Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

“ ဒီမိုးက ရွာကိုရွာမှာပါ ”

0 comments

မဲမှောင်နေတဲ့ ပတ်ဝန်းကျင်ထဲ စိတ်ဆန္ဒတွေကို အဆုံးထိပစ်ထည့်လိုက်
အတွေးကိုလွှတ်တင်လိုက်ရလို့ အိပ်ကပ်ကထပ်မံပြီး ပါးမသွားဘူး
တစ်နဲ့တစ်ပေါင်းလို့ နှစ်ရခဲ့ပြီးကာမှ တစ်ပြန်နှုတ်ခံလိုက်ရတယ်
တစ်ဟာတစ်ပဲ အပျော်ကြီးပဲဆိုပျင်းနေမယ် တစ်လှည့်လောက်ငိုကြည့်
နှုတ်ခမ်းဖျားလေးနဲ့ ချိုမြိန်ဖူးတဲ့ ပါးပြင်တစ်ခုဟာ လက်ဝါးပြင်းပြင်းလေးအတွက်လည်း
မ .. ယိုင် .. နဲ့ .. ကြေး ..
ကိုယ့်အထင်လေးနဲ့ကိုယ် မျှော်နေရတာကိုက ပျော်သလိုလို
“ မိုးရွာရင် မိုးရေချိုးမယ် … မိုးရွာရင် မိုးရေချိုးမယ် ’’
သွေးအေးအေးနဲ့ ဆိုတဲ့တေးမို့ သွေးအေးအေးနဲ့ပဲ နားဆင်ပါ
ငါဟာ ..
ကန့်လန့်ကာပွင့်မလာခင် ကိုယ့်အရသာလေးနဲ့ကိုယ် စောင့်ဆိုင်းနေသူ ။

အိုင်လွယ်ပန်

“ သံယောဇဉ်”

3 comments
မပြတ်တောက်နိုင်တဲ့ ကြိုးတစ်ချောင်းကို
လွမ်းမောတသစွာ ငေးမိနေသူဟာ
ငါပါ ...။

လက်ရှိ အဆိုးတွေ ကြုံတွေ့နေတာဟာ
တစ်ချိန်ကျရင်
အကောင်းတွေ ကြုံတွေ့လာနိုင်ဖို့ ချန်ပေးထားတဲ့ကွက်လပ်
အဲသလို … ဖြေတွေးခဲ့ ။

တကယ့် တကယ်တမ်းမှာတော့
အသက်ဝဝရှုလိုက်တဲ့ ဖြေသိမ့်ခြင်းဟာ …
ညှိမရနိုင်တဲ့ နားလည်မှုတွေကို ပြန်လည်ကောက်ယူဖို့
ဝေးကွာခြင်း ပင်လယ်ဝဲကတော့ထဲကို သူရဲကောင်းဆန်စွာ
ဦးစိုက်ဆင်းသွားခဲ့ပါပြီ ။

ပတ်ဝန်းကျင်တစ်ခွင်လုံး အုံ့မှိုင်းမဲမှောင်
ဆိုလိုတာက …
ပျော်ခွင့်ရတဲ့အချိန်မှာ ရာနှုန်းပြည့် ပျော်ခဲ့ဖူးသလို
အခု … ဆွေးခွင့်ရတော့လည်း ရာနှုန်းပြည့်
ဆွေး … တယ် ။


အိုင်လွယ်ပန်

အတွေး

1 comments
ရတာမလို လိုတာမရတဲ့
စိုင်ကော်လို့ ခြုံပေါ်ရောက်ရင်တောင် ရှော့ခ် နည်းနည်းတော့ရှိတာပဲ
(ဥပမာ … အသက်ပါမလာတာတို့ ဘာတို့ပေါ့)
ခရေပင်အောက် ခရေပွင့်ကို အငမ်းမရ ရှိုက်နမ်းနေသူဟာ
ခြေထောက်က ခရေပွင့်တွေ နင်းထားတယ်
ခရေတွေကတော့ …
တ .. ဖွဲ .. ဖွဲ .. ကြွေ .. စဲ .. ကြွေ .. မြဲ
“ လိုအပ်သည်များကို ထင်သာမြင်သာရှိစေရန်
မလိုအပ်သည်များကို ဖျတ်ပစ်ပါ ”
သွားပြီ …
ဒီစကားထဲမှာ တစ်ခုခုတော့ သေသွားပြီ
ထပ်ပြောပြန်တယ် …
“ မှန်တော့မှန်တယ် ဒါပေမယ့် နည်းနည်းမှားနေသေးတယ် ”
ဟောဗျာ … ဘယ်လိုကြီးတုန်း
“ မှန်ရင်မမှားနဲ့ မှားရင်မမှန်နဲ့လေ ”
စိတ်ထဲကနေ ကြိတ်အော်ပစ်လိုက်တယ်
သံသရာအကြွေးဟာ သံသရာတစ်လျှောက်လုံး
ပဲ့တင်သံဟာ နေရာတိုင်းမှာကြားနေရတယ်
ကဗျာတစ်ပုဒ် ဖတ်ပြီး ချမိလိုက်တဲ့ သက်ပြင်းအကြောင်း
သေချာစွာ ရှင်းပြဖို့ လိုပါသလား
လိုအပ်နေတဲ့ နားလည်မှုတစ်ခုကို သေသေချာချာ နားမလည်နိုင်တော့ဘူး
ကောင်မလေးရေ …
တစ်ခုတော့ … သေချာတယ်
နင့်ဘေးမှာ ငါ မရှိခဲ့ပါဘူးဆိုတဲ့ အဲဒီအချိန်တိုင်း … အချိန်တိုင်း
ငါ့ဘေးမှာလည်း နင်မရှိခဲ့ပါဘူး
အဲသလိုနဲ့ …
ရပ်စောင့်နေသူတွေရဲ့ နားလည်မှုကို
ဘယ်လိုမှ ရှာမရတော့တဲ့အဆုံးမှာ မီးပွိုင့်ဟာ
(နှစ်ဘက်စလုံးကို)
မီးစိမ်း ပြပစ်လိုက်တော့တယ်
……………………………………………………………………………
…………………………………………………………………………….
…………………………………………………………………………….
နှစ်သိမ့်ရုံ သက်သက်နဲ့တော့ မနှစ်သိမ့်ကြပါနဲ့တော့ကွယ်
ဘာဆိုဘာမှ မကျန်တော့လို့ ညစ်နေတဲ့သူတစ်ယောက်ကို
ညစ်မနေပါနဲ့ကွာ ဆိုတော့
သူ့မှာ ရှိစုမဲ့စု ညစ်နေတာလေးတောင် လစ်သွားရမယ့် ကိန်းပဲ
အတွေး …
တွေးတယ် …
က… လေး … အ … တွေး
အဲဒီ … ကလေးအတွေးကို လူကြီးတစ်ယောက်တွေးရင်ရော
ကလေးအတွေးဟာ လူကြီးကို မှီပြီး ရာထူးတက်သွားလား
လူကြီးအတွေးဖြစ်သွားပါ့မလား
အတွေး …
တွေးတယ် ။


အိုင်လွယ်ပန်

“ တိုးတက်မှုတွေထဲက အစစ်အမှန် ရိုးသားခြင်းရဲ့ မြုပ်တစ်ဝက် ပေါ်တစ်ဝက် ယဉ်ကျေးမှု ”

