Showing posts with label စိတ်ကူးတည့်ရာ. Show all posts
Showing posts with label စိတ်ကူးတည့်ရာ. Show all posts

“ နာကျင်မှုအမြင်တွေနဲ့ပဲ ကြာပြီဆိုတဲ့အကြောင်းကို ခပ်ကြာကြာပြောနေမိတာ ကြာပြီ “

2 comments

နာကျင်မှုတွေကို မကြည့်မိတာ ကြာပြီ။
နာကျင်မှုတွေအကြောင်းမတွေးဖြစ်တော့တာ ကြာပြီ။

ပြောနေကြတဲ့ အတိုင်းဆို အပ်တစ်စင်းနဲ့ နောက်အပ်တစ်စင်းတိုးတိုက်မိတာ တကယ့်ကို ကိစ္စများလှပေတယ်။
အမြင် တွေရဲ့တိမ်းစောင်းမှုအကြောင်းကို တွေးမိရင် မှန်ဘီလူးတစ်လက်ကို ပြောင်းပြန်ကြည့်ကြည့်ပါ။
နာကျင်မှုဆိုတာဟာလည်း ခင်ဗျားရဲ့ခံစားလိုက်တဲ့ အမြင်တစ်ခုက ထွက်ပေါ်လာနိုင်ရဲ့။
အနီးအဝေးဆိုတာ အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ခင်ဗျားက ဘာကို ဘယ်လိုကြည့်မိလိုက်တာလဲ။
နာကျင်စရာရှိရင် နာကျင်ပါ ။ လွတ်လပ်စွာ နာကျင်ပါ ။ ပြောရရင် ….
အဆိုအမိန့်တစ်ချို့ဟာ နာကျင်မှုထဲက ထွက်ပေါ်ကောင်းထွက်ပေါ်လာခဲ့ပေမယ်။
ဒါပေမယ့် ခင်ဗျားရဲ့ နာကျင်မှုသက်သက်အတွက်ဆိုရင် အဆိုအမိန့်တွေကို ဖင်ခုထိုင်မနေပါနဲ့ ။
နာကျင်ပါ တစ်ကိုယ်ရည် တစ်ကာယ လွတ်လပ်စွာနာကျင်ပါ ။ နာကျင်ခြင်းကိုလည်း နာကျင်ခြင်းအလျှောက်
တန်ဖိုးထားပါ။ကိုယ့်နာကျင်မှုအတွက် ကိုယ့်ရင်ထဲကစကားဆိုတာ ကမ္ဘာကျော်ကျော်မကျော်ကျော် ရှိကိုရှိပြီးသားပါ။
ကိုယ့်နာကျင်မှုအတွက် သူများနာကျင်မှုကို ခုတုံးလုပ်ရတာ တကယ်တမ်းနာကျင်တတ်ရင် ပိုနာကျင်ဖို့ကောင်းလှတယ်။

ဇာတ်လမ်းက ဒီလိုဆိုပါတော့။

********************************************************************** ********************************************************************** **********************************************************************

အခန်းတစ်ခန်း အခန်းမီးဖွင့်ထားတယ်။
ဂီတတေးသွားတစ်ခုကိုဖွင့်ထားတယ်။
လူတစ်ယောက် စိတ်က တောင်တွေးမြောက်တွေး တွေးနေတယ်။
အဲဒီ့အထိ လူမသိသူမသိ ( သူကိုယ်တိုင်ပါမသိ) အားလုံးအဆင်ပြေတယ်။

ကဲ ! တစ်ခုဆို တစ်ခုပဲလုပ်ပါ။
အခန်းမီး ဖွင့်ချင်ဖွင့်ပါ။
ဂီတတေးသွားကို ဖွင့်ချင်ဖွင့်ပါ။
တွေးချင်ရင် တွေးပါ တဲ့။
ကြေငြာချက် ထွက်လာတယ်။

အတွေးကို ဖွင့်လိုက်တယ်။
ဂီတနဲ့ အခန်းမီးကို ပိတ်တယ် ။
ဆက်တွေးတယ် ရင်ထဲမှာ ဟာသွားတယ်။

ဂီတကို ဖွင့်တယ်။
အခန်းမီးနဲ့ အတွေးကို ပိတ်လိုက်တယ် ။ အဆင်မပြေပြန်ဘူး။
အတွေးဟာအလိုအလျှောက်ဝင်ဝင်လာတယ်။

အခန်းမီးဖွင့်ထားတယ်။
ဂီတနဲ့အတွေးကို ထပ်ပိတ်ပြန်တယ်။ ထပ်အဆင်အပြေပြန်ဘူး။
ရှိခဲ့တုန်းက သတိမထားမိတဲ့ အရာတွေ တစ်စုံတစ်ခုကို လစ်ဟာခံရတော့မှ နာကျင်ခြင်းဟာ ပြန်စလာတယ်။
ဘာဖြစ်လို့ ကိုယ့်ကျမှ တစ်စုံတစ်ခုကို ဆုံးရူံးရတာလဲ ။

တွေးတယ်။
အခန်းမီးနဲ့ ဂီတကိုပိတ်ပြီးမှ နာနာကျင်ကျင်ပြန်တွေးတယ်။
နာကျင်စွာတွေးတော့မှ နာကျင်ခြင်းဟာ နာကျင်စွာ ပိုမိုနာကျင်လာတယ်။

ဘယ်အရာဟာ ဘယ်လောက်ထိမြဲလို့လဲတဲ့။
ငိုဟယ် ရယ်ဟယ်ဆိုတာ ငိုဟယ်ငိုဟယ် မဟုတ်တာ သေချာသလောက်ပဲ။
ရယ်ဟယ်ရယ်ဟယ် မဟုတ်တာလည်း သေချာသလောက်ပဲ။
ထပ်ပြောရရင် သေချာခြင်းကိုယ်တိုင်ကလည်း မရေရာ/မသေချာတာ သေချာသလောက်ပဲ။
ထားတော့ ……
ကဲ ! ယခုအချိန်မှစတင်၍ အားလုံးကိုပြန်လည်ကာ ပုံမှန်လုပ်ဆောင်နိုင်ပါပြီတဲ့။
ကြေငြာချက် ထပ်မံထွက်ပေါ်လာပါပြီ။

အားလုံးကို ပြန်လည်လက်ခံရရှိလိုက်ပေမယ့် ဂီတကိုဖွင့် မီးကိုဖွင့်ထားတဲ့ အခန်းတစ်ခုထဲ
တွေးနေသူရဲ့ နာကျင်ခြင်းဟာတော်တော်နဲ့ အသားမတက်နိုင်တော့ဘူး ။
ပြန်ရလာပေမယ့်လည်း ဆုံးရှုံးခဲ့ဖူးခြင်းဟာ ပြန်ပြောလို့ကောင်းမွန်ပြီး ခံစားနာကျင်ရတဲ့ ပုံပြင်ကောင်းတစ်ပုဒ်ပေါ့။
မရှိရှိတာ မီးခွက်ထွန်းရှာရှာနေရတဲ့ နာကျင်မှုဟာ သမားရိုးကျ ဒါမှမဟုတ် တစ်ခုခုရဲ့စနက် ဒါမှမဟုတ် …
ဒါမှမဟုတ် …….
ဒါမှမဟုတ် …….
များပြားလှစွာသော ဒါမှမဟုတ် ……. ။

********************************************************************** ********************************************************************** **********************************************************************

ပြောချင်နေတဲ့ ဇာတ်လမ်းက အဲသလိုပြီးဆုံးသွားတယ်။
တကယ်တမ်းတော့  ငါ့ကိုယ်ငါ  ပြန်ပြန်စိုက်ပစ်နေမိတဲ့ ရူးကြောင်ကြောင် ဓါးတစ်လက် ဟာ အဲဒါပါပဲ ။
ငါဟာ ငါ့ခံစားမှုကို မှန်ဘီလူးတစ်လက်ဆိုတဲ့ အမြင်ထဲ ပစ်ထည့်လိုက်တယ်။
ငါဟာ မှန်ဘီလူးတစ်လက်ကို ပြောင်းပြန်ကြည့်မိနေသူ။
ငါ့ရဲ့ နီးစပ်စေလိုခြင်းတွေကို ငါ့ကိုယ်တိုင်အမြင်နဲ့ပဲ ပြန်ပြန်ဝေးစေကာ နာကျင်နေသူ ။

နာကျင်မှုတွေကို မကြည့်မိတာ ကြာပြီ။
နာကျင်မှုတွေအကြောင်းမတွေးဖြစ်တော့တာ ကြာပြီ။
ကြာပြီ ဆိုတဲ့အကြောင်းကိုလည်း ပြောပြောမိနေတာ ကြာပြီ။

အိုင်လွယ်ပန်

တစ္ဆေတစ်ကောင်က ပွင့်လိုက်တဲ့ ပန်း

5 comments
(၁)

တစ်ဆယ့်နှာရီသီစာ စိတ်အစီး အဆင်းကို
တစ်စက္ကန့်စာ လေးတောင်ပြန်ကောက်လို့မရဘူး
သစ်ရွက်တွေ လှုပ်တယ်
အရိပ်တွေ လှုပ်တယ်
စိတ်တွေ လှုပ်တယ် ...။


“ကျွတ် ”

ကိုယ်လောင်းထားတဲ့ ဘောလုံးအသင်း ရဲ့ အနိုင်အရှုံးကို စောင့်နေရသလိုသလိုမျိုး ပုံစံနဲ့နဲ့ သူ ခေါင်းတစ်ချက်ရမ်းလိုက်တယ်...။
ဟုတ်လည်း ဟုတ်တယ် ...။စိတ်ထဲမှာ ဘာကိုမှ အဆင်မပြေဘူး ..။ သူစောင့်နေရတဲ့ အချိန်က ဆန့်ဆန့် ထွက်လာသယောင်ယောင် ..။
စောင့်ဆိုင်းနေရပြီဆို အချိန်ဆိုတာမျိုးက တစ်မျှော် တစ်ခေါ် ..။ အတွေးတွေ ပလုံစီပြီး အဟောင်းနံ့တွေ နံနေတယ် ...။
သူတစ်ချက်တွေးမိလိုက်တယ် ..။ စိတ်အယား ပြေ အောင် ဟိုဟိုဒီဒီ သွားနေလိုက်တာ ကောင်းမယ် ..။
ဒီလိုနဲ့ပဲ မသွားတော့ဘူး ဆိုပြီးဆုံးဖြတ်ထားတဲ့ နေရာကို သူပြန်လွင့်လာခဲ့ တယ် ...။

(၂)

မျက်လုံး စစ်စစ်နဲ့ မြင်လိုက်တာပါ
ငါမှာ ...
နှလုံးသားထဲ စိုက်ဝင်ခဲ့ဖူးတဲ့ ဆူးကိုမှ
ဆွဲနှုတ်လို့ ရလိုရငြား
ပြန်ရှာနေခဲ့ရ ..။


မကြာမကြာ ရောက်ဖြစ်တဲ့ နေရာလေးပါ ..။ သေရာပါ ရနံ့တွေ စိုစွတ်နေတယ် ..။
ဒီတစ်ခါတော့ နောက်ဆုံးအကြိမ် ဖြစ်ကောင်းလိမ့်မယ် ..။
ဒီတစ်ခေါက်တော့ မြင်ကွင်းက နည်းနည်းဆန်းနေရဲ့..။
အိမ်မြှောင် စုတ်ထိုးသံ တစ်ချက်ကြားလိုက်ရတယ် ..။ လရောင်ဟာ ကောင်လေး နဲ့ ကောင်မလေး
နှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာ ဖြာကျဆန့်ထွက်လို့ ...။ကောင်မလေးရဲ့ မျက်ဝန်းမှာ ငြိနေတဲ့ နိမိတ် တစ်ချို့ကို
သူ အသေအချာ ဖတ်မိလိုက်တယ် ..။ သူ့ ကိုယ်ပေါ် မှာ တစ်စွန်းတစ်စ ကပ်ကျန်နေသေးတဲ့ ရနံ့ဟာ အဲဒီရနံ့ ပါပဲ ..။

“ အမှန်အတိုင်းပဲ “ဖူး” ဝန်ခံ ချင်ပါတယ် ..။ “ကိုမျိုး” စိတ်ထဲမှာ အဖုအထစ်တစ်ခုခု ဖြစ်သွားတယ် ဆိုလည်း “ဖူး” ကြိုပြီးတော့
တောင်းပန်လိုက်တယ် ...။“ကိုမျိုး” ရဲ့ အချစ်ကို အတိုင်းအတာ တစ်ခု အထိ “ဖူး” ရင်ခုန်တယ် ..။ လက်ခံတယ် ...
ဒါပေမယ့် “ဖူး” “သူရိန့်”ကို ပေးလိုက်တာ “ဖူး” နှလုံးသားတစ်ခုလုံး ပါသွားတယ် ..။ ဘာရယ်ကြောင့်ပဲ ဖြစ်ဖြစ်ပါ ..။
တစ်ခါတစ်ရံ ဖြစ်လာကောင်း ဖြစ်လာနိုင်မယ့် “ဖူး” ရဲ့ “သူရိန်” နဲ့ ပတ်သတ်တဲ့ အနာတရတွေ ကို “ကိုမျိုး” လက်ခံပေးနိုင်တယ်
ဆိုရင် အရာအားလုံး “ဖူး” ဘက်က အဆင်သင့်ပါပဲ ..။ အဲဒါ “ဖူး” ရဲ့ အဖြေပဲ “ကိုမျိုး” ...။”

သူ့ ရင်ခွင် တစ်ခုလုံး ကောင်မလေးရဲ့ စကားသံအကြား စိမ့်ဝင် နွေးထွေးသွားတယ် ..။ ဖွဖွလေး သူ ပြုံးလိုက်ရဲ့ ...။

“Going on .. baby ”

