“ ဒွန်းစဏ္ဍား ရဲ့ ချစ်ပုံပြင် ”

လေညှင်းတွေ စည်းချက်ညီညီ ကခုန်နေကြ
ဆံနွယ်ဖားဖားတွေ သပ်ဖယ်ရင်း
ခိုးချစ်ရသူရဲ့ လှမ်းလာတဲ့ ရနံ့မှာ
သနပ်ခါးပင် တစ်ပင်လုံး အုပ်ကွဲလွင့်ပျံ ။

ကျွန်တော်ဟာ ဆိုရင်
ဆိုနေကျ သီချင်းကို မေ့လျော့
ဆန့်ထုတ်နေကျ လက်ကို မေ့လျော့
ကမ္ဘာလောကကြီးတစ်ခုလုံးကို မေ့လျော့
ကုန်ကုန်ပြောရရင်
ကျွန်တော့်ကိုယ်ကျွန်တော်ပါ မေ့လျော့ ။

ကောင်းကင်ဟာ သာသာယာယာ
နယူတန်ရဲ့ တန်ပြန်သက်ရောက်မှု ဥပဒေသအောက်မှာ
ခိုးချစ်ရသူက ကျွန်တော့်ကိုတစ်ချက်ဝေ့ကြည့်ပြီး လမ်းမပေါ်ထွေးချလိုက်တဲ့
သူမရဲ့တံတွေးစက်လေးကို
ကျွန်တော်ဟာ နှလုံးသားနဲ့ သိမ်းခဲ့တယ်
တ ယု တ ယ ။


အိုင်လွယ်ပန်

5 comments:

လင်းဒီပ said...

သနားစရာလေးပါ ကိုအိုင်ရယ် :))

တင့်ထူးရွှေ said...

ဘရို ...း-((

မယ်ကိုး said...

မိုးရွာပေမယ့် ကောင်းသောနေ့ပါး)

မောင်မျိုး said...

အချစ်ကြည်သူရဲ့ ဘ၀က သနားစရာ ။

မောင်နွေသစ် said...

အဲဒီလို လူမသိ သူမသိ
သူမလဲ မသိအောင် လွမ်းခဲ့ရတာလေးတွေ...။ :)