Showing posts with label သူငယ်ချင်းများအကြောင်း. Show all posts
Showing posts with label သူငယ်ချင်းများအကြောင်း. Show all posts

နက္ခတ်မကောင်းတဲ့နေ့

2 comments
ဒီနေ့နိုးနိုးခြင်းမထသေးပဲအိပ်ရာထဲမှာအပျင်းကြောဆန့်ရင်းပြန်မှိန်းနေလိုက်သေးတယ်…….
ပြီးတော့ ဒီနေ့လုပ်စရာတွေကိုဖြည်းဖြည်းချင်းစဉ်းစားတယ်……
အလုပ်ကြီးအကိုင်ကြီးတော့မဟုတ်ဘူး…ဒီနေ့..ဘယ်ကိုလိမ့်ရင်ကောင်းမလဲလို့………
Woo! ဒီနေ့ သင်္ကြန်အကြိုနေ့ပဲ….ဟိုကောင်တွေနဲ့ချိန်းထားတယ်…..
လစ်ဦးမှပဲ…..နာရီကိုကောက်ကြည့်လိုက်တော့ 11:30am …..ဟား..နောက်တောင်ကျနေပြီ….
မျက်နှာသစ် ၊ အဝတ်လဲပြီးတော့ စက်ဘီးကောက်နင်းပြီးချိန်းထားတဲ့သူငယ်ချင်းရဲ့အိမ်ကို
ထွက်လာလိုက်တယ်….ဒီနှစ်သင်္ကြန်ကနောက်ဆုံးနှစ်ရက်ပဲ လည်ကြမှာဆိုတော့ ဒီနေ့
သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ရှေ့မှာအုန်းလက်မဏ္ဍပ်ထိုးဖို့ချိန်းထားကြတယ်……….
ဟိုရောက်တော့လူတောင်စုံနေပြီ….အုန်းပင်တက်တဲ့ကောင်တွေတောင်ပြန်ဆင်းလာလို့
မဏ္ဍပ်ကစထိုးနေကြပြီ…..ဒီတော့ဟိုယောင်ဒီယောင်နဲ့ကူလုပ်ပေးချင်ယောင်ဆောင်လိုက်တယ်……
မျက်လုံးကလည်းလိုချင်တာကိုရှာနေလိုက်တယ်……တွေ့ပါပြီ…..ရှာနေတဲ့ကောင်………
“နိုင်ကြီး” ….“နိုင်ကြီး” ရှိရင် ပုလင်းရှိတယ်…….အနားကပ်သွားတာနဲ့ကိုယ်တောင်ဘာမှ
ပြောစရာမလိုဘူး….ခွက်ထိုးပေးတယ်….မြွေမြွေချင်းခြေမြင်တယ်ထင်တယ်……….
“ဒီကောင်မဆိုးဘူးလို့”တွေးရင်းရေတစ်ခွက်သွားခပ်ပြီးရေခွက်ကိုလက်ကကိုင်ပြီးတော့
ဒီကောင်ပေးတဲ့ခွက်ကိုကောက်မော့လိုက်တယ်……“ဘာအရသာကြီးတုန်းဟ”…..????
ရေရွတ်ပြီးဒီကောင့်မျက်နှာကိုလှမ်းကြည့်တော့……ဒီကောင်က………
“အုန်းရည်လေကွာ ဘာအရသာဖြစ်နေလို့တုန်းတဲ့”………လူကစိတ်နည်းနည်းလေသွားတယ်……
အင်းလေ….ကိုယ့်ဟာကိုယ် B.E မှတ်ပြီးမော့မိတာကိုကကိုယ့်အမှား…………..
အရက်မရှိဘူုးလားလို့မေးတော့ ကုန်သွားလို့ဟိုတောင်တွေသွားဝယ်နေတယ်တဲ့……ကောင်းရော…
အဲဒီမှာတင်ပဲသူငယ်ချင်းတစ်ယောက်ကလာခေါ်တယ်……မဏ္ဍပ်ရှေ့ကလမ်းပေါ်မှာ.....
