“ ပန်းပွင့်တွေဆီက ကြားရတဲ့ ဂီတ ”

( အစ )

နေ့သစ်တစ်ခု မွေးဖွားလာတာဟာ နေ့ဟောင်းတစ်ခုရဲ့ စတေးပေးဆပ်လိုက်ရခြင်းလား ။
ဒါမှမဟုတ် …
နေ့သစ်တစ်ခုရဲ့ ဖြစ်ခြင်းပျက်ခြင်း သဘောတရားကို နားလည်ချင်ယောင် ဆောင်လိုက်တဲ့
နေ့ဟောင်းတစ်ခုရဲ့ မထူးဇာတ်တစ်ခုလား ။
ထားပါတော့ …
မေးခွန်းတစ်ခုပါလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပြီးတဲ့နောက်တော့ ဘယ်အဖြေ ဝင်လာလာ
အပြုံးမပျက်နဲ့တော့ပေါ့ ။
အနီးအနားက ပန်းပွင့်တွေကို လိုက်ငေးနေမိတယ် ။
အဲဒီမှာ ..
နူးညံ့သိမ်မွေ့မှုထဲက မာကျောပြတ်သားမှုကို တွေ့ရတယ် ။
မာကျောပြတ်သားမှုထဲကလည်း နူးညံ့သိမ်မွေ့မှုကို တွေ့ရပြန်တယ် ။
စိတ်နဲ့ ပန်းပွင့်တွေ ထပ်တူကျခဲ့တဲ့ တဒင်္ဂ ၊ ဆန္ဒရဲ့ လက်ဖျစ်တစ်တွက်စာလေး …
အဝေးက ခေါင်းလောင်းသံတွေ တစ်ဖြည်းဖြည်း နီးနီးလာတယ် ။
အနီးက ခေါင်းလောင်းသံတွေ တစ်ဖြည်းဖြည်း ဝေးဝေးသွားတယ် ။

(၁)
“ မူလ ဘူတ ”

နုမယ် ၊ ရင့်မယ် ၊ စွန့်စားမယ်
ညံ့တဲ့တစ်နေ့ သေမယ်
လူ့ဘဝဆိုတာ
ပိတ်ကားက ငေးယူရပေရဲ့
ရုပ်ရှင် ။

ဝိုင်ချို
( ဝိုင်ချိုဒီဇိုင်း တစ်ကိုယ်တော်ကဗျာရွေးချယ်မှုမှ )



ခလုပ်ကို စဖွင့်လိုက်တယ် ။
သံသရာအဆက်ဆက် ပါလာခဲ့တဲ့ ရောင်ပြန်က မသက်ရောက်သေးခင် စပ်ကြား ကိုယ့်ဇယားကွက်
ကိုယ်ရွှေ့နေခဲ့ခြင်း နှင့် သာကြောင်းမာကြောင်း သတင်းမေးခြင်းများစုန်ဆန်ကူးခတ်နေ ။
ပြောရရင် …
တဒင်္ဂ အာသီသ မရှိဘဲ မာသာထရီဇာ ရဲ့ အိန္ဒိယသမိုင်း ဖြစ်မလာနိုင်ဘူး ။
တဒင်္ဂ အာသီသ မရှိဘဲ ဟစ်တလာရဲ့ ပါဏာတိပါတာကံ ဖြစ်မလာနိုင်ဘူး ။
တဒင်္ဂ အာသီသ မရှိဘဲ ဘုရင့်နောင် ဖောင်ဖျတ်ဖို့စိတ်ကူးမရနိုင်ဘူး ။
ကောင်းသည် … ဆိုးသည် …..
ပြကွက်ကို ပြကွက်က လှမ်းမျှော်ကြည့်တယ် ။
စတင်စီးဆင်းသွားတဲ့ မြစ်တစ်စင်းတွင် ဘက်ဂီယာပါမလာခဲ့ ။
အဆုံးမသတ်ချင်ရင် ငြိမ်နေလိုက်ရုံသာ ။ တစ်ချိန်ချိန်တော့ အလိုလို
အဆုံးသတ်သွားမှာ အသေအချာ ။

(၂)

“ တစ်နေ့တာ ”

ရေငတ်အပြေ ငါ့တည်ငြိမ်ခြင်းက
သွေးမတိတ်တော့ဘူး ။

ဘတ်(စ်)ကားတွေပေါ်က ညတွေကလင်းလို့
တစ်နေ့ခင်းလုံး
စိတ်မကြည်လင်မှုက စကားလုံးတွေပဲ ဆင်းလာတယ် ။

တစ်မိုးအောက်
တစ်ယောက်တည်း
အဝေးကိုငေးလို့ဆွေးတယ်။
ထွက်ကျလာတဲ့ ငါ့အရိပ်မှာ
ခွေးတစ်ကောင်ဟောင်ရင်း ပါလာတယ် ။