သူ ပြောလိုက်တဲ့ စကားကို တစ်ချိန်က သူ့ရဲ့ “အရူးမလေး ” မကြားမှာ သေချာတယ် ..။ထား ... လိုက် .... ပါ ....။
ကောင်လေးဆီက တုန့်ပြန်သံ ကို သူနားစွင့်နေလိုက်တယ် ..။

“ ကိုယ်လက်ခံနိုင်ပါတယ် “ဖူး” ... “ဖူး” ရဲ့ စိတ်ကို အကုန်လုံးမဟုတ်တောင် တစ်စွန်းတစ်စလောက်ဖြစ် ကိုယ်နားလည်ပြီးတဲ့
နောက်မှာ ကိုယ် ဖွင့်ဟဖြစ်ခဲ့တဲ့ စကားတစ်ခု မျှော်လင့်ချက် အတိမ်အနက် ရဲ့ ဒဏ်ကိုယ်ခံနိုင်ပါတယ် ..။“သူရိန်” ဟာ
ကိုယ့် သူငယ်ချင်း အရင်းကြီးပါ ..။တစ်ခုပဲ ... နောက်ကျခဲ့သူ တစ်ယောက်ရဲ့ အခါအခွင့် မှာ ရင်ထဲက ရှိုက်မိတဲ့ အသံသက်သက်
ဟာ အတတ်နိုင်ဆုံးဖြူစင်ခဲ့ပါတယ် ...။ အဲဒါကို “ဖူး” နားလည်ခဲ့ရင် အခု “ဖူး” ပေးတဲ့ ဆုလာဘ် ဟာ ကိုယ့် အတွက်နိဗ္ဗာန် တစ်ခုပါပဲ
အဲဒါလေးကိုပဲ ကိုယ် တယုတယ သိမ်းထားပါးရစေ ..။”

“ အောင်မြင်ပါစေ .. ငမျိုး ရေ ”

သူ နှစ်နှစ်ကာကာ ဆုမွန်ခြွှေ လိုက်တယ် ..။ နှလုံးသားတစ်ခုစာ ဖြစ်ဖြစ် ခန္ဓာတစ်ခုစာ ဖြစ်ဖြစ် တစ်ကမ္ဘာစာ ဖြစ်ဖြစ်
ခိုဝင်ခဲ့ဖူးပြီးရင် မထွက်ခွာ သွားရတာ ဘာရှိလို့လဲ ကွယ် ..။ တစ်ချိန်က သူ့ရဲ့ “အရူးမလေး” ဆိုတဲ့ ကောင်မလေး မျက်နှာကို
တစ်ချက်ငေးပြီး သူပြုံးပြ နှုတ်ဆက် လိုက်တယ် ...။သူ့အပြုံး ကို သူတစ်ယောက်သာ ပြန်မြင်လိုက် တဲ့ ညဟာ ဒီညပါပဲ ...။

“ good night .. baby "

သူဆက်လွင့်လာခဲ့တယ် .......။

(၃)

ကြယ်တွေက ရွေ့လို့
အရွေ့ ပေါ် က အရွေ့
ငါ တွေ့လိုက်တဲ့ ကံကြမ္မာ
အရွှေ့ အပြောင်း သိပ်မြန်တယ် ...။



အဝေး မှာ သူ့လိုပဲ ငိုက်စိုက် ငိုက် စိုက်နဲ့ လွင့်လာတဲ့ သူတစ်ယောက်ကို သူမြင်နေရတယ် ..။
ကားတစ်စီး အရှိန်နဲ့ မောင်း ဝင်လာနေတယ် ...။ကားက ထိုလူ နဲ့ နီးလာတဲ့ အထိ အဲဒီလူ ကားလမ်းလယ်မှာ ငိုက်စိုက် ငိုက်စိုက်နဲ့
လျှောက်နေတုန်း ...။သူ စိတ်ပူသွားတယ် ...။

“ဟာ .. ဟေ့လူ ... နောက်မှာ ကား ဟ ”

သူ့ သတိပေးသံ က ကားထက် အနည်းငယ် နောက်ကျတယ် ..။ ဒါပေမယ့် ကားက ထိုလူ့ တစ်ကိုယ်လုံးထဲက ဖောက်ထွက်လာပြီး
ဆက်မောင်းသွားတာ မြင်လိုက်ရတယ် ..။

“ ဟင် .. ဘာလဲဟ ”

သူကြောင် တောင်တောင်ဖြစ်သွားတယ် ...။ကြည့်နေရင်းကပဲ ငိုက်နေတဲ့ ထိုလူရဲ့ ခေါင်း ထောင်လာတယ် ..။
မျက်လုံးဟောက်ပက် ပါးစပ်ပြဲပြဲ နဲ့ မျက်နှာ ဆိုးလိုက်တဲ့ ရုပ်လို့ သူသတ်မှတ်လိုက်တယ် ..။

“အမလေး ” ထိုလူ့ ဆီကအသံက ရုတ်တရက် ..။

ပြီးမှ ထိုလူက သူ့ကို စကားစလာတယ် ...။

“သြော် .. အခုမှ သဘောပေါက်တယ် ..။ မင်းလည်း ငါ့လို ကောင်ပဲကိုး ..။ဒါကြောင့် ငါခြောက်တာ ကို မင်းမလန့်ဘဲ
ငါတောင် မင်းကို ပြန်လန့်သွားတာ .. ဟဲ..ဟဲ ”

သူစိတ် နည်းနည်း လေသွားတယ် ..။ အရေးထဲမှ အခြောက် ခံနေရသေးတယ် ..။ အင်းလေ .. ဘာပဲဖြစ်ဖြစ် သူစောင့်နေတဲ့
အချိန်က အနည်းငယ် လိုသေးတယ် ..။ ဒီလူနဲ့ စကား ပြန်ပြောရင်း စောင့်နေလိုက်တော့ မပျင်းတော့ဖူးပေါ့ ..။

“ ဒါနဲ့ နေစမ်းပါဦး ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ ”

“ ဘာရယ် မဟုတ်ပါဘူးကွာ ငါလည်းပျင်းပျင်းရှိတာ နဲ့ တွေ့တဲ့လူ လိုက်ခြောက်ရင်း အပျော်ရှာ နေတာ ”

“ အာ... ခင်ဗျားအပျော်ရှာတာက သူများတစ်ကာ ကို ဒုက္ခ လိုက်ပေးနေတာနဲ့ တူနေတယ်ဗျ ... ကိုယ့်ကြောင့်
သူ တစ်ပါး ဒုက္ခ ရောက်တာ မကောင်းဘူးဗျ ”

“ဒီမှာ ဟေ့ကောင် .. ငါက ခြောက်သာ ခြောက်တာ စည်း ထားပါတယ် ကွ ...။ သန်သန်မာမာ နဲ့ စိတ်ညစ်နေတဲ့ ပုံ
ရှိတဲ့ သူတွေကို ပဲ ရွေးခြောက်တာ ..။ အားနွဲ့ တဲ့ သူတွေကို ဒုက္ခမပေးပါဘူးကွ ...။ မင်းကြည့်ရတာ ငိုက်စိုက် ငိုက်စိုက်နဲ့
လျှောက်လာတော့ စိတ်ညစ်နေတယ် ထင်ပြီး ခြောက်လိုက်တာ ..။ဒီလိုကွာ စိတ်အကြီးအကျယ် ညစ်နေတဲ့
သူတွေ က ငါ့ မြင်လိုက်ရရင် ခဏလောက်ဖြစ်ဖြစ် တော့ ညစ်နေတာတွေ လစ်သွားမယ်လေ ..။
ငါက ကူညီပေးတာပါကွ ဟုတ်တယ်မလား .. ဟဲ ..ဟဲ ..။”

“အင်း .. ဟုတ်လောက် ပါတယ် .. ခင်ဗျားရုပ်ကလည်း ဆိုးလိုက်တာ လွန်ရော ..။”

“ ဟ .. ဟေ့ကောင် .. မင်း ကိုယ့်ရုပ်ကိုယ် လည်း မှန်ထဲ ပြန်ကြည့် ဦး .. ငါတောင် မင်းကိုတွေ့တာ ပြန်လန့်တယ်ဆိုတော့ကာ ...
ငါ့များ မင်းက ရုပ်ဆိုးတယ်လေး ဘာလေး နဲ့ ...။ထားလိုက်ပါ ...။ မင်းက ဒီဘဝ မှာတောင် ရုပ်တွေ နာမ် တွေ အကြောင်း
ပြောနေသေးတယ် ..။ဒါနဲ့ မင်းကကော ဘာတွေလုပ်နေတာလဲ ..။ ”

“ကျွန်တော်က စောင့်နေတာ ..”

“ဟင် .. ဘာကိုစောင့်နေတာလဲ ဟ ”

“ အ ... လင်း ... ရောင် ”

“ ဟေ ”

ထိုသူ့ ရဲ့ ပြဲ လှပါတယ် ဆိုတဲ့ ပါးစပ် ပြဲသထက် ပြဲသွားတယ် ....။

“စိတ် ကောင်းကောင်း ထားစမ်းပါ ငါ့ကောင်ရာ .. အလင်း ဆိုတာ ငါတို့တွေနဲ့ မအပ်စပ် ဘူးလေ .. အလင်းလာရင်
ငါတို့က လွင့်ထွက်သွား ရတာချည်းပဲ ကွ ...။ မင်းကြည့်ရတာ စိတ်ညစ်နေတဲ့ ပုံနဲ့ ..။စိတ် မညစ်စမ်းပါနဲ့ကွာ ..
ပျော်စရာရှိတဲ့ နေရာကို ငါ လမ်းညွှန် နိုင်ပါတယ်ကွ ...”

“ကျွန်တော် စိတ်မညစ်ပါဘူး .. အဲ နည်းနည်းတော့ စိတ်ရှုပ်နေတယ် ..။ ဒီည ကုန်လို့ အလင်းရောက် လာခဲ့ရင်
ပြန်နေကျ နေရာကို ကျွန်တော် မပြန်တော့ဘူး ... ခံနိုင်အောင်ခံ ပေပြီးဆက်နေမယ် ..။
အဲဒီအကျိုးဆက်က ဘာဖြစ် သွားနိုင်လည်းဆိုတာကတော့ ဘာမဆို ဖြစ်သွား
နိုင်တယ်ပေါ့ဗျာ ..။ဒါပေမယ့် အမှောင် ကို ကျွန်တော် ငြီးငွေ့ လာပြီ ...။ သံယောဇဉ် ကို ကျွန်တော်ငြီးငွေ့လာတာ ကြာပြီ ..။
အဲဒီ သံယောဇဉ်ကြောင့်လည်း ဒီဘဝ ရောက်လာခဲ့ တာပဲလေ ..။ ဒါပေမယ် တစ်ခုတော့ရှိတယ် ..။ အလင်း အမှောင် ဆိုတာ
တစ်ကိုယ်စာ ပါ ..။ ဆိုလိုတာက တစ်ဦးရဲ့ အလင်းဟာ တစ်ဦး ရဲ့ အမှောင် ဖြစ်နေနိုင်တယ် ..။လူတွေ လက်ခံ တောင့်တ
တဲ့ အလင်း ကို ကျွန်တော်တို့ ကြောက်နေရသလိုမျိုးပေါ့ ...။ အခု အဲဒီ အလင်းကိုပဲ ကျွန်တော် ပြန်ငတ်မွတ် နေပြန်တယ် ..။
ဘာဖြစ်ဖြစ်ပါ ..။ အလင်းရောင် ကို ကျွန်တော် စောင့်နေတယ် ..။ဒါနဲ့ လုပ်စမ်းပါဦးဗျ ..။
ခင်ဗျား ခုဏက ပြောတဲ့ ပျော်စရာ ရှိတဲ့ နေရာ ကို လမ်းညွှန်နိုင်တယ် ဆိုတာက ..။”

ထိုသူ ခေါင်း ကို ယမ်းလိုက်တယ် ..။ ပြီးတော့မှ ..။

“မင်းကို ငါ ဘာပြော ရမှန်း တောင်မသိတော့ဘူး ..။ဒီလိုကွ ပျော်စရာရှိတဲ့ နေရာဟာ အဲဒီနေရာပဲ ”

ထိုလူ ညွှန်လိုက်တဲ့ လက်ညှိုးက သူ့ ဘယ်ဘက် ရင်အုံတည့်တည့် ...။ သူ ငြင်သာစွာ ပြုံးလိုက် မိပြန်တယ် ..။

“ကျွန်တော် တွေ့ထား ပြီးပါပြီဗျာ ... နှလုံးသားရဲ့ ငြိမ်းချမ်းရာ ဟာ ပျော်စရာပါပဲ ..။ ဒါကြောင့် လည်း ကျွန်တော်
အလင်းရောင် ကိုစောင့်နေတာ ...။”

“အင်းလေ .. ဒါကြောင့်လဲ မင်းကို ငါ ဘာပြောရမှန်းမသိတော့ဘူးလို့ ပြောတာပေါ့ကွ ...။
ကိုယ့်ဒုက္ခ ကိုယ်ရှာမှ ငြိမ်းချမ်းပြီ ထင်တာတွေ က တစ်ကယ့်ကို ဒု နဲ့ ဒေး လေ ..။
ထားပါ မင်းပြောသလိုပေါ့ ငါ့အတွက် အမှောင်ဟာ မင်းအတွက် အလင်းဖြစ်ချင်ဖြစ်နိုင်တာပဲ ....။
တစ်ခါတစ်ရံ ငြိမ်းချမ်းခြင်း ကို ရယူလိုက်မှုမှာ အရင်း အနှီး ကြီး ကောင်း ကြီးလိမ့်မယ် ..။ ကိုယ်ရလိုက်ပြီလို့
သတ်မှတ်လိုက်တဲ့ ငြိမ်းချမ်းမှုကကောသေချာခြင်းမှာ ဘယ်နှရက်တာ ခံမယ့် အလင်းရောင်လဲ .... အဲဒီ့ ဒွိဟ ဆို တာ ပေါ်လာ နိုင်သေးတာကိုကမငြိမ်းချမ်းနိုင်သေး တာ (ဒါမှမဟုတ်) ငြိမ်းချမ်းခြင်းအစစ်ကို မတွေ့နိုင်သေးတာလား ..။
ငါမသိတော့ဘူးကွာ ...။ အင်းလေ ..။ကဲ ငါ့ကောင် ဘာပဲပြောပြော တွေ့ရတာ ဝမ်းသာပါတယ် ကွာ ...။
ပြောရင်းဆိုရင်း ရောင်နီလာ တော့မယ် ...။ ငါလစ်ပြီကွာ ..။ အစစ အရာရာ အဆင်ပြေပါစေကွာ ...။နော ”