၃ယောက်ကြေးဘောလုံး (ဂိုးကျဉ်း )ကန်ကြမယ်တဲ့………ဘောလုံးဆိုတော့နည်းနည်းစိတ်ဝင်စား
သွားတယ်……အဲဒါနဲ့ပဲဝင်ကန်လိုက်တယ်…….မဆိုးပါဘူး…..ရှုံးထွက်ကစားနေတာတော်တော်နဲ့
မထွက်ရသေးဘူး…….အဲဒီမှာတင်သူငယ်ချင်းရဲ့ဘေးအိမ်ကကောင်ကဘယ်ကသောက်ပြီးမူုးလာလည်း
မသိဘူး…..ကွဲကြောင်ကွဲကြောင်နဲ့သူ့အိမ်ထဲဝင်သွားတာတွေ့လိုက်တယ်…..မဏ္ဍပ်ထိုးနေတဲ့ကောင်တွေဆီ
ကဝါးကနဲရယ်သံတွေထွက်လာတယ်……လှမ်းကြည့်မိတော့ ဘာကိုသဘောကျနေကြတယ်မသိဘူး…..
“ဂိုး”…ဟင်….သွားပဟ…….ဟိုဘက်ကိုအာရုံရောက်နေတုန်းကိုယ့်ဘက်ကအချိုအချောင်
ဂိုးအသွင်းခံလိုက်ရတယ်…….ဒီတော့လည်းရုပ်တည်နဲ့ “မောလို့နားပေးလိုက်တာပါကွာ” လို့
ပြောပြီးဘေးထွက်ထိုင်နေလိုက်တယ်ပေါ့…..သာသာယာယာပဲ…………
အဲဒီအချိန်မှာပဲသူငယ်ချင်းရဲ့ဘေးအိမ်ကကောင်ပြန်ထွက်လာတယ်…….လက်ထဲမှာလည်း
ဝါးရင်းပိုင်းကြီးနဲ့…….နည်းတာကြီးမဟုတ်ဘူး………အဲဒီကောင်ရဲ့ခြေလှမ်းတွေက “နိုင်ကြီး ”
ဆီကိုဦးတည်နေတယ်….အဲဒါနဲ့ပဲ “နိုင်ကြီး”ကိုစိတ်ပူပြီးလှမ်းအော် ၊ နိုင်ကြီးကလှည့်ကြည့် ၊
ဟိုကောင်က လက်ထဲက ဝါးရင်းပိုင်းနဲ့နိုင်ကြီးကိုပြေးရိုက် ၊ အားလုံးကတစ်ချိန်ထဲပဲ…….
“နိုင်ကြီး”ကလည်းဘယ်လို ဘယ်လိုရှောင်လိုက်တယ်မသိဘူး…..ဟိုကောင့်ရိုက်ချက်ကဘေးက
နေကပ်ထွက်သွားတယ်……ဟိုကောင်က “နိုင်ကြီး” ကိုရိုက်ပြီးတာနဲ့တစ်ဆက်တည်း ဘေးက
မဏ္ဍပ်ထိုးနေတဲ့ကောင်တွေထဲက “ရဲမင်းဦး”ဆိုတဲ့ကောင်ကိုဆက်ရိုက်ပါလေရော…….
“ရဲမင်းဦး”ကလည်းသွက်တယ်……ဖျပ်ကနဲခေါင်းကိုငုံ့ပေးလိုက်တာဟိုကောင့်ရိုက်ချက်က
“ရဲမင်းဦး”ခေါင်းပေါ်ကပိတောက်ကိုင်းတောင်ထက်ပိုင်းကျိုးတယ်…….
ပြီးတော့ဝင်လာပါပြီ……ကိုယ့်ဆီကို…….မောင်မင်းကြီးသားကဝါးရင်းပိုင်းကိုမြှောက်လို့……….
ဒီတော့လည်းတတ်သည့်ပညာမနေသာပေါ့……..နောက်ဆုံးအကွက်ထုတ်သုံးလိုက်ရတယ်…..
လှည့်ပြေးတယ်လေ……ဒါတောင်အဖျားခတ်ပြီးကျောကုန်းကပူကနဲဖြစ်သွားသေးတယ်…….