1 comments
အသံများ အားကောင်းသောအရပ်၌ လွတ်လပ်စွာနီးပါး သုံးစွဲခွင့်ရှိလာသော
(စာမျက်နှာများတွင်)
တဆိတ်ရှိ ထထမြည်နေသော အချက်ပေးသံပတ်သံများ လွန်းထိုးလှုပ်ခတ်
(အကောင်းဘက်မှတွေးလျှင်)
ခောတ်၏ဖြစ်ပျက်ပုံများအား ခောတ်နှင့်တပြေးညီ လွယ်ကူမြန်ဆန်စွာထိတွေ့လာနိုင်
(သို့သော်ငြားလည်း)
“ မိမိ ယနေ့ ခေါင်းကိုက်ခြင်းသည် သာမန်ထက်ထူးကဲလှစွာ ရှိပေသည် ”
(အဘယ့်ကြောင့်ဆိုသော်)
“ ယနေ့မိမိကိုက်သောခေါင်းသည် ယမန်နေ့များက ကိုက်သောခေါင်း မဟုတ်ချေသည်တကား ”
(အကြောင်းမှာ)
မြစ်ရေသည် နှစ်ခါပြန်ချိုး၍ မရသကဲ့သို့ ခေါင်းဟူသည်လည်း
(မနေ့ကခေါင်း နှင့် ယနေ့ခေါင်းတို့ )
မတူညီကြောင်း သတိချပ်စေချင်သည် ဟူ၍ မည်သို့ပြောရလေမည် မသိသော
(စေတနာ အတိတို့)
ခောတ်၏ စီးမျောမှုထဲတွင် ဟီးဟီးဟားဟားနှင့်ရေတွက်မရစွာ ပေါ်ထွန်းလာ
(ဘာရယ်ညာရယ်မသိ)
အဆိုပါဖြစ်ရပ်အား ထောက်ခံပါသည် ဆိုသောလေတိုက်နှုန်းများမြင့်တက်
( စတွေ့လိုက်သည်နှင့််)
ကောက်ကာငင်ကာ ခောတ်မှီစေရန်သက်သက် အပြေးအလွှားလိုက်လံအော်ဟစ်
(မေ့လွယ်ပျောက်လွယ်)
အလကားမတ်တင်း မွေးယူလိုက်သော ထင်မြင်ယူဆချက်များ ဖောသီစွာ
(ပြောရရင် … တကယ်တမ်းတော့)
တစ်စစ်စစ်နာနေသော ရင်ဘတ်ကြီးကို ပုတ်ပုတ်ပြရင်း
(ယုံကြည်ရဲရင့်စွာ)
ကိုယ့်အမှန်တရားအတွက် ကိုယ့်ခေါင်းကိုထိုးပေးလိုက်တဲ့သူများ ရှားပါးခြင်း (ဝါ)
( ကိုယ်တိုင်တစ်ချက်မှ မလှုပ်ဘဲနှင့် … ဟုတ်သော်ရှိမဟုတ်သော်ရှိ)
ထိုသို့ … ခေါင်းထိုးပေးလိုက်ရသူများအား ရက်ရောစွာလက်ခုပ်တီးအားပေးခြင်းများဟာ
(“တူတူရေ” ဆိုလျှင် … “ဝါး” ဆိုသကဲ့သို့ )
မလုပ်လိုက်ရမရှိ မဖြစ်လေအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ပေါ်လာ
(လှပကွန့်မြူး သဒ္ဓါတရားထက်သန်စွာ)
ဖောဖောသီသီ တစ်ယောက်နားမှ တစ်ယောက်နားသို့ သတင်းကောင်းပါးပေးခြင်းများ
(တောင်ပုံယာပုံ)
ဖျပ်ကနဲတွေ့မြင်လိုက်သည်နှင့် ဖမ်း၍ နှစ်သက်ပစ်လိုက်သည်က အရင်
(နောက်မှ)
တင်ပြထားသောအကြောင်းအရာကို သေချာစွာ (သို့) ပြီးပြီးရော လိုက်လံစမ်းစစ်လေ့လာမှုများ
(အားကောင်းလာပြီး)
အပျော်ပါဆိုသော အဝန်းအဝိုင်းထဲတွင် အပျော်သည် ပျော်ရင်းပျော်ရင်း
(တဖြည်းဖြည်း)
ပျော့ပြဲလာကြောင်း နားလည်လာခဲ့လိုက်ရပါသဖြင့်
(မနေနိုင်မထိုင်နိုင်)
ရောက်တတ်ရာရာ ကြည့်ရှုတွေးတောမှုသည် အကာအကွယ်ယူမထားသူအဖို့
(တစ်နည်းမဟုတ်တစ်နည်း)
စိတ်ကျန်းမာရေးကို လွယ်ကူစွာ ထိခိုက်စေနိုင်ကြောင်း သေချာခဲ့ပါသည် …။

အိုင်လွယ်ပန်

နံနက် ၁၁ နာရီ ၊ ၅ မိနစ် ၊ လှည်းတန်းလမ်းဆုံ ၊ ပြကွက်ဖန်တီးသူ Bomber သို့ တစ်ဘက်သတ် စကားစမြည်

2 comments
ခင်ဗျားဟာ ယောက်ျားဖြစ်သည်ဖြစ်စေ ၊ မိန်းမဖြစ်သည်ဖြစ်စေ

ခင်ဗျားကို ခင်ဗျားဆိုတဲ့ အသုံးအနှုန်းနဲ့ပဲ

ဒီစကားကို စလိုက်ကြပါစို့ ။


ဘယ် အယူအဆ အတွေးအခေါ်တွေကများ

ခင်ဗျားကို အဆိပ်ခတ်လိုက်တာပါလဲ

ခင်ဗျားဟာ ဒုလ္လဘတရားငါးပါးထဲက

အနည်းဆုံးတစ်ပါးလောက်ကိုတော့

ယမ်းနံ့နံနေတဲ့ မီးခိုးလုံးတွေထဲ ပစ်သွင်းခဲ့တယ် ။


လောလောဆယ် မီဒီယာခောတ်မှာတော့

ခင်ဗျားဟာ တစ်ခဏတာ

ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားပြီ ။


ခင်ဗျား ရဲ့ ယုံကြည်ချက် ဟာ ဘာလဲ …?

ခင်ဗျား ရဲ့ အောင်မြင်မှုဟာ ဘာလဲ …?

တစ်ဘ၀စာ ခင်ဗျား ဖျပ်ကနဲ မြင်မိလိုက်တဲ့ ခင်ဗျားရဲ့ အမှန်တရားလား …?

(ဒါမှမဟုတ်)

တည်မြဲတယ် လို့ ခင်ဗျား ယူဆမိလိုက်တဲ့

တစ်ဘဝစာ လူမွှေးလူတောင် တောက်ပြောင်မှုလား …? ။


ခင်ဗျားမှားတယ် …

(ခင်ဗျားဟာ ဘယ်အဖွဲ့အစည်း ဘယ်ဝါဒ ရဲ့ သားကောင်ပဲ ဖြစ်ဖြစ်)

အပြစ်မဲ့ခြင်းတွေကိုတော့ ဓါးစာခံမလုပ်သင့်ပေဘူး

ဖျတ်လိုဖျတ်ဆီး ဆိုတဲ့ အကြောင်းပြချက် သက်သက်နဲ့ တင်ဆို

အယုတ္တ အနတ္တတွေ ဟာ ခင်ဗျားကို အဖေခေါ်လိမ့်မယ်

ယုံကြည်မျှော်လင့်ချက်ဆိုရင်ကော

ခင်ဗျားလိုပဲ မျှော်လင့်ချက်စက်လက်နဲ့ နှလုံးသားတစ်စုံ ဟာ

အခု နေဝင်သွားပြီ

ကဲ .. တစ်ခြားတစ်ဘက်ကပေါ့ ..

တစ်ဘဝစာ အဖွင့် နဲ့ အပိတ် အဟ လေးကြား

ခင်ဗျား ရဲ့ သာယာပြည့်စုံ ခြင်းကကော ဘယ်လောက်တာ

ကြာကြာခံနိုင်မယ့် ဖယောင်းတိုင်တစ်ချောင်းလဲ

ခင်ဗျားဟာ သိပ်ကိုမှားတယ် ။


အခု ခင်ဗျားချေမွ လိုက်တာဟာ

ဒုလ္လဘတစ်ခုရဲ့ ဖြစ်တည်မှု သက်သက်တင် မဟုတ်ဘူး

မိသားစုတစ်ခု ရဲ့ အဓိက မဏ္ဍိုင် ဖြစ်ချင်ဖြစ်မယ်

လောကအတွက် သူစွမ်းသလောက် ဖြည့်စွက်ပေးနေတဲ့

အုပ်တစ်ချပ် ဖြစ်ချင်ဖြစ်မယ်

နှလုံးသားတစ်စုံ နဲ့ ထပ်တူကျနေတဲ့

နောက်ထပ်နှလုံးသားတစ်စုံ ဖြစ်ချင်ဖြစ်မယ် ။


ဘယ်လိုဖြစ်ဖြစ် ခင်ဗျားကတော့

ခင်ဗျား ရဲ့ ဗျာပါဒ တွေ နဲ့ ဗျာပါရ ပေါင်းများစွာကို မွေးဖွားပစ်လိုက်ပြီ

ခင်ဗျားဟာ ခင်ဗျားကိုယ်တိုင် ကြောင့်ပဲ အမှောင်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေပြီ

ခင်ဗျားဟာ ခင်ဗျား ရဲ့ လုပ်ရပ် နဲ့ ခင်ဗျားသမိုင်းကို ခင်ဗျားရေးလိုက်ပြီ ။


တစ်ခုတော့ မေးချင်တယ်

တစ်ပါးသူတွေအတွက် ဘယာနကရသဟာ ခင်ဗျားအတွက် အနုပညာလား …?