“အေးဗျာ ... နှုတ်ဆက်ခဲ့တယ်.... ”

သူ့ စကားအဆုံး မှာ ထိုသူ တစ်ဖြည်းဖြည်း ဝေးလွင့် သွားတယ် ..။


(၄)

ဂူတစ်ဂူ ထဲမှာ နှစ်ရှည်လများ
အောင်းနေခဲ့ရတော့လည်း
ငြီးငွေ့ မှု သံစဉ်တွေနဲ့ပဲ
အချိန်ကုန်နေခဲ့ရ
အသက်အောင့် ပြီး လက်ဖျောက် တစ်ချက်တီးလိုက်တယ်
မျှော်လင့်ချက် တစ်ပတ်နွမ်းတွေ တစ်မျှော်တစ်ခေါ် နဲ့
ဒီနေ့ ပွင့်မယ့်ပန်းဟာ ဘာပန်းလဲ ..။


လွတ်ထွက်ခြင်းတစ်ခုကို မှ ကောက်ရ လိုက်သူများ ရှိကောင်း ရှိနေနိုင်ပါသည် ...။
တစ္ဆေ တစ်ကောင် ရဲ့ ရင်ထဲ တွင် ဖူးနေသော ပန်းတစ်ပွင့် ဖြည်းညင်း စွာ တံခါး ပွင့်လာသည် ..။
သူ မျှော်နေသော အရာမှာ သူနှင့် တစ်ဖြည်းဖြည်း နီးကပ်စွာ ...။

(၅)

တူ ... တူ ...

တယ်လီဖုန်းမြည်သံ ကြောင့် စောစောစီးစီး ဘယ်သူခေါ် တာပါလိမ့် ဟု တစ်ချက်ရေ ရွတ်ပြီး “ဖူး” တစ်ယောက်ကောက်ကိုင်လိုက်သည် ..။

“ဟယ်လို”

“ဟယ်လို ဖူး လား ”

“အင်း ဟုတ်တယ် ကိုမျိုး ”

“ဖူးရေ .. ညကလေ ဖူး ဆီက အဖြေရပြီး ပြန်သွားတော့ အပျော်လွန်ပြီး တော်တော်နဲ့ အိပ်မရဘူး
မိုးလင်းကာနီးမှ အိပ်ပျော်သွားတာ ..။ အဲဒါ အိပ်မက် မက်တယ် ...။
အိပ်မက်ထဲမှာ “သူရိန့်” ကိုတွေ့တယ် ..။ ဒီကောင် မျက်နှာက ကြည်လင် ဝင်းပနေတာပဲ ..။
ပြီးတော့ စကားတစ်ခွန်းမှ မပြောသွားဘူး ...။ ကိုယ့်ကို လက်ပြ ပြုံးပြီး တစ်ဖြည်းဖြည်း ပျောက်သွားတယ် ..။
“ဖူး”... ဟယ်လို .. ဖူး ကိုယ်ပြောတာ ကြားရဲ့လား ”

“ဖူး”တစ်ယောက် ကိုမျိုး ဆက်ပြောသော အသံများ မကြားရတစ်ချက် ကြားရ တစ်ချက် ...။

“ဖူး” စဉ်းစားနေ မိသည်မှာ မိုးလင်းကာနီးမှ သူမလည်း မက်ခဲ့ လိုက်သည့် “ကိုမျိုး” နှင့် ထပ်တူကျလှစွာသော
အိပ်မက်တစ်ခု အကြောင်း ပင်ဖြစ်သည် ...။

တစ်ခါတစ်ရံ
မေးခွန်းများတွင်
အဖြေ မရှိပါ ...။။

အိုင်လွယ်ပန်

ကိုယ်ထင်ပြသွားတဲ့ အိန်ဂျယ်လ်

6 comments
အပိုင်း(၁)

မိုးစက်များ မြေပြင်ပေါ် ကို ကျဆင်းနေသည်မှာ ညင်သာလွန်းလှသည် ။မြို့ကလေးမှာ မိုးဖွဲဖွဲအောက် ရေချိုး
နေသူ တစ်ယောက် သီချင်း တစ်အေးအေး ညည်းနေသည့်ပမာ မိုးစက်ဂီတသံများနှင့်လက်ဆတ်တက်ကြွလျှက် ။ပွင့်ဖူး တစ်ယောက်
စိတ်အေးလက်အေး မုန့်တီထိုင်သောက် နေရင်းမှ မိုးစက်များကို ဘာရယ်မဟုတ်ငေးနေရင်း မြင်ကွင်းတွင်းသို့ ဝင်လာသောသဏ္ဍန်
များကြောင့်ဖျပ်ကနဲ မျက်မှောင်ကြုပ်သွား ကာ သေချာစူးစိုက်ကာ ငေးနေပြန်သည် ။မိုးဖွဲဖွဲအောက် အမိုးအကာ မပါပဲအေးအေးလူလူ လျှောက်လာသော လူသုံးယောက် မုန့်တီဆိုင်နှင့် မျက်နှာချင်းဆိုင် လဘ္ဘက်ရည် ဆိုင်ထဲသို့ဝင်သွားသောမြင်ကွင်းမှာ သာမန်အားဖြင့်
ဘာမှမထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်သော်လည်း ပွင့်ဖူး အဖို့ထိုလူသုံးယောက်မှာ ပုစ္ဆာတစ်ပုဒ်ဖြစ်နေသည်မှာ ကြာခဲ့လေပြီ ။
“ဟဲ့ .. ဘာတွေငေးနေတာလဲဟ..ငါ့ဟာငါ မိုးအေးအေးနဲ့ ကွေးနေတာကို နင်ပဲ မုန့်တီသောက်ချင်တယ် ဆိုပြီး အတင်းခေါ်လာ
ပြီး မုန့်တီ ကိုကောင်းကောင်းမသောက်ဘူး ”
။ကလျာ ၏ အသံထွက်ပေါ် လာမှ ငေးနေသော ပွင့်ဖူး တစ်ယောက် သတိပြန်ဝင်
လာသည် ။“ဟင် .. အေး .. ဒီလိုဟ … နင် ဟိုလဘ္ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေတဲ့ လူ သုံးယောက်ကိုသိလား ” ။ ပွင့်ဖူး မေးငေါ့ ပြလိုက်သော ဆိုင်ထဲသို့ ကလျာ လှမ်းကြည့်မိသည် ။ ထို့နောက် တစ်ချက်ပြုံးကာပြန်ဖြေသည် ။
အဲဒါလား … တစ်ယောက်က ကိုသက်မောင်တဲ့ ကျောင်းဆရာ၊ နောက်တစ်ယောက်ကကိုသီဟတဲ့ ဒီမြို့မှာ မိုက်ပါတယ်ဆိုတဲ့ သူတွေ
ကတောင် သူ့ တွေ့ရင် ဝေးဝေး ရှောင်တယ် ။သူက ဘယ်သူ့ကိုမှ ပြဿနာ စမလုပ်ဘူး ။သူ့ကို ထိရင် ဒါမှမဟုတ် မတရား တာတစ်ခုခု သူ့မျက်စိရှေ့ တွေ့ရင်လည်းဘယ်တော့မှ အငြိမ်မနေဘူး ။ အဲ .. နောက်ဆုံးတစ်ယောက်ကတော့ လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ
ပြောင်းလာတာ ကိုဟိန်းလတ် တဲ့ ။ကိုသက်မောင် အိမ်မှာ နေလိုက် ကိုသီဟ အိမ်မှာ နေလိုက် နဲ့ ။နင်ကဒီမြို့ပြောင်းလာတာ တစ်လ
လောက်ပဲ ရှိသေးတာ ဆိုတော့ ဘယ်သိမလဲ ။ နေစမ်း ပါဦး နင်က ဘာလို့ မေးရတာလဲ ဖူး ” ။ “ဒီလိုဟ ”
ပွင့်ဖူး က အစချီလိုက်သည် ။“မနေ့တစ်နေ့က ငါ ဒီဆိုင်မှာပဲ မုန့်တီသောက်နေတယ် ။အဲဒီ သုံးယောက်ထဲကမှ နင်ပြောတဲ့ သီဟ နဲ့ ဟိန်းလတ် ဆိုတဲ့ နှစ်ယောက်က အဲဒီလဘ္ဘရည်ဆိုင်ထဲမှာပဲ ထိုင်နေတယ် ။ အဲဒီအချိန်မှာပဲ ဝေါကနဲ ကားတစ်စီး ထိုးဆိုက်လာပြီး
ကားပေါ်ကလူ ငါးယောက် ဆင်းချလာတယ် ။အဲဒီမှာတင် ဟာ ချက်ခြင်းပဲ သီဟ ဆိုတဲ့လူက ဖျပ်ကနဲထ ဘာမပြော ညာမပြောနဲ့
လဘ္ဘက်ရည်ဆိုင်ထဲက ခွေးခြေနဲ့ အဲဒီဆင်းလာတဲ့ ငါးယောက်ကို တစ်ဖျောင်းဖျောင်း ဝင်ရိုက်ပါလေရော သုံးယောက်ကတော့
နေရာမှာတင် ပုံကနဲပဲ ။အဲ .. ကျန်တဲ့ နှစ်ယောက်ထဲက တစ်ယောက်က သီဟဆိုတဲ့ လူကို ခုန်အုပ် ပြီး လုံးထွေး သွားကြတယ် ။ပြီးတော့ သီဟဆိုတဲ့လူက အပေါ်စီး ရသွားပြီးအောက်ကလူ ကိုဆင့်ဆင့်ပြီးထိုးတယ် ။နောက်တော့ နောက်ဆုံးငါးယောက်ထဲက ကျန်တဲ့
တစ်ယောက်က ခွေးခြေ ကိုင်ပြီး သီဟ နား တရွေ့ရွေ့ ကပ်လာတယ် ။အဓိက ပြောချင်တာ က နင်ပြောတဲ့ ဒီရောက်လာတာ
ခြောက်လလောက်ပဲ ရှိသေးတယ်ဆိုတဲ့ ဟိန်းလတ်ဆိုတဲ့လူပဲ ။ဒီလောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာတောင်ဟာ နေရာက တစ်စက်
ကလေးမှ မထပဲ အေးအေးဆေးဆေး ကြည့်နေနိုင်လိုက်တာဟယ် ။ဟိုလူ ခွေးခြေ ကိုင်ပြီး သီဟနား ကပ်လာတော့မှ ထပြီး ဟေးကနဲ လှမ်းအော်တယ် ။ခွေးခြေ ကိုင်ထားတဲ့လူ လှမ်းအကြည့် အဲဒီဟိန်းလတ်က သူ့လက်ထဲ ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့
ဖန်ခွက်နဲ့ ဟိုလူ့မျက်နှာကို လှမ်းပစ်လိုက်တာ တစ်ချက်တည်း ။ ဟိုလူလဲ မျက်နှာကိုလက်နဲ့အုပ်ပြီး ဒူးထောက်လျှက်သားကျသွားတာပေါ့ ။
ဟိုလူ့ မျက်နှာဆိုတာ ဟာ သွေးတွေမှ ရဲကနဲပဲ ။ပြီးတော့ ဟိန်းလတ်ဆိုတဲ့သူက ကောင်တာကိုသွား ဖုန်းကိုင်ပြီး ဖုန်းဆက်တယ် ။
လဲနေတဲ့ လူငါးယောက်ကတော့ လှိမ့်လို့။သူတို့ကို တင်လာတဲ့ ကားကတော့ မောင်းပြေးသွားတယ် ။မကြာဘူး ခဏနေတော့ ရဲတွေ
ရောက်လာပြီး လဲနေတဲ့လူတွေကော ဟိန်းလတ် နဲ့ သီဟ ဆိုတဲ့ သူတွေကော ခေါ်သွားတယ် ။အဲဒီ သီဟ ဆိုတဲ့ လူကော ဟိန်းလတ်
်ဆိုတဲ့ သူကောရဲ့ ပုံစံတွေက ဟယ် စောစောက ရန်ဖြစ်ခဲ့တာ သူတို့ မဟုတ်တဲ့ အတိုင်းပဲ ၊ ရဲကားပေါ် ကို အေးအေးလူလူ တက်လိုက်သွား
တဲ့ ပုံစံတွေ နင့်ကို ပြလိုက်ချင်တယ် ။တကယ့်ကို သူတို့ ဖာသာ အိမ်ပြန်သွားတဲ့ ပုံစံမျိုး ရယ်လိုက် အချင်းချင်းစကားပြောလိုက်နဲ့။
အဲဒါကြောင့် ဒီလူတွေ ဘယ်လိုမျိုး လူတွေလဲ လို စိတ်ဝင်စားပြီး နင့်ကို မေးမိတာ ဟဲ့ ကလျာမ ရဲ့”။
ပွင့်ဖူး တစ်ယောက် သူ့စကားကို အဆုံးသတ်လိုက်ရင်း ရေနွေးပူပူ တစ်ခွက်ကို မှုတ်သောက်လိုက်သည် ။ကလျာ က သူ့မုန့်တီ ပန်းကန် ကို ဘေးသို့တွန်းရွှေ့ လိုက်ရင်းက“အေးဟဲ့ .. အဲဒီ သတင်း မနေ့က ဖေဖေ ပြောပြလို့ သိပြီးသွားပြီ ။အဲဒီ ကားနဲ့ လာတဲ့သူတွေက ဟိုဘက်မြို့က
ဦးဟန်ထွန်းရဲ့ တပည့်လူမိုက်တွေ ဟ ။ဦးဟန်ထွန်း ဆိုတာကလည်း နင်ကြားဖူးမှာပေါ့ ။ဒီ နယ်တစ်ခုလုံးမှာ နာမည်ကြီးပဲ ။အဲဒါ
မဟုတ်မခံတတ်တဲ့ ကိုသီဟနဲ့ ဘယ်နေရာမှာ ဘယ်လို ပြဿနာ ဖြစ်ခဲ့လည်း မသိဘူး ။အဲဒီ ကိစ္စမှာ ကိုသီဟနဲ့ ကိုဟိန်းလတ် ဘက်က ကိုသက်မောင် တို့အဖေ ဦးမြင့်မောင်က အပြည့်အဝ အာမခံချက်ပေးတော့ ရဲစခန်းက အာမခံပေးထားတယ် ကြားတာပဲ ။ဦးမြင့်မောင်က
ဒီမြို့ မှာ အချမ်းသာဆုံး ကောင်းသတင်းအထွက်ဆုံး မဟုတ်လား ”။
ကလျာ ၏စကားအဆုံး ပွင့်ဖူး ၏ အသံ အတန်ကြာ တိတ်ဆိတ် နေခဲ့သည် ။ထို့နောက် “အမှန်အတိုင်း ပြောရရင် ငါ သူတို့ သုံးယောက်နဲ့ ဒီမြို့ကိုပြောင်းလာတဲ့ တစ်လတာ အတွင်း
မှာ ခဏ ခဏ ဆုံခဲ့ဖူးတယ် ။အထူးသဖြင့် ဟိန်းလတ်ဆိုတဲ့ လူ ၊ သူ့ မျက်ဝန်းတွေမှာ နင့်နင့် စူးစူး တစ်ခုခုကို ခံစားနေရတဲ့ပုံအမြဲပေါက်ပြီး
မှုန်မှိုင်းနေတာပဲ ။သူက အရင်က ဒီမြို့က မဟုတ်ဘူးလား” ။ “မဟုတ်ဘူး ဟ ”
ကလျာက ဖြေသည်“သူကရန်ကုန်
က ၊ ကို သက်မောင်တို့ ကို သီဟ တို့ကလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ဒီမြို့ကိုပြန်လာကြတာ ။အရင်က သူတို့ကလည်း မူလတန်း လောက်ကတည်းက ရန်ကုန်မှာ ကျောင်းသွားတက်နေကြတာ ။ရန်ကုန်မှာတုန်းကသူတို့က အချစ်ဆုံး သူငယ်ချင်းတွေ လို့ပြောတာပဲဟ ။
ငါနဲ့ ကို သက်မောင်က အမျိုးမကင်းဘူး ။ကိုသက်က သူ့အဖေ ချမ်းသာပြီးသား ဆိုတော့ ကျောင်းဆရာဝင်လုပ်တာက ထားပါ။ကိုသီဟက
ရန်ကုန်အထိ ငယ်ငယ် ကတည်းက တစ်ကူးတက ကျောင်းသွားတက်ပြီးကာမှ သူ့အဖေဆုံးသွားတော့ လက်ငုပ်လက်ရင်းဖြစ်တဲ့
ကားဝပ်ရှော့ ကို ဆက်ပြီး ဦးစီးနေတာ ခုထိပဲ ။အထူးဆန်း ဆုံးကတော့ ကိုဟိန်းလတ်ပဲ ။သူက အရင်ကဘာအလုပ်လုပ်ခဲ့တယ် အခု
ဘာလုပ်နေတယ် ဆိုတာ ကိုသက်နဲ့ ကိုသီဟက လွဲရင် ဘယ်သူမှ မသိဘူး ။ကိုသက်ကို ငါတစ်ခါတော့မေးကြည့်ဖူးတယ်။ကိုသက်က
လည်း မပြောပြဘူးဟ ။နောက်ကြုံ ရင်သူတို့နဲ့ ငါနင့်ကို မိတ်ဆက် ပေးမယ် နင့်အတွက် ရေးစရာ ဇာတ်လမ်း တစ်ပုဒ်ရတာပေါ့ နင်လည်း
နင့်အဖေ ဒီမြို့ တာဝန်ကျ မှပဲ ရောက်လာတော့တယ် ။ကျောင်းပြီးကတည်းက ငါ့ဆီ ခဏတဖြုတ် လာလည်ဖော်တောင်မရဘူး ”။
ကလျာ ၏ ပြုံးစစ မျက်နှာပေး ကို ပြန်လည်ပြုံးပြလိုက်ရင်း ပွင့်ဖူး တစ်ယောက် အတွေးများ မျောလွင့်လျှက် ရှိနေသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂)