အသားနာတော့လူကဒေါသထောင်းကနဲထွက်ပြီးအားရပါးရအော်ပလိုက်တယ်………
“လုပ်ကြပါဦး” လို့………..ထိုင်နေတဲ့အယောက် ၂၀ လောက်ရှိတဲ့သူငယ်ချင်းတွေကလည်း
အားကိုးရပါတယ်…….အားလုံးကိုယ့်ရှေ့ကမားမားမတ်မတ်ပဲ……ပြေးနေကြတာကိုပြောတယ်….
သံချောင်းတောင်ခေါက်မသွားကြဘူး……..ဒီလိုနဲ့ကိုယ်ကပြေး ၊ ဟိုကောင်ကလိုက်ရိုက်နဲ့ပေါ့….
ဘာလို့လိုက်အရိုက်ခံရလည်းစဉ်းစားချိန်ကိုမရဘူး……အဖြစ်အပျက်အစအဆုံးကအခုပြန်ပြောပြနေတာ
ကမှကြာဦးမယ်……အားလုံးကတကယ့်ကိုခဏလေးပဲ………..ပြေးရင်းနဲ့……...လမ်းတစ်လမ်းထဲချိုးဝင်
လိုက်တော့လူတစ်စု ခြင်းခပ်နေကြတာတွေ့တော့နည်းနည်းဝမ်းသာသွားတယ်………
ဒါပေမယ့်ခြင်းခပ်နေတဲ့အုပ်စုကလည်းကိုယ်တွေကပြေး ၊ ဟိုကောင်က ဝါးရင်းပိုင်းနဲ့
လိုက်နေတာတွေ့တော့သူတို့လည်း ခြေကုန်သုတ်ကြတော့တာပါပဲ……သူတို့ကမှတကယ့်ကို
သနားစရာ…..ဘာဖြစ်လို့ဖြစ်မှန်းကိုမသိဘဲရောရောင်ပြီးပြေးရတာ……..ပြေးရင်းနဲ့ပဲခုနက
ဘောလုံးကန်နေကြတဲ့နေရာကိုပြန်ရောက်လာပါတယ်……ဒီတစ်ခါတော့အခြေအနေနည်းနည်း
ကောင်းလာပါတယ်…..မပြေးဘဲကျန်ခဲ့တဲ့“နိုင်ကြီး” တို့ “ရဲမင်းဦး”တို့ အပါအဝင်ကျန်တဲ့ကောင်
တွေလက်ထဲမှာ အုန်းကိုင်းကိုယ်စီနဲ့……..မဏ္ဍပ်ကတော့တစ်စစီဖြစ်နေပြီ…..ဒီတော့မှ
ကိုယ်လည်းပြေးနေတဲ့ SPEED ကိုလျှော့ပြီး နီးရာ တုတ်ကိုပြေးဆွဲရပါတော့တယ်………
ပြီးတော့ “ဝါးရင်းပိုင်းမင်းသား”ကိုလှမ်းကြည့်တော့ ကျေးဇူးရှင်က လိုက်ရိုက်တာသူမဟုတ်
ခဲ့တဲ့အတိုင်းခပ်လှမ်းလှမ်းကနေပြီးတော့ သူ့လက်စွဲတော် ဝါးရင်းပိုင်းကိုကိုင်ပြီး ပေစောင်း
ပေစောင်းနဲ့ကြည့်နေလေရဲ့……
ဒီမှာတင်ပဲ ကိုယ်တွေဘာမှမလှုပ်ရှားရသေးခင် ရုပ်ရှင်တွေထဲကအတိုင်း ရပ်ကွက်လူကြီးနဲ့
ရဲတွေရောက်လာပြီး “ဝါးရင်းပိုင်းကိုကို” ကိုထိန်းသိမ်းသွားကြလေရဲ့………
ရင်ထဲမှာမေးခွန်းတစ်ခုဖြစ်လာတယ်…….ဒီပုဂ္ဂိုလ်ဘာကြောင့်မဆီမဆိုင်ကိုယ်တွေကို
လိုက်ရိုက်သလဲပေါ့နော်…..ဒါနဲ့ပဲ……ရပ်ကွက်ရုံးကိုလိုက်သွားပြီးသကောင့်သားရဲ့အစစ်
ခံချက်ကိုနားထောင်မိတော့………..
