ဆေးရုံ

ပြူတင်းတံခါးလေးထဲက မြင်နေရ
ခပ်ကွေးကွေး ထားကြည့်ထားတာပါတဲ့
လ တစ်စင်းက လှမ်းပြောရဲ့
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့
ပုလဲနံပ သင့်ခဲ့သူမို့
ပြည့်ဝန်း ဝိုင်းစက်ခြင်းကိုမှ ငတ်တယ်
ခွင့် လွှတ် ပါ ။

ခက်ခဲစွာ ရှိုက်သွင်းနေရတဲ့ လေဟာ
မှိန်ဖျော့နေတဲ့ မျက်ဝန်းတွေနဲ့ ငြိလို့
ဆုပ်ကိုင်ခဲ့သမျှ တစ်ထစ်ခြင်း ပြန်ပြန်ဖြည်ချနေရ ။

အမှန်တရား ဟာ
အသွား နှစ်ဖက်ရှိပြီ ဆိုပါစို့
ကိုယ်ထိရှမိတဲ့ ဘက်ဟာ
ကိုယ့်အမှန်တရားပါပဲ
ပေးဆပ်ပြီ ဆိုတဲ့နောက်တော့
အော်ကြီးဟစ်ကျယ် စကားလုံးတွေ
မလိုအပ်တော့တာ တရားပါတယ် ချစ်သူ ။

ပါးပြင် တစ်ခုကို ကျေနပ်စွာ ချိုမြိန်စေခဲ့ဖူးတဲ့
လက်ဝါး ဖောင်းဖောင်းလေးဟာ
အတွေးထဲမှာ မီးပွင့်တွေ တဖျပ်ဖျပ်ခတ်
ပြုံးမိပြန်တယ် နာ .. နာ .. ကျင် .. ကျင် ။

ကန္တာရ မှာတောင်
မိုးခြိမ်းသံကြားခဲ့ ဖူးတာပဲနော် မေ မေ ။

အဲသလို ပုံရိပ်တွေ
ဟောင်းနွမ်းခဲ့တာ
ကြာ ... ပေါ့
ခြောက်ကပ် နေတဲ့ ကုတင် နံပါတ် ၁၃
သူ့ရဲ့ ဘယ်ဘက်ရင်အုံမှာ စွဲကပ်သွားဖူးတဲ့
ကိုယ့်ငွေ့လေးတစ်ခုနဲ့
အခုထိ
နွေးထွေးရှိန်းပ ကောင်းနေတုန်း ...။

အိုင်လွယ်ပန်

4 comments:

စိုင်းလောဝ်ပိန်း said...

အသည်းကွဲနေလား ကိုအိုက် :P
အဆင်ပြေပါစေဗျာ။ :)

Mhu Darye said...

ရောက်လာတယ်..း)
ချမ်းမြေ့ပါစေ။

Wunna said...

အစ်ကိုရေ
လွမ်းနေသလားဗျို့။ ဒီကတော့ တွေးချင်တာတွေးပြီး ခံစားချင်သလိုခံစားပြီးပြန်သွားပြီ။ ပြုံးမိပြန်တယ် နာ--နာ--ကျင်--ကျင်--။

လင်းဒီပ said...

ကျွန်တော့်မျက်စိထဲ အလွမ်းထက် ညက တွေးလက်စ သေခြင်းတရားပဲ ရောက်လာတယ် ....
အရာရာ ထားခဲ့ခါနီး နောက်ဆုံးအမှတ်ရနေပုံ...။