ပညတ်တစ်ခု သူ့တစ်ကိုယ်လုံး အစွမ်းကုန် ပွင့်အာ ပေးနေသည်ဆိုလျှင် ထို အရာသည် နေရောင်ခြည်
တစ်စွန်းတစ်စနှင့် လှပစိုစွတ်နေသော မိုးရာသီနံနက်ခင်း တစ်ခုဖြစ်ပါသည် ။အိပ်ယာထကာစ မြို့ကလေး၏ အစွန် ကားဝပ်ရှော့ ခြံထဲတွင်
နံနက်ခင်းနှင့် အတူ ရင်ခေါင်းထဲမှ ထွက်လာသော လတ်ဆတ်သော မာန်သွင်းသံများ ပဲ့တင်ထပ်နေသည်။ခန္ဓာကိုယ် လှုပ်ခတ်လိုက်တိုင်း
နေရောင်ခြည် နှင့် အပြိုင် သီဟ ကိုယ်ပေါ်က ချွေးစက်များ ဖွာဖွာကျ လာကြသည် ။ဟိန်းလတ် တစ်ယောက် လက်နက်မဲ့ သိုင်းပညာရပ် တစ်ခုကို ပုံဖော်ကစားနေသည့်သီဟ ၏ လှုပ်ရှားပုံများကို အေးအေးလူလူ ထိုင်ကြည့်နေသည် ။ငယ်ငယ် ကတည်းက စောစောထကိုယ်
လက်လှုပ်ရှားမှုလုပ်တတ်သော အမူအကျင့်မှာ သီဟ ၏ မပြတ်သော ထုံးစံ တစ်ခု ဖြစ်သည် ။အတန်ကြာ မှ ကစားနေသည်ကို အဆုံး
သတ်ပြီး ထိုင်နေသော ဟိန်းလတ်ရှိရာသို့ သီဟ လျှောက်လာရင်း လှမ်းမေးလိုက်သည် ။“ ဘယ်လိုလဲဟ ငါ့ကောင်ရ စောစော
စီးစီး နိုးလို့ပါလား ” ။
ဟိန်းလတ်က ပုခုံးကို တွန့်ပြလိုက်ရင်း“အိပ်ချိန် တွေ ပေါ နေရင် အိပ်ချင်တဲ့ ဆန္ဒ ကို သိပ်ပြီး
မတပ်မက်ကြတာ လူ့သဘာဝပဲ ကွ ”
ဟိန်းလတ် စကားဆုံးလျှင် ဆုံးချင်း “သြော် .. မင်းကလူကိုး ၊သိပါဘူးကွာ ” ပြောင်စပ်စပ်ဖြင့် သီဟက လှမ်းနောက်လေသည် ။“လူရယ်လို့ ဖြစ်လာတဲ့နောက်တော့ လူပဲပီသ ချင်ပါတယ်ကွာ ။ ဟေ့ကောင် ၊ ခုန်လို့ပေါက်လို့ ပြီးရင်လည်း လဘ္ဘက်ရည်ဆိုင်သွားမယ် ၊ ဗိုက်ဆာတယ်ကွ ”။ ဟိန်းလတ် သီဟကိုလှမ်းပြော လိုက်စဉ်မှာပင် ပတ်ဝန်းကျင် တွင်မိုးရိပ်များ အုံ့မှိုင်း လာပြန်သည် ။နှစ်ယောက်သား လဘ္ဘက်ရည်ဆိုင်ရှိရာ မြို့ထဲသို့ လျှောက်လာခဲ့
ကြသည် ။“လိုက်လျောညီထွေ ဆိုတဲ့စကားကို မင်းဘယ်လို အဓိပ္ပါယ် ရလဲ ” သီဟက လှမ်းလျှောက်နေရင်းမှ
ကောက်ကာငင်ကာ ထမေးလိုက်သည် ။ဟိန်းလတ် တစ်ချက်ပြုံးလိုက်သည် ။“တစ်ခါတလေ လိုအပ်တယ် ၊ တစ်ခါတစ်လေ မလိုအပ်ဘူး ။ အဲသလောက်ပါပဲ” ဟိန်းလတ်၏အဖြေအဆုံးတွင် သီဟ ၏ မကျေနပ်သံ ထွက်ပေါ်လာသည်
“ဘာလဲ ကွ မင်းအဖြေက ၊မတင်မကျနဲ့” “ဒီလိုကွာ”
ဟိန်းလတ် ၏ စကားသံမှာ ဖြည်းဖြည်း လေးလေး ပီပီသသ ။“မင်းဆိုရင် တတ်နိုင်သလောက် မင်းပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ နေတယ် ။အဲ .. ဟိုဘက်မြို့ က ဦးဟန်ထွန်းက
မင်းတပည့် လေး မောင်ဖြိုးကို မတရားလုပ်တော့ကျ မင်းမခံနိုင်ဘူး ။ဒီလူကြီးနဲ့ လိုက်လျောညီထွေ မင်းမနေနိုင်တော့ဘူး ။မင်းက မင်းမှန်တယ်ထင်တဲ့ မင်းတရားတယ်ထင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းတယ် ။အဲဒီတော့ ဒီလူကြီးက မင်းကိုဒေါသထွက်လာတယ် ။ဒီလူကြီးက လူတွေလွှတ်ပြီး မင်းကို တီးခိုင်းတော့ အဲဒီအခါမှာလည်းအဲသလိုပဲ ။ဒီလူတွေကားပေါ် က ဆင်းလာလာခြင်းမှာပဲ ကိုယ့်ကို သမ မဲ့ကောင်တွေမှန်းသိနေနှင့်တဲ့ မင်းက ဘယ်သူမှ မမျှော်လင့်တဲ့ အချိန်မှာ လက်ဦးမှု ယူပြီး မင်းက စ သမ တယ် ။အရေးအကြောင်း
ကြုံလာတော့ မင်းမနက်တိုင်း ကျင့်ကျင့်နေတဲ့ မင်းရဲ့ လက်နက်မဲ့ ကိုယ်လုံပညာရပ်ထက် လဘ္ဘက်ရည်ဆိုင်က ခွေးခြေက မင်းနဲ့ လိုက်လျောညီထွေ ပိုဖြစ်နေပြန်ရော။ ဆိုတော့ကာလိုက်လျောညီထွေဆိုတာ မင်း လိုက်လျောညီထွေနေဖို့ ကြိုးစားလိုက်ပြီဆိုကတည်းက
လိုက်လျောညီထွေ မဖြစ်နိုင်တော့တဲ့ အရာကွာ ။ဒါကြောင့် အဲဒီအရာ ဟာ တစ်ခါတစ်လေ လိုအပ်တယ် ၊တစ်ခါတစ်လေတော့လည်း
မလိုအပ်ဘူး ။မင်းဒီမေးခွန်းကို အစချီလိုက်ကတည်းက မင်း အဓိက ငါ့ကို ဘာပြောချင်လဲ ငါသိတယ် သီဟ။သက်မောင်လည်း အမြဲတမ်း ငါနဲ့ ဆုံရင် မင်းလို စကားရိပ်တွေ သန်းနေကျပဲ ။ မင်းတို့နှစ်ကောင်ရဲ့ စေတနာကို ငါနားလည်တယ် ။ကျေးဇူးလည်းတင်တယ် ။
ခက်တာက စိတ်ဆိုတာ အနာတရဖြစ်သွားရင် ပြန်ကောင်းဖို့အတွက် အချိန်ယူ ရတယ် ။အချိန်ယူနေတာတောင်မှပဲ ပြန်ကောင်းဖို့မသေချာ
ဘူး ။ ဘဝဟာ ခဏပါ ကွာ ။ဒါပေမယ့် မအေးချမ်းနိုင်သမျှ ငါတို့ ထမ်းထားရတာတွေ လေးနေ ဦးမှာပဲ ။ငါတို့ သိနေတဲ့ အသိတွေဟာ လည်းသိနေရုံသက်သက် ကလွဲလို့ လက်တွေ့ အေးချမ်းအောင် မနေနိုင် မကျင့်နိုင် သမျှ ကတော့ပူနေဦးမှာပဲ ကွ ။အဲသလိုပဲ ငါသိ
နေတယ် ။အခုလို ဖြစ်နေတာ မကောင်းဘူး မဖြစ်သင့်ဘူးဆိုတာလည်းသဘောပေါက်တယ် ။ဒါပေမယ့် မနေနိုင်တာကြီးကို နေနိုင်ယောင်
ဆောင်နေရတာ ထက်စာရင်အခုအနေအထားက ငါ့အတွက် အသက်ရှု ဝ နေတယ်ကွာ ။အဲဒီအတွက် မင်း ငါ့ကို သူ့သံပတ်နဲ့ သူ
သွားနေတဲ့ အရုပ်တရုပ်လိုပဲ အေးအေးဆေးဆေး ကြည့်နေလိုက်ကွာ ။သံပတ် ကုန်ရင် ငါ ရပ်သွားပါလိမ့်မယ် ။ဟုတ်ပလား”