ဟိန်းမြတ်ဇော်
( မိုးများရွာသွန်းပြီးနောက်မှ )



ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ ဆန္ဒဟာ ပြေးကြောက်ချင်ပါတယ်ဆိုတာတောင်
နီးရာဓါးကို ရှာမရဘူး ။
နောက်ကျိ ရှုပ်တွေးမှုရဲ့ နောက်ကွယ်မှာ စကားလုံးတွေထဲက နိမိတ်တွေကို မြင်ရတယ် ။
ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတဲ့ အထီးကျန် ခံစားမှုမျိုးနဲ့ ကမ္ဘာတစ်ဘက်ခြမ်းကနေ
အခြားကမ္ဘာ တစ်ဘက်ခြမ်းကိုလှမ်းမျှော်အော်ခေါ် လိုက်မိ။
ထွက်ကျလာတဲ့ အသံဟာ ထင်မြင်မှုတွေ ဖောသီနေသူများအတွက်တော့ အရိပ်တွေထပ်နေတဲ့
အမည်မဲ့ သဏ္ဍန်တစ်ခုပါ ။
အလျှင်းသင့်သလို စာတန်းထိုးလိုက်ပါရန် ။

(၃)

“ အကျည်းတန်သောလက် ”

အဖိုး လက်သည်
မည်းနက်ညစ်ပုပ် ၊ အမြင်နုပ်၏ ။

အဖိုး လက်သည်
ရှည်ထွက်လက်သည်း ၊ ချေးဖြင့်မည်း၏ ။

အဖိုး လက်သည်
ကွဲအက်ရှန ၊ ခုံးခုံးထ၏ ။

အဖိုး လက်သည်
သွက်လက်မရှိ ၊ တုံ့နှေးဘိ၏ ။

အဖိုး လက်သည်
အဆီကင်းပြတ် ၊ ပိန်ခြောက်ကပ်တည့် ။

သည်လက်နှင့်ပင်
နေ့စဉ်ချိန်မှန် ၊ လုံ့လဖန်သော်
ပုံဟန်ယဉ်ကျေး ၊ မြင်သူငေးသော
ဖွေးဖွေး လှုပ်လှုပ် ၊ ပန်းပုရုပ်ကို
ထုလုပ်နိုင်စွမ်း ရှိခဲ့၏ ။

မောင်စန်းသော်
( ခေတ်ပေါ်မြန်မာကဗျာ ၊ မြဝတီပုံနှိပ်တိုက် ၊ ၁၉၇၈ ၊ ဧပြီ မှ )



အဝေးကိုမျှော်ကြည့်ပြီးမှ အနီးကို တဖြည်းဖြည်းဆွဲယူ ကြည့်မိသလား ။
အနီးကို ကြည့်ပြီးမှ အဝေးကို တဖြည်းဖြည်းမျှော်ကြည့်မိသလား ။
မသေချာဘူး ။
အထင်ကြီးတယ် ၊ အထင်သေးတယ် ဆိုတာ ကြီးတယ်လို့ထင်တာနဲ့ သေးတယ်လို့ထင်တဲ့
အထင်သက်သက် လောက်ပါပဲ ။
အပြင်ခွံတွေ ကာရန်ထားတော့ တစ်ခါတစ်ရံမှာ အတွင်းသားကို လှမ်းမြင်အောင်
အားစိုက်ဖို့ မေ့ခဲ့ကြတယ် ။
ဒီရုပ်ဒီရည်နဲ့ ဒီလိုအသံကောင်းရလားဆိုတဲ့ အကွက် ။ ဒီ
ခြေထောက်ပိန်သေးသေးက ဒီလို ဘောလုံး
ကန်ချက်ပြင်းပြင်း ထွက်သလားဆိုတဲ့ အကွက်များ ။
ကိုယ်ပိုင်ဆိုင်ဆိုင်ထားတဲ့ ဖြစ်နိုင်ခြင်းနဲ့ သူတစ်ပါးပိုင်ဆိုင်ထားတဲ့
ဖြစ်နိုင်ခြင်း
လိုက်လံချိန်ထိုး ၊ ခေါင်းခါရှုံ့ချတတ်ခြင်း အလေ့အထ ဘယ်ကစခဲ့ပါသလဲ ။
ဘာမဆိုဖြစ်နိုင်သော ဖြစ်နိုင်ချေများထဲမှာ သံသယအတတ်ပညာကို
ကျွမ်းကျင်ပိုင်နိုင်သူမြောက်များစွာ ။

(၄)

“ အင်္ဂါဂြိုလ်က အကုသိုလ် ”

