ငါ့ရဲ့ ညနေခင်း

အတည့်ကို အတည့်အတိုင်း
မြင်လိုက်ရရင်လည်း
အထိအရှ တော့ ရှိချင်ရှိမှာပဲ
သူ့ဟာသူ ဟုတ်နေသားက
ပျင်းလို့ ထလုပ်မိတဲ့ အခါ
ဘာကိစ္စ ပဲဖြစ်ဖြစ်
အပျင်းပြေဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက် ကုန်ကြ ။

လူ မစုမိတော့တဲ့ အခါ
လူစု ကွဲမှာ မပူရတော့ဘူးပေါ့
နံရံ ကို ကန်တက်သွားတဲ့
သားရေ ဘောလုံးတစ်လုံး
နာကျင်မှုတွေ နဲ့ ပြန်လမ်းဖြောင့်ပါရဲ့လား
ချောမွေ့ တိုင်း မကောင်းဘူးတဲ့
ချော်လဲသူက ပြောတဲ့ အခါ
ရောယောင် ထိုင်ချလိုက်ဖို့
ပြင်ဆင် မောင်းတင်သူတွေ ပေါ်လာခဲ့ ။

ချစ်ကြ ခင်ကြသူတို့
တွဲလက်တိုင်း မြဲကြ စေသား
အချစ် နဲ့ အမုန်း ဟာ
ခေါင်း နဲ့ ပန်း လို
ကျောခြင်းကပ်နေတဲ့ အကြွေ တစ်စေ့
ဆိုကြပါစို့ .....
မြှောက်တင် လိုက်တယ် လေထဲကို
ဘယ်ဘက်မှ မကျပဲ ဒေါင်လိုက်ကျလာမှ
ငါတို့ ဝိုင်းဟားရအောင် ။

ငြီးငွေ့ လာရင် ဟောဟိုက
ဆိုင် အပြင်ဘက်ကို ငေးကြည့်ကြည့်
ဆိုက်ကားသမား တစ်ယောက်ရဲ့
ခြေသလုံး ကြွက်သားမှာ
မိသားစု ပါးစပ်ပေါက်တွေ အတွက်
ရေသောက်မြစ်တွေနဲ့
မုဆိုးမ တစ်ယောက်ရဲ့
အကြော်ကြော်နေတဲ့ တုတ်တံမှာ
မိဘမေတ္တာ အတွက်
ဆင်စီး မြင်းရံ အနာဂတ် အိပ်မက်တွေနဲ့
အပြုံး ... မျက်ရည်
လောကဓံကို စီးချင်းထိုးခဲ့ သော သစ်ရွက်များ
အပြိုင်းအရိုင်း အစီအရီ ။

အသိတရား ပြန်ဝင်လာစေချင် တော့
အသိတရားနဲ့ ခေတ္တခဏ ကင်းကွာပေးပေါ့
ကဲ ... ငါ့ကောင်
မူးချင်ရင်တော့ သောက်
စကားတွေ များနေမိလို့ စိတ်မကောက်နဲ့
လိုအပ်သည်များကို မှာကြားပါ
ပြီးတော့ ......
လိုအပ်သည်များကို မှာစားပါ
ရှုံ့ချည် နှပ်ချည် ကမ္ဘာမှာ
မကောင်း အပြောခံရဆုံး ကောင်ဟာ
ကံ ဖြစ်တယ်ဆိုတာ
ငါ ...
သေသေချာချာ သိခဲ့လိုက်ပါပြီ ..။

အိုင်လွယ်ပန်

9 comments:

လင်းဒီပ said...

ခင်ဗျားကဗျာက နည်းနည်းလေး ဝင်သွားတော့ ဘုထိုင်ပြောနေသလို...:P

Unknown said...

ကဗျာဆရာ စိတ်ပေါက်လာပြီနော်။ အစ်ကိုရေ အမြဲလာဖတ်ပါတယ်။ ရင်ဘက်ချင်းတူလို့ ထိတယ်။ ကျွန်တော်လည်း ထောင်မြင်ရာစွန့်ဆိုလို့ စွန့်ခဲ့တာ ၉၉၉ ရှိရောပေါ့။ အင်းပြောရင်းနဲ့ ကံဆိုးမကိုပဲ အပြစ်တင်မိနေပြန်ပြီ။

စိုင်းလောဝ်ပိန်း said...

လူ မစုမိတော့တဲ့ အခါ
လူစု ကွဲမှာ မပူရတော့ဘူးပေါ့ ဆိုတဲ့အပိုဒ်လေးကြိုက်တယ်။

Zephyr said...

....
ရှုံ့ချည် နှပ်ချည် ကမ္ဘာမှာ
မကောင်း အပြောခံရဆုံး ကောင်ဟာ
ကံ ဖြစ်တယ်ဆိုတာ
ငါ ...
သေသေချာချာ သိခဲ့လိုက်ပါပြီ ..။

....
...........
..... ၀ိုင်းသိမ်းတော့မှ ...
သိခဲ့တာတွေ ထိုးအန် ...
ကောင်းပါပေ့ မနက်ဖြန်ရယ် ...

ကြယ်တွေလဲ အန်ဖတ်ထဲမှာ လက်လို့ ........။
ကြယ်တွေလဲ အန်ဖတ်ထဲမှ လက်လို့ ............။

Zephyr said...

p.s ၀င်နောက်တာမဟုတ်ဘူးဗျ ....
ကိုယ့်နိုင်ငံကိုယ်သတိရသွားတာ .....။

Eaindra said...

နာကျင်မှုတွေ နဲ့ ပြန်လမ်းဖြောင့်ပါရဲ့လားတဲ့

အဲဒီ့နာကျင်မှုက လှနေလိုက်တာ...

ကဗျာလေးကြိုက်သွားတယ် အိုင်လွယ်ရေ

သိင်္ဂါကျော် said...

ညနေခင်းကတော့ ကြည့်တဲ့သူပေါ်မူတည်ပြီး လှချင်လည်းလှ၊ ရုပ်ဆိုးချင်လည်း ဆိုးခဲ့ပေါ့။
သူလည်း အပျင်းပြေဆိုပြီး တိမ်တွေကို ဖန်ဆင်းချင်သလို ဖန်ဆင်းတာပဲလေ..။

မြရေလျဉ် said...

ပျင်းလို့နင့်ဘလော့ကိုလာလည်တာ အပျင်းပြေ သဘောတော့ ဟုတ်ဘူးနော်။
နင်မူးလာလို့စကားများရင် ဘယ်သူက စိတ်ကောက်တာလဲ.

..ရှုံ့ချည် နှပ်ချည် ကမ္ဘာမှာ
မကောင်း အပြောခံရဆုံး ကောင်ဟာ
ကံ ဖြစ်တယ်ဆိုတာ
ငါ ...
သေသေချာချာ သိခဲ့လိုက်ပါပြီ ..။



ဆိုတာတော့ တကယ်မှန်တယ်။
ဒါပေမယ့် ငါတို့မတွေးမိဘူးဟ။
နင်ပဲ တွေးမိတယ်။

မိုက်တယ်

တင့်ထူးရွှေ said...

အဆင်ပြေချင်ယောင် ဆောင်နေတဲ့ လူတစ်ယောက်ရဲ့ ညနေခင်းထဲ အတူတူ လာထိုင်သွားတယ် ဘရို :-)