ကိုယ်တွေဘာသာကိုယ်တွေမဏ္ဍပ်ဆောက်ရင်းသူငယ်ချင်းတွေကအချင်းချင်းစပြီးရယ်ကြ
တာကို သူမူးလာတာကိုကြည့်ပြီး သူ့ကိုရယ်တယ်ထင်လို့ ရှက်ပြီးလိုက်ရိုက်တာပါတဲ့………
ငိုချင်စိတ်ပေါက်သွားတယ်….“ဒီလိုအဖြစ်မျိုးရှိလားပေါ့”………………
တစ်သက်နဲ့တစ်ကိုယ်ဒီနေ့မှပဲကြုံဖူးတယ်….ရှက်လို့လိုက်ရိုက်တာတဲ့……………
အင်းလေ…..နောက်လည်းမကြုံချင်ပါဘူးလေ…………………….။။။

အိုင်လွယ်ပန်

ကျွန်တော်နဲ့သူငယ်ချင်းများ (အပိုင်း-၂)

1 comments


ဒီတစ်ခေါက်တော့သူငယ်ချင်းတွေထဲက “ရှောက်ပေါင်း” လို့ခေါ်တဲ့ကောင်အကြောင်းကိုပြောပြ
ချင်ပါတယ်….ဒီကောင်အရင်တုန်းကအရက်တော်တော်သောက်တယ်….
ဒီကောင်စသောက်တတ်ပြီးဒေါင်ချာစဆိုင်းတဲ့အရက်က “ရှောက်ပေါင်းပျားအရက်”………
ဒါနဲ့ပဲ“ရှောက်ပေါင်း”ဆိုတဲ့နာမည်ရလာတာ…….ငယ်ငယ်တုန်းကတော့ဒီကောင်ကစာတော်တယ်ဗျ…..
G.T.C တက်ခွင့်လည်းရရောစတင်ပြီးပျက်စီးတော့တာပါပဲ…..စာမေးပွဲကျပြီးအဝေးသင်ကိုပြောင်း
လိုက်ရတယ်……..ပေလိုက်တာကလည်းကမ်းကုန်ပဲ…….ဒီကောင့်“ဇ”ကလည်းမသေးဘူး……..
ထူးထူးဆန်းဆန်းဒီကောင့်မျက်နှာတစ်ခုလုံးမှာမုတ်ဆိတ်ကနှစ်ချောင်းပဲပေါက်နေတယ်………..
မုတ်ဆိတ်တွေကလည်းလားရာတွေမတူကြဘူး…..တောင်တစ်ချောင်းမြောက်တစ်ချောင်းနဲ့………
ဒီကောင့်လိုင်းကရုပ်တည်နဲ့သူများကိုဒုက္ခပေးတဲ့လိုင်း……တစ်ခါကဒီကောင်ကားလမ်းမဘေးထွက်ရပ်နေ
တာမြင်လို့ဘာလုပ်နေတာလဲလို့မေးမိတော့ TAXI သမားတွေကိုမျှော်လင့်ချက်ပေးနေတာတဲ့…………
ကားသမားတွေခမျာဒီကောင့်ကိုငှားများငှားလေမလားဆိုတဲ့အကြည့်လေးတွေနဲ့အရှိန်လျော့လျော့ပြီး
ကြည့်ကြည့်သွားရှာကြတယ်…….
ဒီကောင်တွေရဲ့ရပ်ကွက်က GAME ဆိုင်မှာကျွန်တော်က GAME သွားသွားဆော့
နေကျဆိုတော့ရပ်ကွက်ထဲကလူတော်တော်များများနဲ့ရင်းနှီးတယ်……
တစ်ခါကလည်းဒီကောင်တွေရပ်ကွက်ကိုကျွန်တော်မရောက်ဖြစ်တာတော်တော်ကြာသွားတယ်……….
အဲဒါကိုသကောင့်သားကကျွန်တော်အချုပ်ကျနေတယ်လို့ဖွထားလေရဲ့…………..
ကျွန်တော်လည်း GAME သွားဆော့ရောတွေ့တဲ့လူတိုင်းကဘယ်နေ့ကလွတ်လာတာလဲလို့ဝိုင်းမေး
ကြတာကျွန်တော်လည်းအူလည်အူလည်နဲ့မနည်းရှင်းရတယ်……တော်တော်ဆိုးတဲ့ကောင်………..