ထီးလေးတစ်လက် မိုးစိုမှာကြောက်တာနဲ့
ပင်လယ်ကိုရေနှစ်သက်ချင်တဲ့စိတ်ကူးကိုမုန်းဖို့
မှောက်ထားတဲ့ဖဲချပ်တွေ ဆွဲလှန်ပစ်လိုက်တယ်
အဲဒီမှာ
အဝါရောင်ဒဏ်ရာတွေဖွေးဖွေးလှုပ် ပွင်ကြွေလွင့်ဝဲ မိုးတွေထဲမှာ
ဒါတွေကို အကောင်းအတိုင်း ဘုရားသခင်ဆီပို့ဖို့
ဘယ်ဝန်ဆောင်မှုကို အသုံးပြုရမလဲ ။

ကတ္တီပါလမ်းကို ပန်းခင်းပြီးမှ နင်းချင်တဲ့စိတ်ကူးကို မုန်းဖို့
အ နေတဲ့သီချင်းတွေ အသံထွက်လာတယ်
အဲဒီမှာ
ငှက်ကျေးများရဲ့အသံနဲ့အစိမ်းရောင်အငွေ့အသက်များရဲ့ရနံ့
ဒါတွေကို ဓါတ်ခွဲစမ်းသပ်ဖို့ ရေခဲတိုက်ဆီလား ၊ ရင်ခွဲရုံဆီလား ။

ဟင်းအိုးမှအားမနာသူ အမဲရိုးကြီးကိုမုန်းဖို့
သေနေတဲ့ကဗျာတွေ ရုန်းထလာတယ်
အဲဒီမှာ
ဘုရားသခင်ရဲ့လိပ်စာနဲ့ ခြင်္သေ့တွေကိုချော့သိပ်မဲ့သံစဉ်နဲ့
ဒါကို လူသားဆန်ဆန်မြတ်နိုးဖို့ နှလုံးသားများသန့်ရှင်းပါရဲ့လား ။

မေ့လို့ခဏခဏ ပြန်မေးမိတာပါ
ကောက်ရိုးပုံစောင့်တဲ့ခွေးတွေလား
ဥယျာဉ်စောင့်တဲ့ မျောက်တွေလား
ဒါမှမဟုတ် … လူပြောသူပြောများတဲ့ ငါးခုံးမတွေလား
ကျွန်တော်က မေ့တတ်တယ် ။

ငြိမ်းချမ်းသာ
( မနက်ဖြန်ထဲက ပွဲတော်မှ )



ကိုယ့်စိတ်နဲ့ ကိုယ် ဖျားနာနေခဲ့မိ ။
ရင်ထဲက အနာတွေကို ဘယ်လိုခင်းကျင်းမှုမျိုးနဲ့ ဘုရားသခင်မြင်အောင် ပြသရမလဲ ။
ကိုယ့်စိတ်နဲ့ ကိုယ် ဖျားနာနေခဲ့မိ ။
သာယာခြင်းတစ်ဝက် ဆူညံခြင်းတစ်ဝက် ရောနေတဲ့ အသံတွေကို အသေးစိတ်စိစစ်ဖို့ရန် အလို့ငှာ
ဝတ်ကျေတမ်းကျေ အဆုံးသတ် တစ်နေရာမဟုတ် တစ်နေရာ ။
ကိုယ့်စိတ်နဲ့ ကိုယ် ဖျားနာနေခဲ့မိ ။
ဆုတောင်းခြင်းသီချင်း နဲ့ အလားအလာမသိတဲ့ တစ်စုံတစ်ရာအတွက် အိပ်ရာဝင်တေး ၊
ဘယ်လို နာခံမှုမျိုးနဲ့ ဘယ်ဘက်ရင်အုံက နာကြားမလဲ ။
ကိုယ့်အမြင်နဲ့ကိုယ် ကြည်နူးမိ ဝမ်းနည်းမိ ။
ရနံ့တောမှာထိုင်နေလို့ စွဲထင်လာတဲ့ ရနံ့ဟာ အတိုင်းအတာဆိုတဲ့
စကားလုံးကိုပိုင်ဆိုင်ရဲ့ ။
တွေးခေါ်မှုမှာ လစ်မစ်မရှိဘူး ။ နှလုံးသားမှာ လစ်မစ်မရှိဘူး ။
ပြောခဲ့ပြီးပြီ ။
ကိုယ့်စိတ်နဲ့ ကိုယ်ပဲ ဖျားနာနေခဲ့မိ ။
ဘဝဆိုတာ အဲသလို …
ဘာဟာ ဘာလဲဆိုတဲ့ အတွေးတွေဟာ လှုပ်ရှားတွန်းကန်လျှက် ။
သတိမရခဲ့ခြင်းတွေကို သတိရမိလိုက်တဲ့ အချိန်ကစလို့ပေါ့ ။

(၅)