ဟိန်းလတ် စကားများ ဆုံးသွားသော်လည်းသီဟ အတန်ကြာ ငြိမ်သက်နေသည် ။“ဟိန်းလတ်ရာ ” ။ သီဟ ရင်ထဲမှာတော့ တိုးတိုးဖွဖွ အော်နေမိသည် ။မိုးကလေးများ ဖွဲဖွဲ ကျလာသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၃)

ကမ္ဘာ လည်နေသည် ။ရာသီ လည်နေသည် ။အချိန်များ လည်နေသည် ။အရာအားလုံး လည်း သူ့နေရာနှင့်သူ တစ်မျိုးစီ လည်ပတ်နေကြပါသည် ။ပွင့်ဖူး ရှေ့တွင် ထိုင်နေသော ဟိန်းလတ် ၏ ပုံစံမှာ ထုံးစံမပြတ် အေးတိ အေးစက်။ ဟိန်းလတ် နှင့်
အမှတ်မထင် တွေ့ဆုံ ရင်းနှီးခဲ့ပုံများ ကို ပွင့်ဖူး ပြန်စဉ်းစား နေမိသည်။ထိုနေ့က သူမ ၏ ကဗျာတစ်ပုဒ် ပါလာသော မဂ္ဂဇင်း ရောက်ပြီ
ဖြစ်ကြောင်း မှာထားသော စာအုပ်ဆိုင် မှ ဖုံးဆက်သဖြင့် အဖေမသိအောင်မိုးရွာထဲ တွင် ဆိုင်ကယ်ဖြင့် ခိုးထွက်အလာ လမ်းတွင် ဆိုင်ကယ်မှောက်သည် ။မိုးရွာနေသောအချိန်လူရှင်းနေသောအချိန်လည်း ဖြစ်သဖြင့် ကိုယ်ပေါ်ပိနေသော ဆိုင်ကယ်ကို ထူမတ်ကာ
ထလာဖို့ဆိုသည်မှာ ပွင့်ဖူး အဖို့ မှုန်ဝါးဝါး ဆုတောင်း တစ်ခုမျှသာ။ ထိုအချိန်တွင်ဟိန်းလတ် တို့ သုံးယောက်နှင့် တိုးကာ ဆေးရုံ ပို့ပေးခဲ့ကြသည် ။ပွင့်ဖူး အံ့သြ မိသည်မှာ ဟိန်းလတ်ဆိုသောသူသည် ဆိုင်ကယ်ပိသော ဒဏ်ကြောင့်စုတ်ပြတ်လု နီးပါးဖြစ်နေသော ပွင့်ဖူး ခြေထောက်တစ်ဖက် ကို အရေးပေါ် ကုသ နည်းများဖြင့် စနစ်တကျ သွေးထွက်မလွန်အောင် မိုးထဲရေထဲ တားဆီးပေးနိုင်
ခဲ့ခြင်းပင် ။ထို့နောက် သက်မောင် ညီမ တစ်ဝမ်းကွဲ ၏ သူငယ်ချင်းမှန်း သိလာပြီးနောက်ပိုင်း ဆေးရုံ တက်စဉ်တောက်လျှောက်
တွင်လည်း ပုံမှန် လာရောက် တွေ့ဆုံခဲ့ သည် ။ပွင့်ဖူး တစ်ယောက် ကျေးဇူးတင်ကြောင်း ပြောသည့်အခါတွင် “ကျွန်တော်က
အရင်က ရှေးဦးသူနာပြု သင်တန်းမှာ ပထမရခဲ့ တာဗျ ။ အဲဒါကြောင့် ဖူး ကံကောင်းသွားတာ”
ဟု ဟိန်းလတ်က
ပြန်ပြောသည့် အမူအရာတွင် တွေ့နေကျထက် ပိုသော မှုန်မှိုင်းခြင်းတစ်မျိုး
ဟိန်းလတ် မျက်နှာပေါ်တွင် ပွင့်ဖူး တွေ့လိုက်ရသည် ။လေးလကျော်နောက်ပိုင်းတွင် သူက ကိုယ်နှင့် မုန့်တီ လိုက်သောက် ကိုယ်က သူနှင့် လဘ္ဘက်ရည်ဆိုင် လိုက်ထိုင် သောအခြေအနေထိ ရင်းနှီးမှုတိုးတက်လာခဲ့သည်။သူ့ အကြောင်း ကိုမေးသည့် အခါ တွင်လည်း
စကားလှပစွာ ရှောင်ထွက် သွား တတ်သော ဟိန်းလတ် ၏ စကားတတ်လှပုံကို မဂ္ဂဇင်းများတွင် တစ်ပုဒ်စ နှစ်ပုဒ်စ ပါဝင်နေရာယူလာပြီ ဖြစ်သော ကဗျာဆရာမ ပေါက်စ ပွင့်ဖူး ပင် လက်ဖျား ခါရလေသည် ။“ဖူး ..ဘာတွေ စဉ်းစားနေတာလဲ ” ဟိန်းလတ် ၏ စကားသံကြားမှ ပွင့်ဖူး ၏ အတွေးစများ တိကနဲပြတ်တောက်သွား သည် ။“ ဘာရယ်မဟုတ်ပါဘူး ကိုဟိန်း ရယ် ၊ ဒီလိုပါပဲ ” ပွင့်ဖူး ၏ စကားသံအဆုံး တွင် ဟိန်းလတ် ပွင့်ဖူး မျက်နှာကို စိုက်ကြည့်လိုက်သည် ။သူ့မျက်နှာ တွင် လည်း လေးနက်မှုတို့အတိုင်းသား ထင်ဟပ်နေသည် ။ထို့နောက် ဟိန်းလတ်ထံမှ စကားသံထွက်ပေါ်လာသည် ။“မနက်ဖြန် ကျရင်
လဘ္ဘက်ရည်ဆိုင် ထိုင်တဲ့ အချိန်ကျ ဖူး ကို ကျွန်တော် စကားပြောစရာရှိတယ်” ။
ကိုယ့် ရင်ခုန်သံကို ကိုယ် ပွင့်ဖူး တစ်ယောက် ပီပီ သသ ပြန် ကြားလိုက်ရသည် ။အတန်ကြာမှ အလိုလို ငုံ့မိလျှက်သားဖြစ်နေသော ခေါင်းကို မော့ပြီး စကားပြန်ပြောရန်ကြည့်လိုက်
သောအခါ ထိုင်နေသောနေရာတွင် ဟိန်းလတ်ရှိ မနေတော့ပါ ။ဆိုင်အပြင်ဘက်သို့ ကမန်းကတမ်း ကြည့်လိုက်သော အခါတွင်မူ ခပ်
အေးအေး လမ်းလျှောက်ထွက်ခွာသွားသော ဟိန်းလတ် ၏ကျောပြင်ကို မြင်လိုက်ရ လေတော့သည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၄)

နှင်းဖွဲဖွဲ နှင့် မနက်ခင်း သည် ဖြူလွလွ နှင့် ကပိုကရို လှနေ သည် ။သဘာဝ တရား ၏ လက်ရာမြောက် ပန်းချီ
ကားချပ် တစ်ချပ်ထဲတွင် နံနက်ခင်း တစ်ခု ရင်ခုန်နေသော ကောင်မလေးတစ်ယောက်နှင့် မှိုင်းနေသော မျက်ဝန်းအစုံတို့ ပိုင်ဆိုင်သော
ကောင်လေး တစ်ယောက် ပါဝင်ခဲ့ဖူးပါသည် ။စားပွဲ ပေါ်ရှိ လဘ္ဘက်ရည်ခွက်ထဲမှ လဘ္ဘက်ရည် များ အငွေ့ တစ်ထောင်းထောင်း ထနေကြ
သည် ။ပွင့်ဖူး ၏ နှလုံးသားနှင့် အနီးဆုံး အနွေးထည် ၏ ဘယ်ဘက် အိပ်ကပ်ထဲတွင် သွေးစွန်းနေသောလက်ကိုင်ပဝါလေးတစ်ထည်သူမ ထံတွင် အဆင်သင့် ရှိနေပါသည် ။ထိုလက်ကိုင်ပုဝါလေးမှာ သူမ ဆိုင်ကယ်မှောက်သောနေ့တွင်သူမခြေထောက်အားစည်းနှောင်ပေး
ခဲ့သော ဟိန်းလတ် ၏ လက်ကိုင်ပဝါ လေးဖြစ်သည် ။“ဖူး ကျွန်တော်ပြောတာ သေသေချာချာလေး နားထောင်ပေးပါ ” ဟိန်းလတ်ထံမှ စကားသံ ။“ကျွန်တော့် ဘဝမှာ အမြတ်နိုးရဆုံး မိန်းကလေးတစ်ယောက် ရှိခဲ့တယ်” ။
ပွင့်ဖူး ၏ နားရွက်ဖျားလေး နွေးထွေးလာသည် ။ဟိန်းလတ် ထံမှ စကားသံကို အသက်အောင့်ကာ နားထောင် နေမိသည် ။
“သန်ဘက်ခါ ဆိုရင် အဲဒီ ကျွန်တော့် ချစ်သူရဲ့ မွေးနေ့ ရောက်ပြီ အဲဒီအတွက်ကျွန်တော် မနက်ဖြန် ရန်ကုန် ပြန်ရလိမ့်မယ် အပြီး ဖြစ်ချင်လဲ ဖြစ်သွားလိမ့်မယ် ဖူး ။ ” ပွင့်ဖူး နားထဲတွင် မိုးထစ်ချုန်းသလိုအကျယ်ကြီး မြည်ဟီးသွားသည် ။အိပ်ကပ်
အတွင်းမှ လက်ကိုင်ပုဝါလေးမှာ တဆတ်ဆတ် တုန်နေသယောင် ထင်ရသည် “ ကျွန်တော် ဒီမြို့မှာ နေခဲ့ ထိုင်ခဲ့တဲ့ တစ်နှစ်တာ နီးပါးအတွင်းကျွန်တော့် အပေါ် ပေးခဲ့တဲ့ နားလည်မှုတွေအတွက် ကျေးဇူး အရမ်း တင်ပါတယ်” ။နားတွေ ထုံထိုင်းဆွံ့အ ကုန် သလို ဟိန်းလတ် ဆက်ပြောသွားသည့် စကားများမှာ မကြားရတစ်ချက် ကြားရတစ်ချက် ။ဆိုင်မှ ခွဲခွာကာ ထလာပြီး သည် အထိပွင့်ဖူး တစ်ယောက် စိတ်နှင့် ကိုယ်နှင့် မကပ် ။ လေထဲမှာ လွင့်နေသူ တစ်ယောက်ပမာ ။မပြဖြစ်ခဲ့သော သွေးစွန်းနေသည့်
လက်ကိုင်ပုဝါ လေးတစ်ထည် ရှိခဲ့ဖူးကြောင်း နှလုံးသား ကလွဲ၍နားဆင် ပေးမည့်သူ မရှိ ။
မပေးဖတ် ဖြစ်တော့သော ကဗျာ တစ်ပုဒ်တွင် ဝိဥာဉ်တစ်ခု ကပ်ပါသွားခဲ့ပါသည် ။
နှင်းဖွဲဖွဲထဲတွင် ဖြစ်သည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၅)