တစ်ရက်ကျတော့သူငယ်ချင်းတွေအားလုံးအိမ်တစ်အိမ်မှာစုအိပ်ဖြစ်ကြတယ်……………
လူတွေကများတော့ခြင်ထောင်ကမလောက်ဘူး……ခြင်ဆေးကလည်းကုန်နေတာကိုမဝယ်မိကြဘူး……
အိပ်တဲ့ကောင်ကအိပ် ၊ ဖဲရိုက်တဲ့ကောင်ကရိုက်နဲ့ပေါ့…….စောစောအိပ်တဲ့ကောင်တွေကတော့ခြင်ထောင်
တွေဘာတွေနဲ့…….ဒီကောင်နဲ့ကျွန်တော်အပါဝင်ကျန်တဲ့ကောင်တွေကဖဲရိုက်နေကြတယ်………
ခြင်တွေကလည်းတဝီဝီနဲ့ပေါ့…….ကျွန်တော်တို့ကစားတဲ့နည်းကအုန်းသီးခွဲတယ်လို့ခေါ်တယ်…..
တော်တော်များများကစားဖူးကြပါတယ်……အဲ….ခက်တာကကျွန်တော်တို့ကလူတစ်ယောက်
ပိုနေတယ်ဗျ….ဒီတော့ မ GAME တဲ့ကောင်ထဲကအပွင့်အနည်းဆုံးကောင်ကဘေးထွက်ထိုင်ပေး
ရတယ်…..ဘေးထွက်ထိုင်တဲ့ကောင်ကရိုးရိုးထိုင်နေလို့မရဘူး…..အားလုံးကောင်းကောင်းမွန်မွန်
ကစားလို့ရအောင်ခြင်ရိုက်ပေးရတယ်……ဒီတော့ GAME အောင် အသည်းအသန်ကစားကြတော့
တာပေါ့…….ဒီကောင်ဘေးထွက်ထိုင်ရတဲ့အလှည့်လဲရောက်ရော…..ဒီကောင်ကဘေးနားကအိပ်
နေတဲ့ကောင်ရဲ့ခြင်ထောင်ကိုအသာမပြီးအိပ်နေတဲ့ကောင်ရဲ့အင်္ကျီကိုပါလှန်လိုက်တယ်………
ပြီးတော့ပြောလိုက်သေးတယ်…..“ခြင်”ဆိုတဲ့ကောင်ကိုဒီတိုင်းရိုက်တာထက်စာရင်မျှားပြီး
ရိုက်တာပိုသက်သာတယ်တဲ့……ဒီကောင့်ဖော်မြူလာအသစ်ကတော့သမိုင်းတွင်လောက်ပါပေ
တယ်…… အိပ်ပျော်နေတဲ့ကောင်ကတော့ဘာမှမသိရှာဘူး…….အဲသလိုမလွယ်တဲ့ကောင်…….
နောက်ပိုင်းမှာတော့ဒီကောင်လိမ္မာပြနေရတယ်…..ဒီကောင့်ဦးလေးရဲ့ အုတ်၊သဲ၊ကျောက်
ရောင်းဝယ်ရေးဆိုင်ကိုဦးစီးနေရတယ်……ဦးလေးရဲ့တူလိမ္မာလေးပေါ့ဗျာ…………
တစ်နေ့မှာတော့သူငယ်ချင်းတွေထုံးစံအတိုင်းအရက်ဆိုင်ထိုင်ဖြစ်ကြတယ်……အဲဒီမှာ…….စားပွဲပေါ်ကို
ကျွန်တော်တို့မမှာတဲ့ ငါးခေါင်းဟင်းချိုတစ်ပွဲလာချတော့ဒီကောင်ကစားပွဲထိုးလေးကိုမမှာဘူးလို့ပြောရော….
စားပွဲထိုးလေးကဘေးဝိုင်းကဦးလေးကြီးကချပေးခိုင်းတာပါတဲ့……..ဘေးဝိုင်းကိုလှည့်ကြည့်လိုက်တော့
ဒီကောင်ဆံပင်တွေပါတွေထောင်သွားတယ်……ဘေးဝိုင်းကဒီကောင့်ဦလေးကဒီကောင့်ကိုပြုံးပြုံး
ကြီးကြည့်နေလေရဲ့……ပြီးတော့ကျွန်တော်တို့ဝိုင်းကိုလှမ်းပြောတယ်…..လိုတာရှိရင်ထပ်မှာပါတဲ့…
ဒီကောင့်ပျားတုပ်နေပုံဗျာ……မြင်စေချင်တယ်…..ကျွန်တော်တို့ကအရက်ထပ်မှာမယ်လည်းလုပ်ရော…..