လက်ရှိဘဝဟာ တိုတယ်လို့ ပြောကြတယ်

ခင်ဗျားဟာ …

သံသရာ တစ်ကွေ့ကွေ့မှာ

ယမ်းနံ့နံနေတဲ့ မီးခိုးလုံးတွေထဲ ခင်ဗျားရဲ့ ညှော်နံ့ကို ခင်ဗျား ပြန်လည်မရရှိသေးခင်

အ … ခိုက် … အ … တန့် …။


အိုင်လွယ်ပန်

မလာနိုင်တော့တဲ့ ကားကိုမှ လာလိုလာငြား ပေတေပြီးစောင့်

1 comments
နေလုံးဟာ လမ်းမပေါ်ကိုထိုးဆင်းသွားပြီ
“နောက်ဆုံးကား” … “နောက်ဆုံးကား”… ဆိုတဲ့
အော်ခေါ်သံ အသစ်အသစ်တွေ
ကြားနေရတဲ့သတင်းက မကောင်းဘူး
တုတ်နဲ့ထိုးမိတဲ့ ပုရွက်ဆိတ်အုံလို
ဒရောသောပါး ကားတွေကြားထဲ
ငါဟာ ….
မလာနိုင်တော့တဲ့ ကားကိုမှ လာလိုလာငြား
ကားမှတ်တိုင်မှာ ပေတေပြီးစောင့် ။

အချိန်တန်ရင် အိမ်ပြန်ရမယ်
အိမ်ပြန်ဖို့ရန် အချိန်တန်ပြီ
ဆို … ပေ … မယ့်
လွယ်ကူသက်သာစေသော လမ်းကိုလိုက်ဖို့
စိတ်ရှည်သည်းခံခြင်းတွေ ရိုက်သွင်း
ဟုတ်ပါ့မလား ဆိုတာကိုက ဟုတ်လောက်မယ် ဟုတ်လောက်မယ်နဲ့
(မှားချင်လည်းမှားပေါ့)
ငါဟာ ….
မလာနိုင်တော့တဲ့ ကားကိုမှ လာလိုလာငြား
ကားမှတ်တိုင်မှာ ပေတေပြီးစောင့် ။

မိုးရိပ်တွေသမ်းလာပြီ
ဘယ်တော့မှ အကောင်းပြောမခံရဖူးတဲ့
ညို့တိုင်းမရွာဖြစ်ခဲ့တဲ့ မိုးနဲ့
မညို့ပဲ ရွာဖြစ်ခဲ့တဲ့ မိုးတို့ လည်ပင်းဖက်
အချင်းချင်း ကြေကွဲမှုများ ဖွင့်ဟဖလှယ်စဉ် အခိုက်အတန့်
ငါဟာ ….
မလာနိုင်တော့တဲ့ ကားကိုမှ လာလိုလာငြား
ကားမှတ်တိုင်မှာ ပေတေပြီးစောင့် ။

ရေခံနေတုန်း မိုးထပ်ရွာတာကတော့
မုတ်ဆိတ်ပျားစွဲတာပဲ
တကယ် …
ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတဲ့ စိတ်နဲ့
ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့စိတ်တို့ရဲ့ ဒွိဟတွေ
ခြောက်တလှည့် စိုတလှည့်ဖြစ်နေတဲ့ ကားလမ်းမပေါ်မှာ
ထင်းထင်းကြီး ကိုယ်ယောင်ပြတယ်
(ထားပါ … ဖြစ်ချင်ရာဖြစ်)
ငါဟာ ….
မလာနိုင်တော့တဲ့ ကားကိုမှ လာလိုလာငြား
ကားမှတ်တိုင်မှာ ပေတေပြီးစောင့် ။

မီးရောင်တွေဟာ အစွမ်းကုန်ဖွင့်လှစ်ပွင့်အာ
ညရဲ့ကျောကုန်းထက်က ဟန်ဆောင်ခြင်းတွေ
မြို့ပြရဲ့ ရောတိရောရာ လူကြီးလူကောင်းဆန်ခြင်းတွေ
ဒီကွေ့ရောက်လို့ ဒီတက်နဲ့ ကောက်ကာငင်ကာ ထလှော်ခြင်းတွေ
ချိုအီတဲ့ အပြုံးတွေနောက်က ဝှက်ကွယ်ထားတဲ့ ဓါးအစင်းစင်းတွေ
လွန်းထိုး ပြေးလွှား လူးလာ ခေါက်တုံ့
နိမိတ်ပုံဆိုတဲ့ စကားလုံးရဲ့ ကိုယ်ဖိရင်ဖိ ထဲထဲဝင်ဝင်ကြား
ငါဟာ ….
မလာနိုင်တော့တဲ့ ကားကိုမှ လာလိုလာငြား
ကားမှတ်တိုင်မှာ ပေတေပြီးစောင့် ။

ဒီနေ့ဟာ ဘယ်လိုဘယ်လို ကုန်သွားမှန်းမသိတဲ့နောက်
(စဉ်းစားလေ စဉ်းစားလေပဲ)
ဘဝဟာ တိုတိုလေးလို့ သိလာတယ်
ခင်ဗျားမှာ မျှော်လင့်ချက်တစ်ခု ရှိခဲ့ဖူးပါသလား
နင်းဖြတ်ပြီးရင်း နင်းဖြတ်စဲဆိုတဲ့ ဘဝရဲ့ တဒင်္ဂ
စိတ်ဓါတ်ကို ဆက်လက်မျှင်းထားတာလဲ မျှော်လင့်ချက်ပဲ
(ကဲ … ပြောလေ ကဲလေ )
ငြိမ်းချမ်းခြင်းရဲ့ ငြိမ်းချမ်းမှုကို မတိုက်မိသေးခင် စပ်ကြား
ငါဟာ ….
မလာနိုင်တော့တဲ့ ကားကိုမှ လာလိုလာငြား
ကားမှတ်တိုင်မှာ ပေတေပြီးစောင့် ။

အိုင်လွယ်ပန်

ဝတ်ကျေတမ်းကျေစကားများ နဲ့ ကော်ဖီသောက်ခြင်း

2 comments
အိပ်လို့မပျော်မှတော့
( ကြိတ်မှိတ် အိပ်မနေတော့ပဲ )
ထထိုင်နေလိုက်တာ အကြောင်းလား
တစ်ချက်ချက်နဲ့ ရွေ့နေတဲ့ နာရီကို
ကြည့်နေရင်းနဲ့ စိတ်အသေတွေ ရုန်းထလာတယ် ။

ည ကနေ မနက် ၊ မနက် ကနေ ည
ရင်းနှီး တွေ့ဆုံနှုတ်ဆက် မှုတွေဟာ
အခါးပေါ်အုပ်ထားတဲ့ သကာတွေနဲ့
သကာပေါ်အုပ်ထားတဲ့ အခါးတွေနဲ့
အသံကို အသံချင်း စီးချင်းထိုးကြတဲ့ ပွဲတွေမှာလည်း
ရွှေ့ရမယ့်အကွက်တွေဟာ
စဉ်စားချိန်ကိုယ်စီနဲ့ ၊ မျက်နှာဖုံး ကိုယ်စီနဲ့ ။

မြတ်နိုးတွယ်တာရပါသော မျှားနေသူကြီး ပျော်စေဖို့အတွက်
အစာတပ်ထားတဲ့ ငါးမျှားချိတ်မှန်း သိလျှက်နဲ့
ပျော်ပျော်ကြီး ပြေးဟပ်ပစ်ခဲ့တဲ့ ငါးရဲ့ ဇာတ်လမ်းလိုမျိုး
(တစ်ခါတစ်ရံ )
မိုက်ရူးရဲဆန်ပြတာနဲ့ သူရဲကောင်းဆန်ပြတာဟာ
အမြင်ကြိုးကလေး တစ်ချောင်းစာပါပဲ ။

လမ်းမပေါ်မှာ မြင်လိုက်တယ်
ကားကြိတ်ခံလိုက်ရတဲ့ ဖားတစ်ကောင်
ရင်ဘတ်တစ်ခြမ်းပိန်ကာ အသက်ငင်လျှက်
“ဖြစ်မှဖြစ်ရလေ ဖားရယ် ”
ကျွန်တော်ပြောနိုင်ခဲ့တာ ဒီလောက်ပါပဲ
ကျွန်တော့်ရင်ဘတ်တစ်ခြမ်းဟာလည်း
မွန်းကြပ်မှုတွေနဲ့ အဲဒီဖားရဲ့ ရင်ဘတ်လို ပိန်လို့ ။

မှားနေတဲ့ အထင်တွေကို ပြန်လည်တည့်မတ်ပေးဖို့ရာ
အထင်ကို အထင်ပါလားဆိုတဲ့ အသိရရှိစေဖို့
အထင်ကို အထင်သက်သက်အဖြစ် ရှုမြင်ခံစားတတ်ဖို့
လိုအပ်လာပါပြီ …
ဝမ်း .. တူး .. သရီး …
ကဲ .. စကြည့်ရအောင်
တစ်စချင်းစီ ၊ တစ်ခုချင်းစီ ၊ အသေးစိတ် ၊ အနုစိတ် ။