“သားပိုက်ကောင် ”

မျိုသိပ်ထားရတာတွေကို မျိုချလိုက်ပြီးမှ
စကြာဝဠာကြီးကို စိတ်ကူးယဉ်လို့ရတယ် ။

ဟောဒီကမ္ဘာမြေပေါ်က
ဘယ်အပိုင်းအစလေးကိုပဲဖြစ်ဖြစ်
မှိုချိုးမျှစ်ချိုး မလုပ်လိုက်ပါနဲ့ ။

အိပ်မက်မကောင်းသော်လည်း
ကြိတ်မှိတ်အိပ်ရ
ရာသီဥတုမကောင်းသော်လည်း
ကြိတ်မှိတ်ကြည်နူးရ ။

ပူပင်သောကတွေကင်းမှ
ခံတွင်းရှင်းမယ်
ခံတွင်းရှင်းမှ စိတ်ချမ်းမြေ့မှုရမယ် ။

ဒီလောကရဲ့ အသေးအဖွဲလေးကအစ
ရေစက်ရှိမှ ဆုံရတယ် ။

မျိုးနေနွယ်
( ရုပ်ကြွင်းများ မှ )



နာကျင်မှုကို မေ့ထားလိုက်တော့မှ ဒဏ်ရာဟာ ဒဏ်ရာပါလားဆိုတဲ့ အသိကိုရတယ် ။
ဖုန်မှုန့်လေးတစ်စမှာတောင် ဖုန်မှုန့် ဆိုတဲ့ နာမ တစ်ခု ရှိပါတယ် ။
မျက်စိနဲ့ မမြင်နိုင်တဲ့ ဗိုင်းရပ်စ် လေးတစ်ကောင်ကအစ သူ့အသက်နဲ့သူ ။
“မချစ်သော်လည်း အောင့်ကာနမ်း” ဇာတ်လမ်းများ “ပျော်ရာမှာမနေရ တော်ရာမှာနေရ”
အစရှိသောဇာတ်လမ်းများနှင့် လူ့ဘဝသည် ရှုပ်ထွေးပွေလီ ။
စဉ်းစားမိတယ် …
အရှုပ်တွေ ရှင်းစေဖို့ အရှင်းတွေ ရှုပ်လိုက်ရမလား ။
ပူပင်မှုနှင့် ငြိမ်းချမ်းမှုတို့ တစ်ကောင်သေမှ တစ်ကောင်အသက်ရှင်ရမည့် မနော ။
သံ … သ … ရာ ။
ရေစက်ဆိုတာထဲမှာ ပြန်လည်တိုက်ဆိုင်ပေါ်ထွန်းလာလို့ ခင်ဗျားတို့
ကျွန်တော်တို့ ထိခတ်မိကြတာပါ ။

အပိတ်

ညကအိပ်မက်ထဲတွင် ပန်းပွင့်တွေပေါ်မှ ကျွန်တော် ခြေပစ်လက်ပစ်ပြုတ်ကျခဲ့သည် ။
သို့သော် နှလုံးသားမှလွဲ၍ အခြားမည်သည့်ကိုယ်ခန္ဓာအစိတ်အပိုင်းမှ
ထိခိုက်နာကျင်မှု မရှိခဲ့ကြောင်း တွေ့ခဲ့ရသည် ။
ယ္ခုအချိန်တွင် ထိုပန်းပွင့်အိပ်မက်သည် ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း
စူးဝင်နေသော်လည်း
နောင်တစ်ချိန်ချိန်တွင် ထိုပန်းပွင့်အိပ်မက်ကို ကျွန်တော်
မေ့ကောင်းမေ့နေနိုင်ပါသည် ။
ကျွန်တော်ရှင်သန်နေသောဘဝ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျွန်တော်ကိုယ်တိုင်
လက်ခံနိုင်လောက်သော
အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ချင်ပါသည် ။
ကျွန်တော့်တွင် အသက်တစ်ချောင်းရှိသည် ။ ခင်ဗျားတွင်လည်း အသက်တစ်ချောင်းရှိသည် ။
တွန်းထိုး ရုန်းကန်လှုပ်ရှားနေရသော ယ္ခုလက်ရှိကမ္ဘာ …
သူသူကိုယ်ကိုယ် မည်သူ့မည်သူမှ အသက်အပို မရခဲ့ကြပါ ။



အိုင်လွယ်ပန်

2 comments:

တင့်ထူးရွှေ said...

ပြကွက်တွေက တစ်ကွက်ချင်း ၊ တဖြေးဖြေးချင်း ..
ဘရို မတွေ့တာကြာပြီ အဆင်ပြေပါစေဗျာ ..။

မယ်ကိုး said...

ကဗျာတွေအများကြီး အားပါးတရဖတ်သွားပါတယ်။