ကံကြမ္မာ သည် တစ်ခါတစ်ရံတွင် ပိရိ သေသပ်သော ပဉ္စလက် တစ်ရပ်ပိုင်ဆိုင်ပါသည် ။မှောက်ထားသော
ဖဲတစ်ချပ် လေတစ်ချက် အယိမ်းတွင် ဆတ်ကနဲ လန်သွားပုံမှာ သော့ခတ်ထားသော သေတ္တာတစ်လုံး ဖြည်းဖြည်းပွင့်လာသည့်ပုံမျိုး
“ကိုသက်မောင် ကျမ ကို ပြောချင်တယ်ဆိုတာက ”ပွင့်ဖူး ၏ အသံမှာ တည်ငြိမ်နေသည် (သို့မဟုတ်) တည်ငြိမ်
ချင်ယောင် ဆောင်နေသည် ။“ဟိန်းလတ် တစ်ယောက် မနေ့က ပြန်သွားတယ်”သက်မောင် ၏စကားကို ပွင့်ဖူး
ဖြတ်ပြောလိုက်သည်။ “အဲဒါ ကျမ သိပြီးသားပါ ”သက်မောင် တစ်ယောက် သက်ပြင်းချ လိုက်သည် ။
“ကျွန်တော် ပွင့်ပွင့် လင်းလင်းပဲ ပြောတော့မယ်ဗျာ မနက်က ကျွန်တော့် ညီမ ကလျာ တစ်ယောက် ကျွန်တော်ဆီလာပြီး ရန်တွေ့သွား
တယ် ။ဟိန်းလတ်နဲ့ ပတ်သတ်ပြီး တော့ပေါ့ ။တကယ်လို့များကျွန်တော့် သူငယ်ချင်းက ပွင့်ဖူးအပေါ် မှာ စိတ်ဒုက္ခ ရောက်စေ ခဲ့သလို
များဖြစ်ခဲ့ရင်ကျွန်တော် တောင်းပန် ပါတယ် ။သူ ပြန်ခါနီး ကျွန်တော့် ကို စကားတစ်ခွန်းပြောခဲ့ တယ်ဗျာ ။တကယ်လို့သာ သူ့ဘဝမှာ
ဝေလေး သာ မရှိ ခဲ့ရင် ပွင့်ဖူး ကို သူ ချစ်ခွင့် ပန်မိမှာ သေချာတယ်တဲ့ ”
ပွင့်ဖူး နှုတ်ဆိတ်စွာ နေနေမိသည် ။ သက်မောင် ၏ စကားသံ ဆက်လက်ထွက်ပေါ် လာသည် ။“ကျွန်တော် အခုစကားတွေကို ဟိန်းလတ်ကို သူ့အကြောင်း ပြန်အစ မဖော်ပါဘူးလို့ ကတိ ခံထားပြီးကာမှပွင့်ဖူးအနေ နဲ့ သူ့အပေါ်ကို တစ်မျိုးမမြင်စေချင် တာက တစ်ကြောင်း သိသင့်တယ် ထင်တာက တစ်ကြောင်းကြောင့်
ပြောဖြစ်တာပါ ။ဒီကောင် ရဲ့ ပါးစပ်က ဝေလေး နာမည်ပြီးရင် အရေးတယူ ပြောသံကြားရတဲ့ နာမည်က ပွင့်ဖူး ရဲ့ နာမည်ပဲ ။
ပြောရရင် ဒီကောင်ရယ် ကျွန်တော်ရယ် သီဟရယ်က ငယ်ငယ် ကတည်းက ကျောင်းနေဖက်တွေဗျာ ။ငယ်ငယ်ကတည်းက ကျွန်တော်တို့ သုံးယောက်က ဘာပြဿနာ ပဲဖြစ်ဖြစ် အရမ်းကို သွေးအေးတတ်ကြတယ် ။ကျွန်တော်တို့ ထဲမှာမှ ဒီကောင်ကသွေးအအေးဆုံး ။အတည်
ငြိမ်ဆုံး ။ကျွန်တော် တို့ နှစ်ယောက်လုံးက လက်ဖျားခါ ရတယ် ။တက္ကသိုလ် ကျတော့ ကျောင်းခြင်း မတူကြ တာတောင် သုံးယောက်လုံး
ကတစ်တွဲတွဲပဲ ။ ကျွန်တော်က ဝိဇ္ဇာ ရိုးရိုး ဆိုတော့ ကျောင်းအရင်ဆုံးပြီးတယ် ။သီဟကစက်မှု နဲ့ ပြီးတယ် ။ဒီကောင်က ဆေးကျောင်း
ကဗျ”။
ပွင့်ဖူး ခန္ဓာကိုယ် ဆတ်ကနဲ တုန်သွားသည်။“ကျွန်တော်ကအရင်က ရှေးဦးသူနာပြု သင်တန်းမှာ ပထမရခဲ့ တာဗျ ။ အဲဒါကြောင့် ဖူး ကံကောင်းသွားတာ” ဟိန်းလတ် ၏ စကားသံများ ပြန်ကြားယောင်လာသည် ။“ဒီကောင်
ဆေးကျောင်း ပထမနှစ်မှာပဲ ဝေလေးနဲ့ တွေပြီး ကြိုက်ခဲ့ကြတာဗျ ။ဝေလေးက ဒီကောင့်ကိုမြတ်နိုးသလိုဝေလေးကိုလည်း ဒီကောင်က
မြတ်နိုးတာမှ တအားပဲ ”။“ကောင်းတာပေါ့ရှင် ၊ အခုလည်း သူတို့နှစ်ယောက်ဆက်လျှောက် ရမယ့်ခရီးက သာယာဖြောင့်ဖြူးမှာပါ ၊ ကျမ ဆုတောင်းပေးပါတယ် ”
ပွင့်ဖူး ဖြတ်ပြောလိုက်သောစကားအား သက်မောင်မှ လက်ကာပြလိုက်လေသည်။“အဓိက ပြောချင်တာက အဲဒီမှာ ၊အခုကျွန်တော်ပြောနေတဲ့ ဝေလေးဆိုတာ က လွန်ခဲ့တဲ့ ငါးနှစ် ကတည်းက ဆုံးသွားခဲ့ပြီဗျာ”။

… “ ရှင် ” ..

ပွင့်ဖူးတစ်ကိုယ်လုံး တံတိုင်းတစ်ခုနှင့် ပစ်စောင့်ခံလိုက်ရ သလိုမျိုး ။“ဟုတ်တယ်ဗျာ ၊ဒီကောင် ဆေးကျောင်း နောက်ဆုံးနှစ်မှာ ပဲ ဆုံးသွားတာ ။ဝေလေး မှာက မွေးရာပါ နှလုံးရောဂါ ရှိတယ် ။ဆုံးသွားတာကလည်း ဝေလေး ရဲ့ မွေးနေ့မှာပဲ ဒီကောင့် လက်ပေါ် မှာတင် ။အဲဒီနေ့မှာ တောင် ဒီကောင့်အနေအထားက သိပ်ကို တည်ငြိမ်နေခဲ့တယ် ။အဲဒီ အပြင်ပန်း တည်ငြိမ် နေမှုဟာ ဒီကောင့် စိတ်
အတွင်းပိုင်း ကိုဘယ်လောက် ရိုက်ချိုးသွားလဲ ဆိုတာ ကျွန်တော် ရယ် သီဟ ရယ် နောက်မှ သိလိုက်ရတယ်။ဝေလေးရက်လည် ပြီးတဲ့
နေ့မှာ ဒီကောင် ကျွန်တော်တို့နှစ်ယောက်ကိုပြောတယ် ။ဝေလေးက သူ့ကိုမှာသွားတယ်တဲ့ သူမရှိလည်း သူရှိနေသလိုမျိုး တည်တည်
ငြိမ်ငြိမ် ရှင်သန်နေရမယ် လို့တဲ့ဗျာ ။ဒီကောင်က အဖေ အမေ မရှိတော့ဘူးဗျ ။ ဦးလေး တွေနဲ့ နေတာ။ဦးလေးတွေက လူပျိုကြီးတွေ ။
အဖိုးအဖွားတွေက နိုင်ငံခြားမှာ ။မိသားစု ငတ်တဲ့ ဒီကောင့်အဖို့ဝေလေး နဲ့ တွေ့တာ ဒီကောင့်အတွက် တကယ့်ကို နွေးထွေးမှုတွေ ရခဲ့တယ်။ရခဲ့တဲ့နွေးထွေးမှုတွေကလည်း ခဏတာ အတွင်းမှာပျောက်ဆုံးသွား ခဲ့ပြန်တယ် အရင်ကတော့သူတက်နေတဲ့ ပညာရပ်မှာ
မွေးရာပါ နှလုံးရောဂါသည် ဝေလေး အတွက် အတော် အားထည့်ထားတာဗျ ။။ဝေလေး ဆုံးပြီး
တဲ့နောက်မှာ ဒီကောင် ကျောင်းဆက် မတက်တော့ဘူး ။နောက်ပိုင်း သူ့နေပုံ ထိုင်ပုံတွေဟာ တကယ့်ကို ဝေလေး မှာခဲ့တဲ့ အတိုင်းပါပဲဗျာ ။
ဝေလေး မရှိတော့ပေမယ့် ဝေလေး ရှိနေတဲ့ အတိုင်းကို တည်တည်ငြိမ်ငြိမ် နဲ့ နေထိုင်တယ် ။ထူးဆန်းတာက ဘယ်နေရာ ရောက်နေနေ
ဝေလေး မွေးနေ့ နဲ့ တစ်ရက်ထဲကျတဲ့ ဝေလေးဆုံးသွားတဲ့နေ့ရောက်ရင် အရင် ဝေလေး မွေးနေ့တွေမှာလိုပဲ သူတို့ဆုံနေကျ နေရာကို ရောက်အောင်သွား တယ် ။အားရအောင် အဲဒီနေရာမှာပဲ တနေကုန် ကုန်ဆုံးပြီးမှ ပြန်လာတယ် ။ထုံးစံမပျက်ပဲ။မနှစ်ကတော့
ဒီကောင့်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် လို့ သီဟ နဲ့ တိုင်ပင်ပြီးကျွန်တော်တို့ဆီ လာလည်ခိုင်းထားတာ ။ဒီနေ့ ဝေလေး မွေးနေ့ဆိုတော့ ။မနေ့က ဒီကောင်ပြန်သွားတယ်လေ ။ခက်တာက ဒီကောင်က အခု သူဖြစ်နေတာ ဟာ မဖြစ်သင့်တဲ့အခြေအနေမှန်း
သိလျှက်နဲ့ ကို သူ့ကိုယ်သူ ဆက် ပြီးမောင်းနှင် နေတာပဲ ။သူပြောနေကျစကားတစ်ခွန်းရှိတယ် ။ အေးမြမှုကို ရှာတွေ့ ပြီဆိုတိုင်း မအေးမြနိုင် ဘူးတဲ့ ။အေးမြမှု နဲ့ တစ်သားထဲကျနိုင်မှသာ အေးမြနိုင်မှာတဲ့ ။ပူလောင်ခွင့် ကြုံတုန်း ကျေကျေနပ်နပ်နဲ့ သူ ပူလောင်
နေတာကို လွှတ်ထားလိုက်ပါတဲ့ ။တကယ်တမ်း ပူလောင်ကြဟေ့ဆိုရင် လူဆိုတာ အမြဲတမ်း ပူလောင် မနေနိုင်ပါဘူး တဲ့ဗျာ” ။

သက်မောင် ၏ ရှည်လျှား လှသော စကားအဆုံးတွင် ပွင့်ဖူး ၏ ပါးပြင်ပေါ် တွင် မည့်သည့် အချိန်မှ စ၍ စီးကျလာ မှန်းမသိသော
မျက်ရည် များဖြင့် ပြည့်နှက်နေလေသည် ။မည့်သည့် စကားမှ မထွက်ပေါ် လာနိုင်အောင်ကို အသံတွေ ခမ်းခြောက်နေခဲ့သည် ။
“ကဲဗျာ ဒီလောက်ဆို ပွင့်ဖူး နားလည်လောက်ပါပြီ ပွင့်ဖူး ကို သောက တွေ ထပ်ပေးမိတယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်
ပေးပါ” ။
သက်မောင်ထွက်သွားပြီး အတန်ကြာမှ ပွင့်ဖူးတစ်ယောက် အခန်းထဲပြေးဝင်ကာ ကုတင်ပေါ် အရုပ်ကြိုးပြတ်လှဲချ လိုက်သည် ။ရေးထားသော ကဗျာစာရွက် များ အိပ်ယာပေါ်မှတဆင့် ကြမ်းပြင်ပေါ် ပြန့်ကျဲ ကျသွားသည် ။ထူးဆန်းစွာ ကဗျာ စာရွက် တစ်ရွက်သာ ကုတင်ပေါ်တွင် မကျပဲ ကျန်ရစ်ခဲ့လေသည် ။

“ကိုယ်ထင်ပြသွားတဲ့ အိန်ဂျယ်လ်”

မီးပြင်းပြင်းတိုက်ခံရတဲ့
ရေနွေးခရားတစ်လုံးလို
စိတ်အာဟာရတွေကဆူဝေ
တစ်ကယ်တမ်းက
အဆုံးမသတ်စေချင်သလို
စလည်းမစချင်ခဲ့မိတာအမှန် ။

သိခွင့်ရလိုက်ရတော့
နှောင်း ... ပြီ
သတိထားနေလျှက်က
ကြက်ခြေခတ်တို့သာများလာခဲ့
ပြန်ပြောစရာစကားလုံးတို့သေတယ် ။

ဟေးးးးးး
မှောင်မှန်း သိသိနဲ့ ထပ်ထပ်မှောင်နေရတာ ကိုက
အားလုံးထက် ပိုမှောင်တယ်
ကြိုးတွေသာ တစ်ချောင်းပြီးတစ်ချောင်း
“ထောင်း”ကနဲပြတ်သွား
အာရုံတွေရဲ့ရင့်ကျက်မှု အားက
တက်ကုန် ရွက်ကုန် ကို ချို့တဲ့ခဲ့ ။

ရွာတော့ရွာလိုက်တယ်
မိုးပြေးဆိုတော့လည်း
နေပူကြီးထဲမှာပဲရွှဲစိုကျန်ရစ်
ဘယ်လိုအနေအထိုင်တွေပြောင်းပြောင်း
ဆူးဟာဆူးပါပဲ
စူးနစ်ဖို့သက်သက်ရယ် ။။


ပွင့်ဖူး ဘဝတွင် သူ့အား ကိုယ်ထင်ပြရုံ သာ
ပြသွားခဲ့ဖူးသော လင်းလက်ခြင်းလေး တစ်ခုရှိခဲ့ဖူးပါသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိတ်

မသေချာပါ ဆိုသည့် အရာကိုမှ သေသေချာချာ မက်မော နေခြင်းမှာ ဝဋ် တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည် ။
ထိုဝဋ် တစ်ခုသည်ပင် သူ့အတွက် တပ်မက်စာ တစ်ခွက် ဖြစ်နေသော လူတစ်ယောက်ကမ္ဘာပေါ်တွင် ရှိနေပါသည် ။လှုပ်ရှားနေသော
ကန်ရေပြင် နံဘေး ခုံတန်းလေးပေါ်တွင် လူတစ်ယောက် တစ်စုံ တစ်ရာ ကို စိတ်ရှည် လက်ရှည် စောင့်မျှော်နေ သည် ။
ထိုသူ့ ထံတွင်လည်း တစ်ချိန်က ကိုယ်ထင်ပြရုံသာ ပြသွားသော လင်းလက်ခြင်းလေး တစ်ခု ရှိခဲ့ဖူးပါသည် ။ထိုလင်းလက်ခြင်းလေးကို
ပြန်မရနိုင်မှန်း သိသိနှင့် စောင့်မျှော် နေခွင့်ရှိနေခြင်းမှာလည်း ထိုသူ့ ဘဝ၌ နှစ်သက်စွာ သောက်သုံးခွင့် ရရှိခဲ့လိုက်သော ကျိန်စာ ချိုချို တစ်ခွက်ပင် ဖြစ်ပေတော့သည် ။

အိုင်လွယ်ပန်

ပျင်းလို့ ကြည့်ဖြစ်တဲ့ ရုပ်ရှင်

9 comments
ငိုရီ ငိုရီနဲ့ပဲ
မိုးနဲ့မြေကြီးကြား
တစ်လိမ့်ပြီးတော့နောက်ထပ်တစ်လိမ့် ...