သေချာတယ်
ကျွန်တော် ကော်ဖီသောက်လိုက်လို့
အိပ်မပျော်တာ မဟုတ်ပါဘူး
အိပ်မပျော်လို့ ကျွန်တော် ကော်ဖီ ထသောက်လိုက်တာပါ ။

အိုင်လွယ်ပန်

နီးနေပေမယ့် မရောက်သေးသ၍တော့ ဝေးနေတာပဲ မဟုတ်လား

4 comments
ဒီနေ့ ထပ်ကြားရတဲ့ ပိတ်ဆို့မှုအသံမှာ
ဘယ်နှစ်ရာသီ ဆက်လက်ပြီး မွန်းကျပ်ရဦးမလဲ
အရှိကိုအရှိအတိုင်း အသိကိုအသိအတိုင်း
ရဲရဲရင့်ရင့် ဖူးပွင့်ပစ်လိုက်လိုခြင်းမှာ
ကျွန်တော်ဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ။

တရားကို လက်တွေ့ နဲ့ မျှောခေါ်ဖို့
ကမ္ဘာကျော် အဆိုအမိန့်တွေနဲ့တင် မလုံလောက်တော့ဘူး
မိုးများတဲ့နေ့တွေမှာ မိုးကို လွယ်လွယ် ငြိုငြင်တတ်သူဟာ
မိုးခေါင်တဲ့အခိုက်မှာ မိုးကိုမျှော်နေခဲ့
ရှေ့နေတစ်ယောက်ဆိုမှ မဟုတ်ပါဘူး
ဘဝမှာ …
ခင်ဗျားဆိုလည်း အနည်းဆုံး တစ်ခါလောက်တော့ မှားဖူးမယ် ။

ဝမ်းသာမှုတွေနဲ့ အရောင်တောက်သွားတတ်တာလည်း ဒီမျက်လုံး
ဝမ်းနည်းမှုတွေနဲ့ ပုလဲဥတွေ ကန်ကန်ထွက်လာတတ်တာလည်း ဒီမျက်လုံး
မျက်လုံးပေါင်း များစွာကြားမှ ဒဏ်ရာများစွာနဲ့
တစ်နေ့ထက်တစ်နေ့ ပိုမိုချူချာလာသော ကမ္ဘာ ။

တစ်နေ့တစ်လံ တစ်နေ့တစ်လံ နဲ့
သွားပါများ ခရီးရောက်ခဲ့မှုများ
မျက်ဝန်းအစုံကို စုံမှိတ်ထားတတ်သည့် အလေ့အကျင့်ကြောင့်
ဦးတည်ရာသည် ဘယ်ဆီဘယ်ဝယ် ။

လင်းကနဲ ဝင်းကနဲ မရှင်းလင်းခင်အထိ
စူးစိုက်ကြည့်သော်လည်း သဲကွဲစွာ မမြင်ရ
နားစိုက်ထောင်သော်လည်း ပီသစွာမကြားရ
ဖိနပ်သဲကြိုးများ ပြတ်လုပြတ်ခင် ပါးလွှာနေသော်လည်း
ခြေထောက်များ အကောင်းအတိုင်း ကျန်နေသေးသည်
အထိုထိုသော ဖြေသိမ့်မှုများ လူးလာခေါက်တုံ့ ။

အကောင်းမြင် ဝါဒီနှင့် ငြိမ်းချမ်းခြင်း တရားဓမ္မ
အရှိကို အရှိအတိုင်း အသိကိုအသိအတိုင်း
ရဲရဲရင့်ရင့် ဖူးပွင့်ပစ်လိုက်လိုခြင်းမှာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ကျွန်တော်
ကိုယ့်ပြဿနာကိုကိုယ် မီးခွက်ထွန်းရှာနေမိတော့တယ် ။

အိုင်လွယ်ပန်

“ ဒွန်းစဏ္ဍား ရဲ့ ချစ်ပုံပြင် ”

5 comments
လေညှင်းတွေ စည်းချက်ညီညီ ကခုန်နေကြ
ဆံနွယ်ဖားဖားတွေ သပ်ဖယ်ရင်း
ခိုးချစ်ရသူရဲ့ လှမ်းလာတဲ့ ရနံ့မှာ
သနပ်ခါးပင် တစ်ပင်လုံး အုပ်ကွဲလွင့်ပျံ ။

ကျွန်တော်ဟာ ဆိုရင်
ဆိုနေကျ သီချင်းကို မေ့လျော့
ဆန့်ထုတ်နေကျ လက်ကို မေ့လျော့
ကမ္ဘာလောကကြီးတစ်ခုလုံးကို မေ့လျော့
ကုန်ကုန်ပြောရရင်
ကျွန်တော့်ကိုယ်ကျွန်တော်ပါ မေ့လျော့ ။

ကောင်းကင်ဟာ သာသာယာယာ
နယူတန်ရဲ့ တန်ပြန်သက်ရောက်မှု ဥပဒေသအောက်မှာ
ခိုးချစ်ရသူက ကျွန်တော့်ကိုတစ်ချက်ဝေ့ကြည့်ပြီး လမ်းမပေါ်ထွေးချလိုက်တဲ့
သူမရဲ့တံတွေးစက်လေးကို
ကျွန်တော်ဟာ နှလုံးသားနဲ့ သိမ်းခဲ့တယ်
တ ယု တ ယ ။


အိုင်လွယ်ပန်

“ ပန်းပွင့်တွေဆီက ကြားရတဲ့ ဂီတ ”

2 comments
( အစ )

နေ့သစ်တစ်ခု မွေးဖွားလာတာဟာ နေ့ဟောင်းတစ်ခုရဲ့ စတေးပေးဆပ်လိုက်ရခြင်းလား ။
ဒါမှမဟုတ် …
နေ့သစ်တစ်ခုရဲ့ ဖြစ်ခြင်းပျက်ခြင်း သဘောတရားကို နားလည်ချင်ယောင် ဆောင်လိုက်တဲ့
နေ့ဟောင်းတစ်ခုရဲ့ မထူးဇာတ်တစ်ခုလား ။
ထားပါတော့ …
မေးခွန်းတစ်ခုပါလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပြီးတဲ့နောက်တော့ ဘယ်အဖြေ ဝင်လာလာ
အပြုံးမပျက်နဲ့တော့ပေါ့ ။
အနီးအနားက ပန်းပွင့်တွေကို လိုက်ငေးနေမိတယ် ။
အဲဒီမှာ ..
နူးညံ့သိမ်မွေ့မှုထဲက မာကျောပြတ်သားမှုကို တွေ့ရတယ် ။
မာကျောပြတ်သားမှုထဲကလည်း နူးညံ့သိမ်မွေ့မှုကို တွေ့ရပြန်တယ် ။
စိတ်နဲ့ ပန်းပွင့်တွေ ထပ်တူကျခဲ့တဲ့ တဒင်္ဂ ၊ ဆန္ဒရဲ့ လက်ဖျစ်တစ်တွက်စာလေး …
အဝေးက ခေါင်းလောင်းသံတွေ တစ်ဖြည်းဖြည်း နီးနီးလာတယ် ။
အနီးက ခေါင်းလောင်းသံတွေ တစ်ဖြည်းဖြည်း ဝေးဝေးသွားတယ် ။

(၁)
“ မူလ ဘူတ ”

နုမယ် ၊ ရင့်မယ် ၊ စွန့်စားမယ်
ညံ့တဲ့တစ်နေ့ သေမယ်
လူ့ဘဝဆိုတာ
ပိတ်ကားက ငေးယူရပေရဲ့
ရုပ်ရှင် ။

ဝိုင်ချို
( ဝိုင်ချိုဒီဇိုင်း တစ်ကိုယ်တော်ကဗျာရွေးချယ်မှုမှ )



ခလုပ်ကို စဖွင့်လိုက်တယ် ။
သံသရာအဆက်ဆက် ပါလာခဲ့တဲ့ ရောင်ပြန်က မသက်ရောက်သေးခင် စပ်ကြား ကိုယ့်ဇယားကွက်
ကိုယ်ရွှေ့နေခဲ့ခြင်း နှင့် သာကြောင်းမာကြောင်း သတင်းမေးခြင်းများစုန်ဆန်ကူးခတ်နေ ။
ပြောရရင် …
တဒင်္ဂ အာသီသ မရှိဘဲ မာသာထရီဇာ ရဲ့ အိန္ဒိယသမိုင်း ဖြစ်မလာနိုင်ဘူး ။
တဒင်္ဂ အာသီသ မရှိဘဲ ဟစ်တလာရဲ့ ပါဏာတိပါတာကံ ဖြစ်မလာနိုင်ဘူး ။
တဒင်္ဂ အာသီသ မရှိဘဲ ဘုရင့်နောင် ဖောင်ဖျတ်ဖို့စိတ်ကူးမရနိုင်ဘူး ။
ကောင်းသည် … ဆိုးသည် …..
ပြကွက်ကို ပြကွက်က လှမ်းမျှော်ကြည့်တယ် ။
စတင်စီးဆင်းသွားတဲ့ မြစ်တစ်စင်းတွင် ဘက်ဂီယာပါမလာခဲ့ ။
အဆုံးမသတ်ချင်ရင် ငြိမ်နေလိုက်ရုံသာ ။ တစ်ချိန်ချိန်တော့ အလိုလို
အဆုံးသတ်သွားမှာ အသေအချာ ။

