နီးနေပေမယ့် မရောက်သေးသ၍တော့ ဝေးနေတာပဲ မဟုတ်လား

ဒီနေ့ ထပ်ကြားရတဲ့ ပိတ်ဆို့မှုအသံမှာ
ဘယ်နှစ်ရာသီ ဆက်လက်ပြီး မွန်းကျပ်ရဦးမလဲ
အရှိကိုအရှိအတိုင်း အသိကိုအသိအတိုင်း
ရဲရဲရင့်ရင့် ဖူးပွင့်ပစ်လိုက်လိုခြင်းမှာ
ကျွန်တော်ဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ။

တရားကို လက်တွေ့ နဲ့ မျှောခေါ်ဖို့
ကမ္ဘာကျော် အဆိုအမိန့်တွေနဲ့တင် မလုံလောက်တော့ဘူး
မိုးများတဲ့နေ့တွေမှာ မိုးကို လွယ်လွယ် ငြိုငြင်တတ်သူဟာ
မိုးခေါင်တဲ့အခိုက်မှာ မိုးကိုမျှော်နေခဲ့
ရှေ့နေတစ်ယောက်ဆိုမှ မဟုတ်ပါဘူး
ဘဝမှာ …
ခင်ဗျားဆိုလည်း အနည်းဆုံး တစ်ခါလောက်တော့ မှားဖူးမယ် ။

ဝမ်းသာမှုတွေနဲ့ အရောင်တောက်သွားတတ်တာလည်း ဒီမျက်လုံး
ဝမ်းနည်းမှုတွေနဲ့ ပုလဲဥတွေ ကန်ကန်ထွက်လာတတ်တာလည်း ဒီမျက်လုံး
မျက်လုံးပေါင်း များစွာကြားမှ ဒဏ်ရာများစွာနဲ့
တစ်နေ့ထက်တစ်နေ့ ပိုမိုချူချာလာသော ကမ္ဘာ ။

တစ်နေ့တစ်လံ တစ်နေ့တစ်လံ နဲ့
သွားပါများ ခရီးရောက်ခဲ့မှုများ
မျက်ဝန်းအစုံကို စုံမှိတ်ထားတတ်သည့် အလေ့အကျင့်ကြောင့်
ဦးတည်ရာသည် ဘယ်ဆီဘယ်ဝယ် ။

လင်းကနဲ ဝင်းကနဲ မရှင်းလင်းခင်အထိ
စူးစိုက်ကြည့်သော်လည်း သဲကွဲစွာ မမြင်ရ
နားစိုက်ထောင်သော်လည်း ပီသစွာမကြားရ
ဖိနပ်သဲကြိုးများ ပြတ်လုပြတ်ခင် ပါးလွှာနေသော်လည်း
ခြေထောက်များ အကောင်းအတိုင်း ကျန်နေသေးသည်
အထိုထိုသော ဖြေသိမ့်မှုများ လူးလာခေါက်တုံ့ ။

အကောင်းမြင် ဝါဒီနှင့် ငြိမ်းချမ်းခြင်း တရားဓမ္မ
အရှိကို အရှိအတိုင်း အသိကိုအသိအတိုင်း
ရဲရဲရင့်ရင့် ဖူးပွင့်ပစ်လိုက်လိုခြင်းမှာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ကျွန်တော်
ကိုယ့်ပြဿနာကိုကိုယ် မီးခွက်ထွန်းရှာနေမိတော့တယ် ။

အိုင်လွယ်ပန်

4 comments:

တင့်ထူးရွှေ said...

နီးလာလိုက် ဝေးသွားလိုက် ..
အဆင်ပြေတယ်မဟုတ်လား ဘရို
အဆင်မပြေလဲ အဆင်ပြေသလိုပေါ့ ..။

jr.lwinoo said...

မိုးများတဲ့နေ့တွေမှာ မိုးကို လွယ်လွယ် ငြိုငြင်တတ်သူဟာ
မိုးခေါင်တဲ့အခိုက်မှာ မိုးကိုမျှော်နေခဲ့ ...

ကောင်းလိုက်တာ .. တစ်ပုဒ်လုံးကြိုက်တယ်။

ဆောင်းယွန်းလ said...

တခါတလေမှာ ကိုယ့်ပြဿနာကိုယ်မီးထွန်းရှာနေရုံလောက်နဲ့ကို လုံလောက်နေတာပဲမဟုတ်လား ညီရေ

Mhu Darye said...

နီးနေပေမယ့် မရောက်သေးသ၍တော့ ဝေးနေတာပဲ မဟုတ်လားး)
အလည်လာတယ်။