အရောင်တွေ အုံနှင့်ကျင်းနှင့် ဝင်ထွက်သွားလာနေကြသည် ။ထိခတ် သံများကို နားစိုက်ထောင် နေမိသည် ။
မျက်ရည် နှင့် အပြုံးများ လုံးထွေးနေသည် ။ကျောက်ဆစ် ဆရာ၏ အဖြတ်အတောက် ကိုမခံရသော
ကျောက်တုံးပေါင်းများစွာရှိကြသည် ။
ထိုကျောက်တုံးများတွင် တစ်ချို့ ကျောက်တုံးများကရောက်မလာနိုင်သေးသော ကျောက်ဆစ်ဆရာကို မျှော်နေကြသည်။
တစ်ချို့ကျောက်တုံးများကရပ်တည်ထားသော ခိုင်မာမှုအခြေအား အားကိုးအားထားပြုကာ
ကျောက်ဆစ်ဆရာအားရှိသည်မျှပင်မထင်ကာ တစ်နေရာစာ ဂီတ ကို ဖန်တီးကြသည် ။
သာယာခြင်း မသာယာ ခြင်းဆိုသော အသံများအကြား ရာသီဥတုအဖို့နေသားကျခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ ။
အသံများကား နေသား မကျကြသေးပါ ။
အသံ မှန်ရင်နေသားကျသည်မရှိဟူသော အသံတစ်သံ ထွက်ပေါ်လာသည် ။

ပွန်းရာပဲ့ရာ ထိရာရှရာတွေ
အရောင်စုံမျက်နှာဖုံးတွေ
ပျံသန်းပွစာကျဲ
ဘဒ္ဒမှာခြေလက်တွေ များလွန်းလှတယ် ...


တစ်ခုဆုံးလျှင် တစ်ခုစ ခဲ့ သည် ။သံသရာ လည်သည်မှာ စက်ဝိုင်းပုံစံ လည်ပတ် သည်ဆိုသောအချက် မှန်ကန်ပါသလား ။
အကိုးအကားများ ခေတ္တ နှာစေးနေကြသည် ။တောအုပ်နှင့်တူသော
အရပ်တွင် ကျင်လည်နေသမျှ ကာလပတ်လုံး အားအင်ကြီးမားသထက် ကြီးမားအောင် ကျင့်ကြံ
နေထိုင်ကြခြင်းများ ခောတ်စားလာကြသည် ။ထွက်နေသော အစွယ်ငေါငေါများအား ဖုံးအုပ်သိုသိပ်ထားခြင်း အတတ်သည်
ပဉ္စလက် တစ်ရပ် ဆိုပါက ထိုပြသပွဲသည် ကြည့်ရှုသူနှင့် ပြသသူ စပ်ကြားနားရွက်ပင် မခတ်ရဲသော အနေအထားဖြစ်ပေမည် ။
စစ်တုရင် တစ်ပွဲ ကို ဘေးက ထိုင်ကြည့်သည်မှာကိုယ်တိုင် ထိုးနေသော သူတစ်ယောက်လောက်
ရင်ခုန်ခြင်း ရသ ၌ ထဲထဲဝင်ဝင် မဖြစ်သည်မှာ အသေအချာ ။

ခင်ဗျားကျဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကျဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့
ဒီလိုပဲ ပုခုံးဖက်ကြီးပြင်းခဲ့ရတာပဲပေါ့
မဟုတ်ဘူးလား လောကဓံ ...


လူတစ်ယောက် ....
သူ့အား လိုက်ဟပ်ရန် ကြိုးစားနေသော ခွေးတစ်ကောင်၏ ပါးစပ်မှလွတ်အောင်မောကြီးပမ်းကြီး ပြေးလွှားနေရာမှ
ရုတ်တစ်ရက်ဆတ်ကနဲ ရပ်တန့်လိုက်သည် ။ ခွေးလည်းရပ်တန့်သွားပြီး သူလိုက်ဟပ်နေသော အရာအား အခြေအနေစောင့်ကြည့်နေသည် ။လူ၏ စိတ်တို့သည် ရပ်တန့်သွားသောခွေးအခြေအနေ ပြန်လည်ကြည့်ပြီး အတန်ငယ်ရဲရင့်လာသည် ။
ဒေါသတို့ တစ်လိပ်လိပ် ထွက်လာသည် ။
ထို့နောက် ထိုလူသည် သူ့အား လိုက်ဟပ်သော ခွေးအား အငြှိုးတကြီး ပြန်လည် လိုက်ဟပ်လိုက်သော
အခါတွင်မူကား ခွေးမှာ နားမလည်ခြင်းများစွာ ရင်မှာပိုက်၍ ပြန်လည် ထွက်ပြေးရသည့် မောကြီးပမ်းကြီး ဘဝထဲသို့
မထင်မှတ်ပဲ ရောက်ရှိသွားသည် ။
ခွေးကျင့်ခွေးကြံ ကြံသည်ဟူသော စကား ပြေးနေသော ခွေးပါးစပ်မှ ထွက်ပေါ်လာသည် ။
အချိန်ရလျှင် ဆင်ကြံ ပါ ကြံ တတ်သေးတယ်ဟု လူက အရှိန်ကောင်းကောင်းဖြင့် လိုက်ဟပ်နေရင်းက အော်သည်။
ကြုံရာကျပမ်း ဆိုသော ဘဝ၏ အရံ ဟင်းကို အဓိက ဟင်း အဖြစ်နှင့် ဗိုက်ဝ ဖို့သက်သက် ထမင်းနှင့်တွဲဖက် စားခဲ့ကြသည် ။
ထို့အတွက် မည်သူကမျှ မိမိကိုယ်မိမိ စိတ်မဆိုးခဲ့ ကြပါ ။

ယမ်းအားပြင်းကျည်ရာလို
နိစ္စဓူဝ ဖွာရာကျဲတဲ့ အသိခေါက်ခက်တွေကြား
ဗျာပါဒဂြိုဟ်များဟာ ပူလောင်ခြင်းနဝင်းတို့စီးနေ
စိတ်ကို လောင်နေကြတဲ့မီးတွေကွယ့်
သိပ်ကြီးတယ် ...


လွမ်းဆွတ်ခြင်းကိုပဲ အခြေတည်ထားရသည်မှာ ကောင်းစွာမကျတ်သေးသော အနာဟောင်းအနီးတွင်တုတ်တစ်ချောင်းဝဲပျံနေသည်နှင့် တူနေပါသည် ။ တစ်ဆိတ်ရှိ နှလုံးသားကြီး ပုတ်ပုတ်ပြလိုက်တိုင်းမီးကျွမ်းသွားသော အိပ်မက်များ၏ ညှော်နံ့ ရသည် ။ပြီးသွားတာပါပဲ ဟူသော စကားသို့ မရောက်ခင်စပ်ကြားချွေးထွက်များခဲ့ခြင်းမှာ သွေးထွက်နည်းအောင် ဂရုစိုက်ခဲ့ ကြခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည် ။ရေရေ ရာရာတော့ မရှိလှပါ ။ရာ နှင့် ချီပြီးလည်း မရေ ခဲ့ဖူးပါ ။တုတ်တစ်ချောင်း ကိုငေး လွမ်းဆွတ်ခြင်း
ကို အခြေတည်ထားလိုက်သည် ။ရတုန်းရခိုက် ဆိုသော ခေါင်းလောင်းသံ အထိုး အိပ်ယာကမနိုးသေးပါ ။
ချီးမွမ်း ခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက် လှိုင်းသံ များက အိပ်ယာမှအနိုး တွန်းထိုးမေးငေါ့ ကြသည် ။လွတ်သွားသည်ဟု ဆိုကြသော ငါး ကြီးလား သေးလား ပြန်မမေးဖြစ်ခဲ့ပါ ။ဆာလောင်မွတ်သိပ်နေပါက ငါးမှငါးဟူကာ မြည်တမ်းနေမည်မဟုတ်သော လျှာတစ်ချောင်း မှာ သူ့အကြောင်းသူကောင်းကောင်းသိ၍ ဖြစ်မည် ။

အရာအားလုံးကို
တစ်ကပြန်စပစ်လိုက်ဖို့
ဒလက်တွေပေးမထားဘူး ...


ခပ်ဝေးဝေး အား ပြန်လည်မျှော်ကြည့်လျှင် ခပ်ဝေးဝေး အတိုင်းအတာအလျှောက်တော့မျက်လုံးအားစိုက်ရပါသည်။
ကြည်လင်ပြတ်သားမည် မပြတ်သားမည် ကား မသေချာပါ ။
အစရှိသည်ဖြင့်
……………………………
………………………………..
…………………………………………
ထိုဇာတ်ကားအား ထိုတစ်ကြိမ်မှ လွဲ၍ နောက်တစ်ကြိမ် ထပ်မံမကြည့်ဖြစ်တော့ပါ ။

အိုင်လွယ်ပန်

အဲဒီကောင်ရဲ့ ကောင်းကင် ရောင်နီမလာတဲ့ အခိုက်အတန့်

6 comments
ဒီကောင်နဲ့ မထင်မှတ်ပဲ အွန်လိုင်းမှာပြန်ဆုံရတော့ကျွန်တော်တော်တော်အံ့သြသွားတယ် …
ကြာပြီလို့လဲ ပြောလို့ရတယ်…မကြာသေးဘူး လို့လဲ ပြောလို့ရတယ် … လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကပါ ….
ကျွန်တော်နိုင်ငံတစ်ခုမှာ အလုပ်သွားလုပ်ရင်းဆုံခဲ့ကြတာ … တွေ့ချိန်က တိုတောင်းပေမယ့် ကဗျာရူး
ကျွန်တော်နဲ့ ကျွန်တော့်လိုပဲကဗျာရူး ဒီကောင်နဲ့ တွေ့တွေ့ခြင်း ခင်မင်မှုက ငယ်ပေါင်းကြီးဖော်တွေပမာ …
ဖြစ်ချင်တော့ ကျွန်တော်ညစ်နေတဲ့အချိန် စိတ်တွေလေလွင့်နေတဲ့ အဲဒီအချိန်မှာ ဒီကောင်ကပါကိုယ်နဲ့
လိုင်းတူ …. အဲဒီတုန်းက မူးဖော်မူးဖက် ရူးဖော်ရူးဖက်ပေါ့ဗျာ …. အဲဒီအခိုက်အတန့်မှာပဲ
ဒီကောင့်ဘဝမှာ အကြီးမားဆုံးရှုံးမှုလို့ပြောလို့ရတဲ့ ကိစ္စတစ်ခုပေါ်လာပါတယ် … နဂိုကတည်းက
ခပ်နဲ့နဲ့ရယ် နဲ့ အဲသလိုလဲဖြစ်ရော ဘာပြောကောင်းမလဲဗျာ ဘဝကြီးက စုတ်ပြတ်သတ်တော့တာပေါ့ ….
အဲသမှာတင် ဒီကောင့်ကိုကြည့်ပြီး ကိုယ်ပါ လေ … ကိုယ် လေ နေတာကြည့်ပြီး တစ်ခါ ဒီကောင်က
တိုးတိုးပြီး လေ …တကယ့်ကို နှစ်ယောက်ပေါင်း ဝေလေလေပေါ့ ….အဲဒီအချိန်တုန်းက လောက ဆိုတာမှာ
နေစရာမကောင်းတော့လောက်အောင် နေစရာနေရာ မကျန်တော့လောက်အောင်ဖြစ်နေတဲ့ ဒီကောင့်ကို
ကြည့်ပြီး ဟိုမရောက်ဒီမရောက် စာတစ်ပုဒ် ရေးဖြစ်ပါတယ် … ကျွန်တော် ဘလော့ဂ် စရေးစကလည်း
အဲဒီ စာ တင်ခဲ့ဖူးပါတယ် … အဲဒီတုန်းက ဒီကောင့်ကို ကြည့်ပြီး ကျွန်တော်ပါ
စိတ်အလေကြီးလေခဲ့ ဖူးတယ်ဆိုပါတော့ ….အတိုချုံးပြောရရင် အဲဒီနောက်တော့ ကျွန်တော် နဲ့ ဒီကောင်
အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာ သွားခဲ့ပါတယ် … နောက် အခုလက်ရှိ ကျွန်တော်အလုပ်လုပ်နေတဲ့နိုင်ငံ
ကို ကျွန်တော်ပြောင်းရွှေ့ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှတ်မှတ်ရရ အွန်လိုင်းမှာ ဒီကောင်နဲ့
တစ်ခါပဲထပ်တွေ့ ခဲ့ပါတယ် ….ပြီးတော့ ဒီကောင်လည်း လိုင်းမတက်ဖြစ်တော့ တာနဲ့ ဒီကောင့် အကောင့်
လိပ်စာသာ ကျွန်တော့် မေးလ် မှာ ထီးထီးကျန်ခဲ့ပါတယ် … အခုတော့ ဒီကောင်နဲ့ကျွန်တော် မထင်မှတ်ပဲ
အွန်လိုင်းမှာပြန်တွေ့တယ် … အဓိကပြောချင်တာက တစ်ချိန်တုန်းက စုတ်ပြတ်လုလုဖြစ်နေတဲ့ ဒီကောင့်
ဘဝက အခုတော့ အရင်က သူမဟုတ်တော့တဲ့အတိုင်း …. ဘဝကြီးဟာ ဒီကောင့်အတွက် အခုတော့
စိုပြည်လို့ … (ဒီ ဖွ တဲ့ စာသာ အခုဒီကောင်တွေ့ အခု ချက်ချင်း ကျွန်တော်ရှိတဲ့နေရာ လိုက်လာပြီး
ဆဲ မလားပဲ :) ) … ဆိုတော့ကာ ဘာပဲပြောပြော ကျွန်တော် အခုလို သူ့ဘဝ အဆင်ပြေ နေတာမြင်
ရတွေ့ရတော့ ကျွန်တော် ဝမ်းမြောက်မိတယ် …အမှတ်တရ အနေနဲ့ ရေးထားတဲ့ စာပိုဒ်လေးကို လည်းပြန်
တင်လိုက်ပါတယ် …တစ်ချိန်တုန်းက ဝမ်းနည်းမှုအထိမ်းအမှတ် … အခု ဝမ်းသာမှုအထိမ်းအမှတ်ပေါ့ ….
(P>S … ကလေးတစ်ယောက်နဲ့ အခုတော့ သာယာနေပြီဆိုတဲ့ကောင်! မနေနိုင်မထိုင်နိုင် မင်းလာဖတ်မိရင်
လည်း ငါတို့ ပြောခဲ့ဘူးသလို “အပျော်ပေါ့ ” :) )


“ရောင်နီမလာခဲ့သော ကောင်းကင်ယံများ ”


ချေးညှော်အထပ်ထပ်နဲ့
ရွေးချယ်ခွင့်မရှိတဲ့ဖြစ်တည်မှု
တစ်နေ့ထက်တစ်နေ့ပေါ့
ဘဝတွေပါးလျလာခဲ့ ........

