“ ဆည်းဆာ ”

တိမ်တွေလိုအရောင်ပြောင်းတတ်တဲ့စိတ်နဲ့
ကောင်းကင်ရဲ့တလျှောက် လမ်းလျှောက်ထွက်လာခဲ့
ဘာမှမဖြစ်ရင် ဘာမှမဖြစ် ၊ ဘာဖြစ်ရင် ဘာဖြစ်တယ် ဆိုလား
အဲသလို …
မီးပူအထပ်ထပ်ထိုးတာတောင် ခေါက်ရိုးကျိုးမသွားတဲ့
လည်တဆန့်ဆန့် အရပ်ဒေသမှာ အယောင်ပြမှုတွေများတယ် ။


ဆန္ဒတွေနဲ့ ဝေးကွာခဲ့ကြတဲ့အခါ ပုံချစရာ ခေါင်းစဉ်တွေဟာ
အနီးအနားမှာ ပွတ်တိုက်ရွေ့လျှား
တစ်ကိုယ်လုံး အရည်ညှစ်သောက် ခံရပြီးခါမှ
မကောင်းဘူးအပြောခံခဲ့ရတဲ့ ကြံတစ်ချောင်းအတွက်
ဖြေသိမ့်ခြင်း နဲ့ လိုက်လေ ဝေးလေ ကာလများ
ကိုယ့်နှလုံးသားအနာလေးကိုကိုယ်ပြန်သ ဒဏ်ရာတွေကို ယုယခဲ့တယ်
လူမှန်ချင်ဇောနဲ့ လူဆန်တဲ့ ဒုက္ခ ၊ မိမိကိုယ်ကို လိုက်လျောညီထွေစွာ ။


မျက်တောင်တစ်ခတ်စာလေး ဆိုပေမဲ့ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း
မြင်ကွင်းတစ်ခုလုံးရဲ့ ဆုံးရှုံးမှုဟာ မျက်တောင်တစ်ခတ်စာလေးတော့ ကြာခဲ့
ပြောရရင်ရှည်တယ်
ထား ..ခဲ့ .. လိုက် .. ပါ့ .. မယ် …
တွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ် ဆိုသူများအတွက်
ဇာတ်လမ်းကို ဇာတ်လမ်းအတိုင်း ။


ခြစ်ချုပ်ကြည့်မှ အဲ ..ဒီ .. လက်တစ်ဆုပ်စာ ညနေခင်းမှာ
နေဝင်ရာ အရပ်ကို မျက်နှာမူပြီးရပ်နေတဲ့ကောင်ဟာ
ကျွန်တော်ပါ ။



အိုင်လွယ်ပန်

2 comments:

Zephyr said...

ကြိုက်တယ်။

အစစ်တွေအများကြီးထုတ်ထားတယ်။

နေ၀င်ရာအရပ်ကိုကြည့်ရင်း နေ၀င်တာကိုလည်း ခံစားကြည့်သွားပါတယ်။

ပြန်လာတဲ့အခါ ကဗျာစာအုပ်တစ်အုပ်လောက် လုပ်မယ်။
များများရေးထားပါ။

လင်းဒီပကိုလည်းခေါ်ရမယ်။

ကဗျာစာအုပ်နာမည်ကိုတော့ ပိုင်သာဂိုရပ်စ်တွေ့မသွားတဲ့တြိဂံလို့နာမည်ပေးလိုက်မယ်။

ကဗျာတွေ ချိတ်ထားတဲ့ အသေခံဗုံးခွဲသမားများပေါ့ ။....။

တင့်ထူးရွှေ said...

ကိုယ့်ဆရာ ... အကြာကြီး ပျောက်ပြီး ပေါ်လာတော့
အကောင်းတွေချည်း ယူလာတယ် ...