ဒီကောင့်မျက်နှာဇီးရွက်လောက်ပဲရှိတော့တယ်…….ကျွန်တော်တို့သောက်ပြီးကြတာလည်းမနည်းဘူးလေ….
ဒီတော့တူလိမ္မာလေးလုပ်နေတဲ့ဒီကောင်ကကျွန်တော်တို့ရဲ့သောက်လုံးကိုသူ့ဦးလေးကိုမမြင်စေချင်ရှာဘူး
တဲ့……..ဒီတော့တစ်သက်လုံးသူများကိုဒုက္ခပေးလာတဲ့ကိုယ်တော်ချောခမျာကျွန်တော်တို့ထပ်မှာမဲ့စာရင်းကို
တစ်ခြားတစ်ဆိုင်မှာဒကာခံပါ့မယ်ဆိုတဲ့သဘောတူညီချက်စာချုပ်တစ်ရပ်ချုပ်ဆိုလိုက်ရပါတော့တယ်…….
အခုတော့ဒီကောင်လည်းအလုပ်တွေအရမ်းများနေတယ်လို့ကြားတယ်…….
အားလုံးထဲမှာဒီကောင်နဲ့ကအဆက်အသွယ်အပြတ်ဆုံး………
ဒါပေမယ့်…..ဒီကောင့်ကိုကျွန်တော်သတိရနေတယ်ဗျာ……………………။။

အိုင်လွယ်ပန်

ကျွန်တော်နဲ့သူငယ်ချင်းများ (အပိုင်း-၁ )

0 comments


လူမှန်းသိတတ်စအရွယ်ကစပြီးတစ်ဦးတည်းသောသားဖြစ်တဲ့ကျွန်တော့်ဘဝကအိမ်မှာဆိုရင်ပျင်းခြောက်
ခြောက်ပါပဲ……
ကျွန်တော့်အိမ်က အထူးသဖြင့်……….
အဖေကအရမ်းစည်းကမ်းကြီးတယ်……..အပြင်ထွက်ရင်အချိန်နဲ့ထွက်ရတယ်…………..
သူပြောတဲ့အချိန်ဒေါင်ဆိုရင်ပြန်ရောက်ရတယ်………မရောက်ခဲ့ရင်ကျွန်တော်အဒေါင်ခံရပြီသာမှတ်……….
ဆိုးတာကညီအစ်ကိုမောင်နှမ မရှိတဲ့ကျွန်တော်ကအပေါင်းအသင်းမင်တယ်ဗျ………အဖေပြောတဲ့အချိန်
အိမ်ပြန်ရောက်တာကခပ်ရှားရှားရယ်……….ဒီတော့ကာ အဖေနဲ့ကအမြဲတမ်းပွဲပဲ…………….ကြားထဲက
အမေဝင်ဝင်ဆွဲရတာလည်းအလီလီ…………ကျွန်တော်ဆိုတဲ့ကောင်ကလည်းငယ်ငယ်ကတည်းက
အပေါင်းအသင်းနဲ့ပတ်သတ်ရင်မရဘူး…………အတွယ်ခံပြီးတော့ကိုဒီကောင်တွေနဲ့ကမြင်းတာ……….
အဲဒီကတည်းက“သူငယ်ချင်း”ဆိုတဲ့ဝေါဟာရကဘဝမှာတော်တော်နေရာယူခဲ့တယ်……………………နောက်
ပိုင်းမှာတော့အရွယ်လေးလဲရလာပြီဆိုတော့အပေါင်းအသင်းတွေလည်းတော်တော်ပေါလာတဲ့ပေါ့ဗျာ……..