(၂)

“ တစ်နေ့တာ ”

ရေငတ်အပြေ ငါ့တည်ငြိမ်ခြင်းက
သွေးမတိတ်တော့ဘူး ။

ဘတ်(စ်)ကားတွေပေါ်က ညတွေကလင်းလို့
တစ်နေ့ခင်းလုံး
စိတ်မကြည်လင်မှုက စကားလုံးတွေပဲ ဆင်းလာတယ် ။

တစ်မိုးအောက်
တစ်ယောက်တည်း
အဝေးကိုငေးလို့ဆွေးတယ်။
ထွက်ကျလာတဲ့ ငါ့အရိပ်မှာ
ခွေးတစ်ကောင်ဟောင်ရင်း ပါလာတယ် ။

ဟိန်းမြတ်ဇော်
( မိုးများရွာသွန်းပြီးနောက်မှ )



ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ ဆန္ဒဟာ ပြေးကြောက်ချင်ပါတယ်ဆိုတာတောင်
နီးရာဓါးကို ရှာမရဘူး ။
နောက်ကျိ ရှုပ်တွေးမှုရဲ့ နောက်ကွယ်မှာ စကားလုံးတွေထဲက နိမိတ်တွေကို မြင်ရတယ် ။
ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတဲ့ အထီးကျန် ခံစားမှုမျိုးနဲ့ ကမ္ဘာတစ်ဘက်ခြမ်းကနေ
အခြားကမ္ဘာ တစ်ဘက်ခြမ်းကိုလှမ်းမျှော်အော်ခေါ် လိုက်မိ။
ထွက်ကျလာတဲ့ အသံဟာ ထင်မြင်မှုတွေ ဖောသီနေသူများအတွက်တော့ အရိပ်တွေထပ်နေတဲ့
အမည်မဲ့ သဏ္ဍန်တစ်ခုပါ ။
အလျှင်းသင့်သလို စာတန်းထိုးလိုက်ပါရန် ။

(၃)

“ အကျည်းတန်သောလက် ”

အဖိုး လက်သည်
မည်းနက်ညစ်ပုပ် ၊ အမြင်နုပ်၏ ။

အဖိုး လက်သည်
ရှည်ထွက်လက်သည်း ၊ ချေးဖြင့်မည်း၏ ။

အဖိုး လက်သည်
ကွဲအက်ရှန ၊ ခုံးခုံးထ၏ ။

အဖိုး လက်သည်
သွက်လက်မရှိ ၊ တုံ့နှေးဘိ၏ ။

အဖိုး လက်သည်
အဆီကင်းပြတ် ၊ ပိန်ခြောက်ကပ်တည့် ။

သည်လက်နှင့်ပင်
နေ့စဉ်ချိန်မှန် ၊ လုံ့လဖန်သော်
ပုံဟန်ယဉ်ကျေး ၊ မြင်သူငေးသော
ဖွေးဖွေး လှုပ်လှုပ် ၊ ပန်းပုရုပ်ကို
ထုလုပ်နိုင်စွမ်း ရှိခဲ့၏ ။

မောင်စန်းသော်
( ခေတ်ပေါ်မြန်မာကဗျာ ၊ မြဝတီပုံနှိပ်တိုက် ၊ ၁၉၇၈ ၊ ဧပြီ မှ )



အဝေးကိုမျှော်ကြည့်ပြီးမှ အနီးကို တဖြည်းဖြည်းဆွဲယူ ကြည့်မိသလား ။
အနီးကို ကြည့်ပြီးမှ အဝေးကို တဖြည်းဖြည်းမျှော်ကြည့်မိသလား ။
မသေချာဘူး ။
အထင်ကြီးတယ် ၊ အထင်သေးတယ် ဆိုတာ ကြီးတယ်လို့ထင်တာနဲ့ သေးတယ်လို့ထင်တဲ့
အထင်သက်သက် လောက်ပါပဲ ။
အပြင်ခွံတွေ ကာရန်ထားတော့ တစ်ခါတစ်ရံမှာ အတွင်းသားကို လှမ်းမြင်အောင်
အားစိုက်ဖို့ မေ့ခဲ့ကြတယ် ။
ဒီရုပ်ဒီရည်နဲ့ ဒီလိုအသံကောင်းရလားဆိုတဲ့ အကွက် ။ ဒီ
ခြေထောက်ပိန်သေးသေးက ဒီလို ဘောလုံး
ကန်ချက်ပြင်းပြင်း ထွက်သလားဆိုတဲ့ အကွက်များ ။
ကိုယ်ပိုင်ဆိုင်ဆိုင်ထားတဲ့ ဖြစ်နိုင်ခြင်းနဲ့ သူတစ်ပါးပိုင်ဆိုင်ထားတဲ့
ဖြစ်နိုင်ခြင်း
လိုက်လံချိန်ထိုး ၊ ခေါင်းခါရှုံ့ချတတ်ခြင်း အလေ့အထ ဘယ်ကစခဲ့ပါသလဲ ။
ဘာမဆိုဖြစ်နိုင်သော ဖြစ်နိုင်ချေများထဲမှာ သံသယအတတ်ပညာကို
ကျွမ်းကျင်ပိုင်နိုင်သူမြောက်များစွာ ။

(၄)

“ အင်္ဂါဂြိုလ်က အကုသိုလ် ”

ထီးလေးတစ်လက် မိုးစိုမှာကြောက်တာနဲ့
ပင်လယ်ကိုရေနှစ်သက်ချင်တဲ့စိတ်ကူးကိုမုန်းဖို့
မှောက်ထားတဲ့ဖဲချပ်တွေ ဆွဲလှန်ပစ်လိုက်တယ်
အဲဒီမှာ
အဝါရောင်ဒဏ်ရာတွေဖွေးဖွေးလှုပ် ပွင်ကြွေလွင့်ဝဲ မိုးတွေထဲမှာ
ဒါတွေကို အကောင်းအတိုင်း ဘုရားသခင်ဆီပို့ဖို့
ဘယ်ဝန်ဆောင်မှုကို အသုံးပြုရမလဲ ။

ကတ္တီပါလမ်းကို ပန်းခင်းပြီးမှ နင်းချင်တဲ့စိတ်ကူးကို မုန်းဖို့
အ နေတဲ့သီချင်းတွေ အသံထွက်လာတယ်
အဲဒီမှာ
ငှက်ကျေးများရဲ့အသံနဲ့အစိမ်းရောင်အငွေ့အသက်များရဲ့ရနံ့
ဒါတွေကို ဓါတ်ခွဲစမ်းသပ်ဖို့ ရေခဲတိုက်ဆီလား ၊ ရင်ခွဲရုံဆီလား ။

ဟင်းအိုးမှအားမနာသူ အမဲရိုးကြီးကိုမုန်းဖို့
သေနေတဲ့ကဗျာတွေ ရုန်းထလာတယ်
အဲဒီမှာ
ဘုရားသခင်ရဲ့လိပ်စာနဲ့ ခြင်္သေ့တွေကိုချော့သိပ်မဲ့သံစဉ်နဲ့
ဒါကို လူသားဆန်ဆန်မြတ်နိုးဖို့ နှလုံးသားများသန့်ရှင်းပါရဲ့လား ။

မေ့လို့ခဏခဏ ပြန်မေးမိတာပါ
ကောက်ရိုးပုံစောင့်တဲ့ခွေးတွေလား
ဥယျာဉ်စောင့်တဲ့ မျောက်တွေလား
ဒါမှမဟုတ် … လူပြောသူပြောများတဲ့ ငါးခုံးမတွေလား
ကျွန်တော်က မေ့တတ်တယ် ။

ငြိမ်းချမ်းသာ
( မနက်ဖြန်ထဲက ပွဲတော်မှ )



