Happy Birthday To My Little Bell

ကျွန်တော့်ခေါင်းလောင်းလေးရဲ့မွေးနေ့ပါ။
ထုံးစံ ထုံးစံတွေအတိုင်း ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ်။

“ အဝေးကမင်းကို ငါအော်ခေါ်လိုက်တယ် ”


လည်နေတဲ့ စက်ဝန်းဟာ
စမှတ်ကို ပြန်လည်ထိခတ်မိသလိုမျိုး
နေ့သစ်တစ်ခုရဲ့ တိုးတိုက်မိသံ
ထောက်ကနဲကြားလိုက်ရပေါ့ ။

ရုတ်တရက် မမှီနိုင်တဲ့ အရပ်ဆီသို့
စိတ်ကူးတွေဟာ အလိုလိုဆန့်တန်း
ငြိမ်းချမ်းခြင်းဆီ လက်ကမ်းလိုက်တယ် ။

ပျော်ရွှင်ပါစေ
စကားသံ နဲ့ မကြားနိုင်တဲ့ စိတ်ကိုစိတ်ချင်းတိုးတိုက်မိမှု တစ်ခုနဲ့
ပျော်ရွှင်ပါစေ
ဖြတ်သန်းခဲ့တဲ့ ခရီးအတွက် အပန်းဖြေအားယူစဉ် တဒင်္ဂ
ပျော်ရွှင်ပါစေ
ရောက်ရှိလာသော ဆုမွန်ကောင်းများစွာ နှင့်အတူ ။

အသစ်အသစ်တွေ ဟောင်းဟောင်းလာသလို
အဟောင်းအဟောင်းတွေ သစ်သစ်လာတယ်
ဘဝရဲ့ နှစ်ပတ်လည် ….
စမ်းရေဟာ စမ်းရေခမ်းခဲ့သလိုမျိုး
ပန်းတွေဟာ ပန်းတွေ လန်းခဲ့သလိုမျိုး
အထိအရှ အနိုင်အရှုံးများနဲ့ကမ္ဘာ
သက္ကရာဇ်တွေ တစ်ဝုန်းဝုန်းလဲကျ ကျန်ရစ်ခဲ့ပေါ့ ။

အရှေ့ကိုမျှော်ပါ လက်ရှိကိုပျော်ပါ
မမှီနိုင်သေးတဲ့ အရပ်တစ်ကမ်းဆီက
မှန်းမျှော်တမ်းတသံ တိုးတိတ်အုံ့ဖွစွာ
ပျော်... ရွှင် ... ပါ ... စေ ။

အိုင်လွယ်ပန်

2 comments:

လင်းဒီပ said...

အရှေ့ကိုမျှော်ပါ လက်ရှိကိုပျော်ပါ .....

ပျော်ရွှင်ပါစေ ကိုအိုင်ရေ
ချစ်သူများကလည်း ချစ်လျှက်နဲ့ တစ်နေရာစီခြားကြပေါ့ ။

တင့်ထူးရွှေ said...

ဘရို ...
တစ်နှစ်တစ်ခါ ထုံးစံမပျက်ပေါ့း-)
ကိုဒီပ ရွေးထုတ်ပြတဲ့ စာကြောင်းလေး ကျွန်တော်လဲ သိပ်ကြိုက်တယ်ဗျ။
အရှေ့ကိုမျှော်ပါ လက်ရှိကိုပျော်ပါ ....

မွေးနေ့မှာ ခင်ဗျားရဲ့ ခေါင်းလောင်းလေး ပျော်ရွှင်ပါစေ ။
အဝေးက အော်ခေါ်သံများ ရင်နဲ့ ကြားနိုင်ပါစေ ။