အဲ…..အဓိကပြောချင်တာကျွန်တော်နဲ့မူလတန်းကျောင်းသားဘဝလောက်ကစပြီးအခုလက်ရှိအချိန်ထိတွဲ
ဖြစ်နေတဲ့သူငယ်ချင်းတွေအကြောင်းပါ…………သူငယ်ချင်းတွေကများတော့တစ်ယောက်စီအကြောင်းကို
ဖြည်းဖြည်းချင်းပြောပြသွားမယ်…………တစ်ယောက်စီမှာနာမည်ပြောင်တွေကိုယ်စီရှိကြတယ်ဗျ…………..
အဲဒီထဲကမှအခု“ဆရာကြီး”ဆိုတဲ့ကောင်အကြောင်းပြောပြမယ်………ဒီကောင်အပါအဝင်အားလုံးက
ငပြောင်တွေကြီးပဲ…….ဒါပေမယ့်ဒီကောင်ကလူသာပြောင်တာစိတ်ကအင်မတန်ကြီးတယ်…………..
ကျွန်တော်နဲ့ဆိုအဓိကသောက်ဖော်သောက်ဖက်ပေါ့……ဒီကောင်ကကျောင်းမှာကတည်းက“ဇ”နဲ့…….
တစ်ခါကစာသင်ခန်းရှေ့မှာမူလတန်းက ကလေးတစ်ယောက်ဒီကောင့်ကိုကြည့်ပြီးငိုပါလေရော…………
အဲဒါနဲ့ဆရာမကဒီကောင့်ကိုခေါ်မေးတယ်…..နင်ကလေးကိုဘာလုပ်လိုက်သလဲပေါ့………ဒီကောင်က
လည်းပြန်ဖြေပါတယ်……“ကျွန်တော်ရီပြလိုက်တာပါဆရာမ”တဲ့…….အံ့ရော…ဒီကောင်ကဒေါသသာကြီး
တာ……အဖောက်ကတော့သန်သလားမမေးနဲ့……စကားအကောင်းပြောနေရင်းနဲ့ကိုထထဖောက်တာ……
ဥပမာသူငယ်ချင်းတွေစုပြီးစကားပြောဖြစ်ကြတယ်ဆိုပါဆို့…..အလုပ်ကိစ္စအကြောင်းရောက်တော့ကျွန်တော်က“အခုလက်ရှိအလုပ်ကငါနဲ့သိပ်မကိုက်ချင်ဘူးကွ”လို့ပြောတော့……ဒီကောင်ကဘာထပြောတယ်မှတ်
သလဲ…….“မင်းမ‘ကိုက်’ချင်ရင်‘ဟောင်’ကြည့်ပါလားတဲ့……အဲသလိုကို…………..
ရုပ်တည်ကြီးနဲ့ထထဖောက်တတ်တာ…………တစ်ခါကလည်းအရက်ဆိုင်မှာအရက်သောက်ဖြစ်(အမြဲတမ်း
လိုလိုပါပဲသောက်ဖြစ်ကြတာ)နေကြတုန်းအဲဒီဆိုင်ကမောင်မောင်ဇော်လတ်ရဲ့ဒီး…ဒို…..ဒီး…..ဆိုတဲ့သူချင်းကိုဖွင့်ထားတယ်…..တောင်ကျွန်းပေါ်မှာ xxxxxx ဘုရားတစ်ဆူxxxxxxxxဘာညာပေါ့………အဲဒီမှာ
“ဆူသည်ရေနွေးအိုး”လို့ဆိုထားတဲ့နေရာမှာဘာထအော်တယ်ထင်လဲ…ဆူသည်“စူပါမင်း”တဲ့………
ဘေးဝိုင်းကလူတွေပါလန့်ကုန်ကြတယ်…….အဟုတ်ပြောတာ…….ဒီမှာတင်ပဲ“ကိတ်ကြီး”ဆိုတဲ့
နောက်တစ်ကောင်ကပါဝင်ဖောက်တော့ပိုဆိုးကုန်တယ်……“လူးသည်ကျွဲအို”လို့ဆိုထားတဲ့နေရာမှာ
လူးသည်“မပဋာ”တဲ့……တကယ်မလွယ်ကြတဲ့ကောင်တွေ…….ဒါနဲ့“ဆရာကြီး”ရဲ့အကြောင်းကို