ကိုယ့်စိတ်နဲ့ ကိုယ် ဖျားနာနေခဲ့မိ ။
ရင်ထဲက အနာတွေကို ဘယ်လိုခင်းကျင်းမှုမျိုးနဲ့ ဘုရားသခင်မြင်အောင် ပြသရမလဲ ။
ကိုယ့်စိတ်နဲ့ ကိုယ် ဖျားနာနေခဲ့မိ ။
သာယာခြင်းတစ်ဝက် ဆူညံခြင်းတစ်ဝက် ရောနေတဲ့ အသံတွေကို အသေးစိတ်စိစစ်ဖို့ရန် အလို့ငှာ
ဝတ်ကျေတမ်းကျေ အဆုံးသတ် တစ်နေရာမဟုတ် တစ်နေရာ ။
ကိုယ့်စိတ်နဲ့ ကိုယ် ဖျားနာနေခဲ့မိ ။
ဆုတောင်းခြင်းသီချင်း နဲ့ အလားအလာမသိတဲ့ တစ်စုံတစ်ရာအတွက် အိပ်ရာဝင်တေး ၊
ဘယ်လို နာခံမှုမျိုးနဲ့ ဘယ်ဘက်ရင်အုံက နာကြားမလဲ ။
ကိုယ့်အမြင်နဲ့ကိုယ် ကြည်နူးမိ ဝမ်းနည်းမိ ။
ရနံ့တောမှာထိုင်နေလို့ စွဲထင်လာတဲ့ ရနံ့ဟာ အတိုင်းအတာဆိုတဲ့
စကားလုံးကိုပိုင်ဆိုင်ရဲ့ ။
တွေးခေါ်မှုမှာ လစ်မစ်မရှိဘူး ။ နှလုံးသားမှာ လစ်မစ်မရှိဘူး ။
ပြောခဲ့ပြီးပြီ ။
ကိုယ့်စိတ်နဲ့ ကိုယ်ပဲ ဖျားနာနေခဲ့မိ ။
ဘဝဆိုတာ အဲသလို …
ဘာဟာ ဘာလဲဆိုတဲ့ အတွေးတွေဟာ လှုပ်ရှားတွန်းကန်လျှက် ။
သတိမရခဲ့ခြင်းတွေကို သတိရမိလိုက်တဲ့ အချိန်ကစလို့ပေါ့ ။

(၅)

“သားပိုက်ကောင် ”

မျိုသိပ်ထားရတာတွေကို မျိုချလိုက်ပြီးမှ
စကြာဝဠာကြီးကို စိတ်ကူးယဉ်လို့ရတယ် ။

ဟောဒီကမ္ဘာမြေပေါ်က
ဘယ်အပိုင်းအစလေးကိုပဲဖြစ်ဖြစ်
မှိုချိုးမျှစ်ချိုး မလုပ်လိုက်ပါနဲ့ ။

အိပ်မက်မကောင်းသော်လည်း
ကြိတ်မှိတ်အိပ်ရ
ရာသီဥတုမကောင်းသော်လည်း
ကြိတ်မှိတ်ကြည်နူးရ ။

ပူပင်သောကတွေကင်းမှ
ခံတွင်းရှင်းမယ်
ခံတွင်းရှင်းမှ စိတ်ချမ်းမြေ့မှုရမယ် ။

ဒီလောကရဲ့ အသေးအဖွဲလေးကအစ
ရေစက်ရှိမှ ဆုံရတယ် ။

မျိုးနေနွယ်
( ရုပ်ကြွင်းများ မှ )



နာကျင်မှုကို မေ့ထားလိုက်တော့မှ ဒဏ်ရာဟာ ဒဏ်ရာပါလားဆိုတဲ့ အသိကိုရတယ် ။
ဖုန်မှုန့်လေးတစ်စမှာတောင် ဖုန်မှုန့် ဆိုတဲ့ နာမ တစ်ခု ရှိပါတယ် ။
မျက်စိနဲ့ မမြင်နိုင်တဲ့ ဗိုင်းရပ်စ် လေးတစ်ကောင်ကအစ သူ့အသက်နဲ့သူ ။
“မချစ်သော်လည်း အောင့်ကာနမ်း” ဇာတ်လမ်းများ “ပျော်ရာမှာမနေရ တော်ရာမှာနေရ”
အစရှိသောဇာတ်လမ်းများနှင့် လူ့ဘဝသည် ရှုပ်ထွေးပွေလီ ။
စဉ်းစားမိတယ် …
အရှုပ်တွေ ရှင်းစေဖို့ အရှင်းတွေ ရှုပ်လိုက်ရမလား ။
ပူပင်မှုနှင့် ငြိမ်းချမ်းမှုတို့ တစ်ကောင်သေမှ တစ်ကောင်အသက်ရှင်ရမည့် မနော ။
သံ … သ … ရာ ။
ရေစက်ဆိုတာထဲမှာ ပြန်လည်တိုက်ဆိုင်ပေါ်ထွန်းလာလို့ ခင်ဗျားတို့
ကျွန်တော်တို့ ထိခတ်မိကြတာပါ ။

အပိတ်

ညကအိပ်မက်ထဲတွင် ပန်းပွင့်တွေပေါ်မှ ကျွန်တော် ခြေပစ်လက်ပစ်ပြုတ်ကျခဲ့သည် ။
သို့သော် နှလုံးသားမှလွဲ၍ အခြားမည်သည့်ကိုယ်ခန္ဓာအစိတ်အပိုင်းမှ
ထိခိုက်နာကျင်မှု မရှိခဲ့ကြောင်း တွေ့ခဲ့ရသည် ။
ယ္ခုအချိန်တွင် ထိုပန်းပွင့်အိပ်မက်သည် ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း
စူးဝင်နေသော်လည်း
နောင်တစ်ချိန်ချိန်တွင် ထိုပန်းပွင့်အိပ်မက်ကို ကျွန်တော်
မေ့ကောင်းမေ့နေနိုင်ပါသည် ။
ကျွန်တော်ရှင်သန်နေသောဘဝ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျွန်တော်ကိုယ်တိုင်
လက်ခံနိုင်လောက်သော
အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ချင်ပါသည် ။
ကျွန်တော့်တွင် အသက်တစ်ချောင်းရှိသည် ။ ခင်ဗျားတွင်လည်း အသက်တစ်ချောင်းရှိသည် ။
တွန်းထိုး ရုန်းကန်လှုပ်ရှားနေရသော ယ္ခုလက်ရှိကမ္ဘာ …
သူသူကိုယ်ကိုယ် မည်သူ့မည်သူမှ အသက်အပို မရခဲ့ကြပါ ။



အိုင်လွယ်ပန်

“ ဆည်းဆာ ”

2 comments
တိမ်တွေလိုအရောင်ပြောင်းတတ်တဲ့စိတ်နဲ့
ကောင်းကင်ရဲ့တလျှောက် လမ်းလျှောက်ထွက်လာခဲ့
ဘာမှမဖြစ်ရင် ဘာမှမဖြစ် ၊ ဘာဖြစ်ရင် ဘာဖြစ်တယ် ဆိုလား
အဲသလို …
မီးပူအထပ်ထပ်ထိုးတာတောင် ခေါက်ရိုးကျိုးမသွားတဲ့
လည်တဆန့်ဆန့် အရပ်ဒေသမှာ အယောင်ပြမှုတွေများတယ် ။


ဆန္ဒတွေနဲ့ ဝေးကွာခဲ့ကြတဲ့အခါ ပုံချစရာ ခေါင်းစဉ်တွေဟာ
အနီးအနားမှာ ပွတ်တိုက်ရွေ့လျှား
တစ်ကိုယ်လုံး အရည်ညှစ်သောက် ခံရပြီးခါမှ
မကောင်းဘူးအပြောခံခဲ့ရတဲ့ ကြံတစ်ချောင်းအတွက်
ဖြေသိမ့်ခြင်း နဲ့ လိုက်လေ ဝေးလေ ကာလများ
ကိုယ့်နှလုံးသားအနာလေးကိုကိုယ်ပြန်သ ဒဏ်ရာတွေကို ယုယခဲ့တယ်
လူမှန်ချင်ဇောနဲ့ လူဆန်တဲ့ ဒုက္ခ ၊ မိမိကိုယ်ကို လိုက်လျောညီထွေစွာ ။


မျက်တောင်တစ်ခတ်စာလေး ဆိုပေမဲ့ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း
မြင်ကွင်းတစ်ခုလုံးရဲ့ ဆုံးရှုံးမှုဟာ မျက်တောင်တစ်ခတ်စာလေးတော့ ကြာခဲ့
ပြောရရင်ရှည်တယ်
ထား ..ခဲ့ .. လိုက် .. ပါ့ .. မယ် …
တွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ် ဆိုသူများအတွက်
ဇာတ်လမ်းကို ဇာတ်လမ်းအတိုင်း ။


ခြစ်ချုပ်ကြည့်မှ အဲ ..ဒီ .. လက်တစ်ဆုပ်စာ ညနေခင်းမှာ
နေဝင်ရာ အရပ်ကို မျက်နှာမူပြီးရပ်နေတဲ့ကောင်ဟာ
ကျွန်တော်ပါ ။



အိုင်လွယ်ပန်

“လောလောဆယ် … တစ်စုံတစ်ယောက် … ကဗျာ ”

7 comments
လောလောဆယ် …

လောလောလတ်လတ် စိတ်ကူးတွေက အညောင်းဆန့်နေ

လောလောဆယ် ရဲ့ ကောက်ကာငင်ကာ နေမဝင်ခင်

အဟ လေးကြားကနေ လောလောဆယ်ဇာတ်လမ်းက စတယ် ။



လောလောဆယ်မှာ တစ်စုံတစ်ယောက် မျက်လုံးပွင့်လာနိုင်သလို

လောလောဆယ်မှာ တစ်စုံတစ်ယောက် မျက်လုံးမှိတ်သွားနိုင်တယ် ။



ထားတော့ ….

