

သိပ်လှတာပဲ အိုင်လွယ်ရေ..

အိန္ဒြာ

စိုင်းလောဝ်ပိန်း said...

တူတူ အလောင်မခံရတဲ့မီး တဲ့လားဗျ။
သူရဲကောင်းမဟုတ်လဲ ဒဏ်ရာတစ်ခုတော့ အနည်ဆုံး ပိုင်ဆိုင်နိုင်ကြတာပဲဗျာ။

သက်ထွန်းညိမ်း said...

လှတယ်ဗျား)

နွေဆူးလင်္ကာ said...

မယုံကြည်ဘူး ဆိုတာတွေသာ မရှိကြရင်
ယုံကြည်မှု ဆိုတာလည်း
မလိုအပ်တော့တဲ့ စကားလုံးပါ။
ကဗျာကောင်းလေး ဖတ်သွားပါတယ်

MANORHARY said...

အတူအလောင်မခံရတဲ့မီးပေမယ့်
ကိုယ့်မီးလည်းသူ့မီး သူ့မီးလည်းကိုယ့်မီး မဟုတ်ဘူးလား ဆရား))