ဆက်ဦးမယ်…….အဲသလိုသူများကိုလိုက်လိုက်ဖောက်တတ်တဲ့ကောင်ကတစ်နေ့မှာကိစ္စတစ်ခုရှိလို့
ကျွန်တော်နဲ့အတူတူလိုင်းကားစီးပြီးသွားကြတယ်…….ကားကလည်းကြပ်ချက်ကရင်နင့်စရာ………
အဲ..မှတ်တိုင်တစ်ခုလည်းရောက်ရောကောင်လေးတစ်ယောက်လေးဆင့်ချိုင့်တစ်လုံးနဲ့ကားပေါ်
တက်လာတယ်…..ကားကအရမ်းကြပ်နေတော့ဒီကောင့်ကိုကောင်လေးကိုင်လာတဲ့လေးဆင့်ချိုင့်
နဲ့ကပ်မိတယ်…..ချိုင့်ကပူတယ်ထင်ပါရဲ့…….“အား..ပူလိုက်တာ”လို့ဒီကောင်မချိမဆန့်ထအော်
ရော….ကောင်လေးကပြန်ပြောတယ်……..“SORRY! နော်အစ်ကိုအားလုံးကြက်သားဟင်းတွေ”တဲ့
ဒီကောင့်မျက်နှာဗျာ……အိမ်သာတက်ရင်းရေပြတ်သွားတဲ့ရုပ်ပေါက်သွားတယ်…….ဟုတ်လည်း
ဟုတ်ပါတယ်….ဘယ့်နှယ့်…အပူနဲ့လည်းအကပ်ခံရသေးတယ်….ကြက်သားဟင်းတွေဆိုပြီးတော့
လည်းအကြွားကခံလိုက်ရသေးတယ်ဆိုတော့ဒီကောင့်ဘဝကမိအေးနှစ်ခါနာဘဝရောက်သွား
တယ်.…..ဘာစကားမှတောင်ပြန်မပြောနိုင်ပဲ…ဟာကွာ…..ဆိုပြီးကောင်လေးကိုကြေကွဲတဲ့အကြည့်တွေနဲ့ကြည့်နေလေရဲ့……ကျွန်တော်ကတော့ပျော်တယ်…..တစ်သက်လုံးသူများကိုလိုက်ဖောက်
နေတဲ့ကောင်ဒီတစ်ချီတော့ကားကနဲပဲ……မှတ်ကရော……
အခုတော့လည်းကျွန်တော်ကဒီကောင်တွေအားလုံးနဲ့အဝေးတစ်နေရာမှာရောက်နေတယ်……….
ဒီကောင်တွေကိုကျွန်တော်သတိရနေတယ်ဗျာ……..နောက်မှတဖြည်းဖြည်းကျန်တဲ့ကောင်တွေ
တစ်ယောက်ချင်းစီအကြောင်းကိုပြောပြသွားမယ်…….အရင်တုန်းကကဲဖော်ကဲဘက်အခုတော့….
ရာသက်ပန်သီလရင်ဝတ်သွားတဲ့သူငယ်ချင်းမလေးတစ်ယောက်ကပြောဖူးတယ်……………
မိတ်ဆွေသူငယ်ချင်းဆိုတာအလှစိုက်ထားတဲ့ပန်းပင်လေးတွေလိုပဲအချိန်မှန်ရေလောင်းပေးဖို့လို
တယ်…….သတိရတဲ့အချိန်မှရေထလောင်းရင်ရှင်သန်ဖို့မလွယ်ဘူးတဲ့…….ဒီလိုပဲ……….
မိတ်ဆွေသူငယ်ချင်းတွေလိုအပ်တဲ့အကူအညီဆိုရင်လည်းနေရာဒေသမရွေးပေးဆပ်နိုင်ရမယ်တဲ့…
ကျွန်တော်အခုအဝေးကနေပြီးတော့တတ်နိုင်တဲ့အတိုင်းအတာကနေရေလောင်းနေတယ်…………
ကျွန်တော်ဒီကောင်တွေအားလုံးကိုအရမ်းသတိရတယ်ဗျာ…………………။။။

(P.S….. ဟိတ်ကောင်တွေ ! ငါအကုန်ထည့်ရေးမှာနော်….ဟဲ..ဟဲ J )

အိုင်လွယ်ပန်