ဘဝကို စလိုက်တာချင်း အတူတူ

လောလောဆယ်မှာ တစ်စုံတစ်ယောက် ချစ်သူခင်သူပေါနေနိုင်သလို

လောလောဆယ်မှာ တစ်စုံတစ်ယောက် မေတ္တာငတ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အရိပ်ပတ်လည်မိုးနေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က ခိုနားရာမဲ့နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က မတောင်းဘဲ ရနေနိုင်ချိန်မှာ

လောလောဆယ်မှာ တစ်စုံတစ်ယောက်က လက်ဖြန့်တောင်းနေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အတတ်ပညာသင်ရိုးညွှန်းတမ်းကို ငြီးငွေ့နေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က အတတ်ပညာသင်ရိုးညွှန်းတမ်းကို တောင့်တငတ်မွတ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က စာအုပ်တွေထဲမှာ ဖတ်ဖူးမြင်ဖူးရှိနေနိုင်သလို

လောလောဆယ် တစ်စုံတစ်ယောက်က လက်တွေ့ဘ၀မှာ ကြုံဖူးတွေ့ဖူးနေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က လောကဓံနဲ့ စတင်မိတ်ဆက်နေနိုင်သလို

လောလောဆယ် တစ်စုံတစ်ယောက်က လောကဓံနဲ့ တွေ့ဆုံရင်းနှီးပြီးသားဖြစ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အနာတရတွေ နဲ့ ကြောက်ရွံ့ထိတ်လန့်နေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က အနာတရတွေ နဲ့ ထုသားပေသားကျနေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို အကူအညီတောင်းနေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က မိမိကိုသာ အားထားရာ ဖြစ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက်က အရာအားလုံးကို ဆဲဆိုကြိမ်းမောင်းနေနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက်က အရာအားလုံးကို မေတ္တာပို့လွှတ်နေနိုင်တယ် ။



လောလောဆယ် တစ်စုံတစ်ယောက် လောကကြီးထံက အရှုံးကို စတင်ရရှိနိုင်ချိန်မှာ

လောလောဆယ် တစ်စုံတစ်ယောက် လောကကြီးကို ပထမဦးဆုံး အနိုင်ပိုင်းဖူးနိုင်တယ် ။



ဆိုကြပါစို့ …

လောလောဆယ် ခင်ဗျားဖတ်နေတဲ့ လောလောဆယ် ဇာတ်လမ်းထဲက

တစ်စုံတစ်ယောက်ဟာ မိဘဆွေမျိုးစုံလင်နဲ့ သူဌေးသားတစ်ယောက်နဲ့

အခြားတစ်စုံတစ်ယောက်ဟာ မိဘဆွေမျိုးမဲ့ အစွန့်ပစ်ခံ သူတောင်းစားတစ်ယောက်လို့

ဆိုကြပါစို့ ။



ဒါဆိုရင် … ဒီကဗျာကို

လောလောဆယ် …

ကျွန်တော်ရေးလိုက်တာ ဖြစ်နိုင်သလို

လောလောဆယ် …

ခင်ဗျားရေးလိုက်တာလည်း ဖြစ်နိုင်ပါတယ် ။




အိုင်လွယ်ပန်

"ဇာတ်လမ်း"

2 comments
ဆောင်း ....
အေးစက်မာကျောနေတဲ့ ရင်ခွင်နဲ့
အဖြူရောင်အခိုးငွေ့တွေ ခြွေခြွေချတယ် ။

လမ်းမတွေ .... ရှည်လျှား
သက်ရှိသက်မဲ့ အရာဝတ္ထုများ
တစ်ထောင့်တစ်ကွေ့မှာ တစ်ခုနဲ့တစ်ခုချိတ်ဆက်
လက်ပြနှုတ်ဆက်ချိန်မှာတော့ အဆွေးစတွေ ကျန်ကောင်းကျန်ခဲ့မယ် ။

ပတ်ဝန်းကျင်မှာအရိပ်ထင်
( သူသူကိုယ်ကိုယ် )
တမ်းတခြင်းတွေ ပျော်ဝင်ဖူးကြတယ် ။

လမ်းတွေ လျှောက်ဖြစ်တဲ့အခါ
လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားပါတယ်
ဆုပ်ကိုင်ထားစရာ လက်ဖ၀ါးလေးတစ်စုံကို
ကျွန်တော် ...
လွမ်းဆွတ်မိနေလို့ ။



အိုင်လွယ်ပန်

ပြူတင်းတံခါးတွေ ပိတ်နေတယ်

4 comments
ရှိနေလား
အနှောက်အယှက်ကင်းတဲ့ တိုင်းဗုံးတစ်လုံးလို အချိန်တန်တော့ ပေါက်ကွဲသွား
လားရာမတူတဲ့ ဆန့်ကျင်ဘက် အတိတ်တွေမှာ ။
ရှိနေလား
မသိကိန်းခပ်များများနဲ့ ပုစ္ဆာတွေ အကြမ်းတွက်ရာတို့ ဗရပွ
သက်ပြင်းကိုချလို့ အသက်၀၀ရှုလိုက်ရတဲ့ နေ့တွေမှာ ။
ရှိနေလား
မှောင်ချိန်မှာမှသိတဲ့ အလင်းရဲ့တန်ဖိုး
နောင်တဟာ ဖော်မြူလာတစ်ခုလို ပေါ်ပြူလာဖြစ်နေချိန်မှာ ။
ရှိနေလား
တောလိုလိုတောင်လိုလို အိပ်မက်ကို
လိုရာဆွဲ နိမိတ်ဖတ်ခြင်းနဲ့ အသားမကျတဲ့ အခါမှာ ။
ရှိနေလား
မှင်ကုန်နေတဲ့ ဘောပင်တစ်ချောင်းအတွက်
မျှော်လင့်ခြင်းကြီးစွာ ရင်ဘတ်ဖြန့်ခင်းပေးထားတဲ့
စာရွက်တစ်ရွက်ရဲ့ သင်္ကေတ တစ်ခုမှာ ။
ရှိနေလား
သူမှန်တယ် ကိုယ်မှန်တယ်နဲ့ ကိုယ့်အမှန်လေးကိုကိုယ် တစ်သသ
ခပ်ရွရွလေးကိုင်လို့ အမှန်ကလွဲလို့ အားလုံးကို စတေးလိုက်ရချိန်မှာ ။
ရှိနေလား
မေးခွန်းကို မေးခွန်းထပ်လို့
ခွဲစိတ်ခံထားရတဲ့ ဒဏ်ရာအနာတရ မကျတ်သေးခင်မှာ ။
ရှိနေလား
မေး ..နေ .. တယ်
ရှိနေလား
ကျွန်တော်ဟာ မေးခွန်းထဲမှာ တိတ်ဆိတ်ခြင်းနဲ့ရင်းနှီးပေါင်းဖက်လို့
ရှိနေလား
ခင်ဗျားတို့မှာကော
တစ်စုံတစ်ခုများ ရှိနေလား ။

အိုင်လွယ်ပန်

ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ

4 comments
နေထိုင်မှုဘောင်ထဲ လကာင်္ချောစေဖို့ သူ့ထက်ငါ အပြိုင်အဆိုင်
ချော်လဲလိုက်သည်နှင့် ရောယောင်ထိုင်ချခြင်းများ ပေါ်ပြူလာဖြစ်နေသော ကမ္ဘာ
ရောက်စေလိုသောဆန္ဒဖြင့် သွားသောခရီးလမ်းမှာ လမ်းပျောက်ခဲ့လျှင်
လမ်းရှာရသောအလုပ်မှာ ပထမဦးစားပေးအစီအစဉ် ဖြစ်လာ
ထိုသို့ဆိုလျှင် ချော်သွားသည့်လမ်း၏ ရည်ရွယ်ချက် အတိမ်အနက်
သောက်ဖန်များလာသောကြောင့် မခါးတော့သော မိုးခါးရေများ တစ်စက်ပြီးတစ်စက်
မှန်ဘောင်သွင်းထားသော အတ္တများအား အချိန်ရတိုင်း ဖုန်တခါခါ
နှလုံးသားကိုတိုင်းတာသော ငွေကြေး နှင့် ငွေကြေးကိုတိုင်းတာသော နှလုံးသားများကြား
စည်းတစ်ချောင်းမှာ မထူးဇာတ်ဖြင့် ပြစ်ဒဏ်ခံယူရန် အသင့်အနေအထား
လက်ခုပ်သံများ ပြစ်တင်သံများ ဝင်ချည်ထွက်ချည်
ခေါင်းကိုက်နေသောသူ တစ်ယောက်အား
“ပြန်ကိုက်လိုက်လေ” ဟု လွယ်လွယ်ပြောတတ်သော ပါးစပ်များ
ကြားရဖန်များလာသောကြောင့် ရောဂါတိုးလာခြင်း ဖြစ်ပါသဖြင့်
စိတ်သည် ခိုင်ခံ့ရန် မလွယ်ကူကြောင်း သက်သေပြစရာ မလိုအပ်တော့ပါ ။

