ဝတ်ကျေတမ်းကျေစကားများ နဲ့ ကော်ဖီသောက်ခြင်း

အိပ်လို့မပျော်မှတော့
( ကြိတ်မှိတ် အိပ်မနေတော့ပဲ )
ထထိုင်နေလိုက်တာ အကြောင်းလား
တစ်ချက်ချက်နဲ့ ရွေ့နေတဲ့ နာရီကို
ကြည့်နေရင်းနဲ့ စိတ်အသေတွေ ရုန်းထလာတယ် ။

ည ကနေ မနက် ၊ မနက် ကနေ ည
ရင်းနှီး တွေ့ဆုံနှုတ်ဆက် မှုတွေဟာ
အခါးပေါ်အုပ်ထားတဲ့ သကာတွေနဲ့
သကာပေါ်အုပ်ထားတဲ့ အခါးတွေနဲ့
အသံကို အသံချင်း စီးချင်းထိုးကြတဲ့ ပွဲတွေမှာလည်း
ရွှေ့ရမယ့်အကွက်တွေဟာ
စဉ်စားချိန်ကိုယ်စီနဲ့ ၊ မျက်နှာဖုံး ကိုယ်စီနဲ့ ။

မြတ်နိုးတွယ်တာရပါသော မျှားနေသူကြီး ပျော်စေဖို့အတွက်
အစာတပ်ထားတဲ့ ငါးမျှားချိတ်မှန်း သိလျှက်နဲ့
ပျော်ပျော်ကြီး ပြေးဟပ်ပစ်ခဲ့တဲ့ ငါးရဲ့ ဇာတ်လမ်းလိုမျိုး
(တစ်ခါတစ်ရံ )
မိုက်ရူးရဲဆန်ပြတာနဲ့ သူရဲကောင်းဆန်ပြတာဟာ
အမြင်ကြိုးကလေး တစ်ချောင်းစာပါပဲ ။

လမ်းမပေါ်မှာ မြင်လိုက်တယ်
ကားကြိတ်ခံလိုက်ရတဲ့ ဖားတစ်ကောင်
ရင်ဘတ်တစ်ခြမ်းပိန်ကာ အသက်ငင်လျှက်
“ဖြစ်မှဖြစ်ရလေ ဖားရယ် ”
ကျွန်တော်ပြောနိုင်ခဲ့တာ ဒီလောက်ပါပဲ
ကျွန်တော့်ရင်ဘတ်တစ်ခြမ်းဟာလည်း
မွန်းကြပ်မှုတွေနဲ့ အဲဒီဖားရဲ့ ရင်ဘတ်လို ပိန်လို့ ။

မှားနေတဲ့ အထင်တွေကို ပြန်လည်တည့်မတ်ပေးဖို့ရာ
အထင်ကို အထင်ပါလားဆိုတဲ့ အသိရရှိစေဖို့
အထင်ကို အထင်သက်သက်အဖြစ် ရှုမြင်ခံစားတတ်ဖို့
လိုအပ်လာပါပြီ …
ဝမ်း .. တူး .. သရီး …
ကဲ .. စကြည့်ရအောင်
တစ်စချင်းစီ ၊ တစ်ခုချင်းစီ ၊ အသေးစိတ် ၊ အနုစိတ် ။

သေချာတယ်
ကျွန်တော် ကော်ဖီသောက်လိုက်လို့
အိပ်မပျော်တာ မဟုတ်ပါဘူး
အိပ်မပျော်လို့ ကျွန်တော် ကော်ဖီ ထသောက်လိုက်တာပါ ။

အိုင်လွယ်ပန်

2 comments:

လင်းဒီပ said...

တခါတလေမှ ကဗျာလေးတွေ ခပ်ပါးပါးတင်ပေမယ့် လာဖတ်ဖြစ်ပါတယ် ကိုအိုင်ရေ... အဆင်ပြေပါစေဗျာ..

တင့်ထူးရွှေ said...

ဆက်တွေးလို့ရသမျှ တစ်ပိုင်တစ်နိုင်တော့ တွေးသွားတယ် ဘရို !!