အိုင်လွယ်ပန်

တစ်နေ့တာ ဓာတ်ပြားဟောင်း

6 comments
စဖွင့်လိုက်တာနဲ့
ပျင်းရိခြင်းက အဟောင်းနံ့ တစ်ခုလို
ကိုယ်မှာ စွဲတယ် ။

စိတ်ကိုဖွဲ့နေတဲ့ ပင့်ကူအိမ်တွေထဲ
ဘာ အက္ခရာမှ ထွက်ကျမလာခဲ့ဘူး
သွားလမ်းလာလမ်း က မသာ တော့
မျှော်ရတာလေးကတင် လည်ပင်းညောင်းတယ် ။

မကွဲလောက်သေးဘူးလို့ ထင်ထားတဲ့ ဖန်ခွက်တစ်ခွက်
ခွမ်းကနဲ ထကွဲမှ သတိရတယ်
သေခြင်းတရားဟာ သူသူ ကိုယ်ကိုယ်
လက်တစ်ကမ်း ။

လူလို့ပြောတာပဲ
လက်သည်းဆိတ်မှ လက်ထိပ်နာ လိုက်တာပါ
တွေးလိုက်မိတာနဲ့တင်
ငါ့စကားလုံးတွေ လူကြီးလူကောင်းမဆန်ခဲ့ဘူး ။

အိုင်လွယ်ပန်

ဓါး

5 comments
ခပ်ရှည်ရှည် ခပ်တုံးတုံးသံပြား
လက်တစ်ဝါးစာ ကျောက်ပြားပေါ်က
အိုကြီးအိုမနဲ့ ခုန်ချခဲ့ ။

မထက်ရှချင်တော့ပါ
'နာမ' ကို ငါမေ့လိုက်ပြီတဲ့
ခေါင်းလောင်းထိုးခါနီးမှ
လွန်လေပြီးသော သွေးညှီနံ့တွေထဲက
တရားကို သူရှာတွေ့တယ် ။

ပြောရရင် ဒါဟာ
သေကောင်ပေါင်းလဲ သီချင်း
သက်ပြင်းတွေ နွေဦးပေါက်ခဲ့ပေါ့ ..။။

အိုင်လွယ်ပန်

အရူး

5 comments
မိုးရေတွေက
ခါးတယ် ။

ရွာရိုးကိုးပေါက်လျှောက်ရင်း
ခြေသလုံးသားကို
ခွေးလေခွေးလွင့်တွေအတွက် ငါပူဇော်ခဲ့ ။

ဝမ်းစာအတွက် ငါ ချိုးလိုက်တဲ့
ကန်စွန်းညွန့်လေးရဲ့ ကြမ်းခင်းဈေးအတွက်
သူတို့ရဲ့ ပါးစပ်ဖျားမှာ
ကရုဏာသံတွေ ကြားလိုက်ရ ။

ငါလာပြီဆို
ဝုန်းကနဲ အိမ်ပေါ်ပြေးတက်သွားတဲ့
ကလေးတစ်သိုက်ရဲ့ တော်လဲသံတွေ
ကလေးတွေချော့ရင်း
အပူရုပ်ကို ဟန်လုပ်တပ်ဆင်ထားကြတဲ့
မျက်နှာဖုံးများဟာ ပူပြင်းစူးရှ ။

ဆုပ်လည်းစူး စားလည်းရူး စကားလုံးတွေအောက်
ဖြေဆေးမရှိတဲ့ ငါ့စကားလုံးဟာ
ပျောက်ဆုံးပြတ်တောက်လို့ ။

အမှန်တစ်ခုရှိတယ်
အမှားတစ်ခုရှိတယ်
ဆိုကြပါစို့
အမှန် = ၁
အမှား = ၁
ထို့ကြောင့် ...
အမှန် = အမှား
တစ်ဟားဟား နဲ့
တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင်
ငါရယ်လိုက်မိ ။

သူတို့ကလည်း ငါ့ကိုကြည့်
လက်ညှိုးတစ်ထိုးထိုးနဲ့
ရယ်လို့ မောလို့
လူကြီးတွေ
ကလေးတွေ
ခွေးတွေ
အားလုံး ပျော်ကြလေတယ် ။။

အိုင်လွယ်ပန်

အလွမ်း

9 comments
ဗျာပါဒ ရဲ့ အငို အပြုံး
နှလုံးသား နဲ့ ဖွာရှိုက်ရန်
ညှိလိုက်သောမီးစ ။

စိတ်များ ...
သန်ရာ သန်ရာဆီ စီးဆင်းသွားကြ
မျက်စိတစ်ဆုံး ။။

အိုင်လွယ်ပန်

ရန်ကုန် ... ရေ !!

9 comments
ပြန်တွေ့တော့

ရာသီ သုံးခါလည်စာ

ငါငေးနေမိခဲ့ ။



မရောက်လာခင်က

အစ်ကိုတစ်ယောက်က ပြောဖူးရဲ့

အဲဒီကို ပြန်ရောက်ရင်

(၁) မိဘနဲ့ ပြန်တွေ့ရမယ်

(၂) ဘုရားသွားလို့ရမယ်

(၃) လဘ္ဘက်ရည်တိုင်ထိုင်လို့ရမယ် တဲ့ ။



ငါ … ရောက်ခဲ့တော့

သူ့ ကျောရိုးတစ်လျှောက်မှာ

မိဘမျက်နှာပေါ်က ငါ့ အငွေ့အသက်ကို ငါပြန်ရှာတယ်

ဘုရားပေါ်က ငါ့ အနိစ္စကို အနုလုံပဋိလုံ ငါပြန်ရှာတယ်

လဘ္ဘက်ရည်ဆိုင်က ငါ့နေဝင်ရီတရောကို ငါပြန်ရှာတယ်

တစ်ချိန်က ဆိုတာဟာ ပျောက်ဆုံးလို့

ရနံ့တွေဟာ မြစ်ရေလို နှစ်ခါပြန် ချိုးမရဘူးလား ။



နေ့ခင်းနေရောင်ဟာ အပင်ကျဲကျဲတွေအောက်မှာ စူးရှ

(ကိုယ့်ကိုယ်ကို) မောင်းနှင်ခြင်း အတတ်ဟာ

မွေးရာပါ ပါရမီ ကိုယ်စီဆိုပဲ

ဂီယာထိုးသံ လီဗာနင်းသံ ဘရိတ်အုပ်သံ

ပုစဉ်းရင်ကွဲတွေ အရင်ကလို ပဲ ရင်မစေ့နိုင်သေးဘူး ။



ညခင်းဘက်ရောက်တော့

ယင်ကောင်တွေရဲ့ တဝီဝီသံတွေ ပြန်ကြားလိုက်ရ

ဘယ်သူပြောလဲ ခြောက်ကပ်ကပ်လို့

သူ့ရင်ခွင်ဟာ လက်စိုစွာ

အလျော်အစားတွေကြားမှာ ဆားတပွင့် ညပ်နေတာ မြင်လိုက်ရတယ် ။



ထူးဆန်းခြင်းဆိုတာ မျက်လုံး နဲ့ နှလုံးသားကြားက

အချိန်အတိုင်းအတာတစ်ခု

တစ်မေ့စာ ငါငေးအပြီး

တစ်မောစာ ငါငေးအပြီး မှာ ငါပြန်နိုးလာ

သူကတော့ ဘာမှလုပ်မပေးနိုင်ခဲ့တဲ့ ငါ့ကို

ဘာမှပြန်မလုပ်ပေးနိုင်တဲ့ အစိမ်းသက်သက် အစိမ်းမျိုးနဲ့

မျက်လုံး ထောင့်ကပ် ကွယ်ကွယ်ဝှက်ဝှက် ကြည့်လို့ ။


မပြောဖြစ်လိုက်တော့ဘူး

စိုက်ဝင်ခဲ့တာတွေက

ရိုးရိုးသားသား စူးခဲ့ပါတယ် ဆိုတာ ...။။


အိုင်လွယ်ပန်