“ဒီဘဝကို စရောက်လာကတည်းကကျွန်တော့်တို့မှာ ရွေးချယ်ပိုင်ခွင့်ဆိုတာပါမလာခဲ့ဘူး ………………
အစကတော့ တကယ့်ကိုဟုတ်မလိုလိုပါပဲ …………
သူတို့တွေ ရွေးချယ်ပေးခဲ့တဲ့ ကျွန်တော့်တို့ရဲ့လမ်းက အဆောင်အယောင်တွေ တလက်လက်နဲ့…………..
ကျွန်တော့်တို့ကို လှပေ့ပပေ့ဆိုတဲ့ အရောင်တွေ ချယ်ပေးကြတယ်……………..
အရမ်းကိုကောင်းမွန်လှပတဲ့ နန်းတော်တစ်ခုထဲမှာ ကျွန်တော့်တို့ဘဝကိုပိတ်လှောင်
ကောင်းမွန်လှပတဲ့ တန်ကြေးတစ်ခုကို တံဆိပ်ခပ်ပြီး ကျွန်တော်တို့ကို အဆင့်မြင့်မြင့်ထားခဲ့ကြတယ်လေ…
အခုတော့ဗျာ”……………………………
…………………………………
…………………………………………………

ကလေးများပြောသောစကားအဆုံးတွင် သူစဉ်းစားမိသည်……………………….
သူဒီကလေးများထက်အရင် ဒီနေရာကိုရောက်ခဲ့ပါသည်………….
သူ့ဘဝသည်လည်း ဒီကလေးများထက်အရင် စုတ်ပြတ်ပါးလျခဲ့ရင်း နောက်ဆုံးအချိန်တစ်ခုကို
သူစောင့်စားနေရသည်…………..သူဒီကလေးများကို နှစ်သိမ့်မှုတစ်ခုခုပေးချင်ပါသည်…………….
သို့သော် နှစ်သိမ့်မှုသည် နှစ်သိမ့်မှုသက်သက်မှလွဲပြီး ဘာမှဖြစ်မလာနိုင်သည်ကိုလည်း
သူသိနေသည်………..သူ့အာခေါင်တွေခြောက်ကပ်နေသည်……………

“ရွေးချယ်ခွင့်မရှိတော့ဘူးဆိုရင်လည်း ထားပါဗျာ……ရောက်နေတဲ့ဘဝမှာ ပျော်သလိုနေဖို့
ကျွန်တော်တို့ကြိုးစားပါတယ်…….ဒါပေမယ့်ဗျာ
ကျွန်တော်တို့တွေကတော့ သူတို့တွေကို အခိုက်အတန့်လေးပဲဖြစ်ဖြစ် မွှေးမြစေဖို့
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေကို အစွမ်းကုန်ပါးလျ ပွင့်အာပေးပါတယ်………
သူတို့ကတော့ ကျွန်တော်တို့ကို ရှိတယ်လို့တောင် သဘောမထားပဲ ရှိရှိသမျှ
သူတို့ရဲ့ အညစ်အကြေးတွေကို ကျွန်တော်တို့ရဲ့ ခေါင်းပေါ်ပုံချကြတယ်…….
ပြီးရင်သူတို့ ဘာမှမလုပ်ခဲ့တဲ့ မျက်နှာပေးတွေနဲ့လေ” …………………..

သူ ကလေးများအားကြည့်ပြီး ရင်ထဲတွင် စကားလုံးများဖြင့်ပြည့်လျှံနေပါသည်…………..
သို့သော် ပြင်ပတွင်မည့်သည့်စကားလုံးမျှ လျှံမကျလာနိုင်အောင် သူ့ရင်ဘတ်များ
တင်းပြည့် ကြပ်ခဲနေသည်…………….သူတို့ကဲ့သို့ ဘဝတွေမည်မျှ ပါးလျခဲ့ပြီလဲ……
သူမသိပါ……သူကိုယ်တိုင်လဲ သူ့ဘဝကို သူမုန်းနေပါသည်…………….
ထိုစဉ်မှာပဲ သူ့ခေါင်းပေါ်သို့ အညစ်အကြေးများကျလာပြီး သူ့ဘဝမှာ
ပါးလျမှောင်မိုက် သွားခဲ့ပြန်သည်……………………………

ထိုသို့ဖြင့် အိမ်သာထဲမှ “ပရုပ်ခဲ” လေးများ၏စကားသံများ ခဏတာတိတ်ဆိတ်သွားခဲ့သည်………။။။

အိုင်လွယ်ပန်

(P>S အသစ်ရေးရန် ပျင်းနေပါသဖြင့် ဆားချက် ခြင်းလည်း ဖြစ်ပါသည် :) )

မိုးရွာထဲမှာနေသားကျသွားတဲ့မိုးစက်တွေ

19 comments
အပိုင်း(၁)

ပတ်ဝန်းကျင်တစ်ခွင်လုံးတစ်ခဏတာတိတ်ဆိတ်သွားသည် …………
“ရွှီ” …………..
ခရာသံထွက်လာသည် …… တစ်ဖက်ဘောလုံးအသင်းမှ အသင်းခေါင်းဆောင်၏ ပြစ်ဒဏ်ဘောကန်ချက်
ဦးတည်ရာက သူတွက်ဆထားသည့်ထောင့်သို့ ……….
ဟာ …………
တစ်ကိုယ်လုံး တစ်ဖက်ထောင့်သို့ယူရန်ချိန်ပြီး ကာမှ မထင်မှတ်သောအခြေအနေ ………..
တံတိုင်းသဖွယ်ကာထားသော သူ့အသင်းသားများထဲမှ တစ်ယောက်နှင့်ထိကာ လမ်းကြောင်းပြောင်း
လည်ထွက်လာသော ဘောလုံး ………..
သူ့တစ်ကိုယ်လုံး ဟန်ချက်ပျက်နေသော အနေအထားမှ တစ်ဖက်သို့ အားယူကာ သူ့ တစ်ကိုယ်လုံး
ဆန့်တန်းလိုက်သည် ……..လေပေါ်မှာ သူ့လက်များကို ရှည်သည်ထက်ရှည်အောင် ………
“ဖျောက်”
လက်ညှိုး ထိပ်နှင့်ဘောလုံးထိသောအသံ အရိုးကျိုးသံ သဲ့သဲ့ သူပြန်ကြားလိုက်ရသည် …….
သူတွေဝေမနေအား ………..ချက်ခြင်းအားယူကာ ပြန်လှည့်ထ ဂိုးရှိရာကြည့်လိုက်သည် နှင့်
သူ့လက်ညှိုးထိပ်နှင့်ထိ ပြီးမှတိုင်နှင့် ထိကာ ပြန်ထွက်လာသော ဘောလုံးက သူ့လက်တစ်ကမ်း ထို့အတူ
တစ်ဖက်အသင်း ရှေ့တန်းကစားသမားရဲ့ ခြေထောက်တစ်ကမ်း ……..သူနှင့် တစ်ဖက်အသင်းရှေ့တန်း
ကစားသမား ပြိုင်တူလိုလိုလှုပ်ရှားဖြစ်သည် ……….အဆုံးသတ်မှာ သူ စက္ကန့်ဝက်လောက်ပိုဦးသည် ….
ဘောလုံးကို သူ့တစ်ကိုယ်လုံးနှင့် သိမ်းထုပ်ပြီးချိန် တစ်ဖက်အသင်းရှေ့တန်းကစားသမား၏ ခြေထောက်က
သူ့ ဇက်ပိုးမှာ ……လောကတခုလုံး အမှောင်တိ ………………………….။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၂)

ရေခဲတုန်းလေးများထည့်ထားသော အရက်ဖန်ခွက်ပြင်ပနံရံ တွင် ရေစက်လေးများသီးထနေသည် ….
“ ပြီးတော့ရောကွာ ” ….ကျော်စွာက သီဟအားလှမ်းမေးလိုက်သည် …..
“ပြီးတော့ ပြီးသွားတယ်လေ ” …………….သီဟက ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်လင့်ကစား သူ့မျက်နှာမှာ
လေးနက်နေသည် …………..“မင်းဟာကလည်းကွာ ” ….ကျော်စွာ၏ မချင့်မရဲလေသံ …………
“အေးလေကွာ မင်းဟာက မဟုတ်သေးပါဘူး ” ….တစ်ချိန်လုံးငြိမ်နေသော ရဲမင်း ကပါ ဝင်ပြောလာသည်…
“ဟင်း”
သီဟ သက်ပြင်းကိုမျှင်းမျှင်းချလိုက်သည် ….ပြီးမှ နှုတ်ခမ်းတစ်ချက် သပ်ကာ စကားဆက်သည် ….
“အဆုံးသတ်တော့ကွာ …အဲဒီနေ့က ငါ ပြန်သတိရလာတော့ ဆေးရုံမှာ …. ငါ့ လက်ညှိုးကျိုးသွားတယ်
ငါ့တစ်ကိုယ်လုံး ထုထောင်းခံထားရသလို မလှုပ်နိုင်ဘူး ……... ဆိုးတာက သွယ်နဲ့ ချိန်းထားတဲ့ အချိန်
ထက် ငါးနာရီ နောက်ကျပြီးမှ ငါသတိရတာပဲ …. အဲ .. ပိုဆိုးတာက အဲဒီနေ့ကလည်း သွယ် ချိန်းထားတာ
မသွားနိုင်ခဲ့ဘူး ….သွယ်ကတော့ ထုံးစံအတိုင်း ငါတို့အသင်းရဲ့အဲဒီနေ့က အောင်ပွဲ ခံတဲ့
အသံကြားတယ်တဲ့ ….. ငါ့ကိုလည်း အောင်ပွဲအခံလွန်နေလို့ မလာနိုင်တာ မှတ်ပြီး စိတ်နာသွားတယ် …..
လုပ်ပေါင်းကလည်း များပြီလေ …….. အဲဒီနေ့က သူပြောမယ့် အရေးကြီးတဲ့ စကားဆိုတာကတော့
ရုပ်ရှင်ထဲတွေကအတိုင်းပဲကွာ …. မင်းတို့လည်းမှန်းလို့ရမှာပါ ….ငါ ပြန်ရှင်းပြဖို့ အကြိမ်ကြိမ် ကြိုးစားတယ်
သူဘယ်လိုမှ အတွေ့မခံဘူး …ငါနဲ့ပတ်သတ်တဲ့ သတင်းတွေကို သူနားမထောင်တော့ဘူး ….
ပြီးတော့ ငါ့ဆီ မင်္ဂလာဆောင်ဖိတ်စာ တစ်ဆောင်ရောက်လာတယ် ….ဖိတ်စာကိုလဲ ငါတွေ့ရော
ငါ့စိတ်တွေ ငါ့ဆန္ဒတွေ ငါသုတ်သင်လိုက်တယ် …………ငါ မီးတွေမှိတ်ပစ်လိုက်တယ်ကွာ …..
သူမင်္ဂလာဆောင်ပြီးတော့ သူ့ယောက်ျားရှိရာ နယ်ကိုလိုက်သွားတယ် ……………
ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်း တစ်ပုဒ်ပါပဲ ” …
သီဟ သူ့စကားကို အဆုံးသတ်လိုက်ကာ အရက်တစ်ခွက်ကောက်မော့ လိုက်သည် …….
“ပြီးတော့ ကော ….မင်း ဘာတွေဆက်လုပ်ဖြစ်လဲ ” ရဲမင်းကလှမ်းမေးလိုက်သည် ….
“ငါ့ ဒဏ်ရာပြန်ကောင်းသွားတော့ အဲဒီအသင်းမှာ ငါဆက်ကစားတယ် ….ပြီးတော့ နိုင်ငံအသင်း ” …
“အဲဒါ ငါတို့သိတယ်ကွ …. ကြားထဲမှာ မင်းပျောက်သွားတဲ့ လေးနှစ်ကိုမေးနေတာ
အရင်နှစ်က မင်းပြန်လာပြီး အမွေတွေလက်ခံတာအထိ သိတယ် မင်းပြန်ရောက်ကတည်းက မေးနေတဲ့
မေးခွန်း …မင်းအခုအထိမဖြေတဲ့မေးခွန်းကိုမေးနေတာ ”…………..
ရဲမင်းရဲ့ စကားအဆုံးမှာ သီဟပြန်ဖြေသည် ……………….
“ အိုကေကွာ …ငါအခုဖြေမယ် …………ဒီလေးနှစ်မှာ
အရှေ့တောင်အာရှထဲကပဲ နိုင်ငံတစ်နိုင်ငံမှာ ဆက်ပြီးအတွေ့အကြုံအနေနဲ့
သူတို့ကမ်းလှမ်းချက်ကို လက်ခံပြီး သွားကစားတယ် ……..
ငါ့ရင်ထဲက အနာ ငါပြန်ညာချင်လို့ ….သတင်း ကိုငါကိုယ်တိုင်ပဲ အမှောင်ချလိုက်တာ ………..
အဲဒီမှာပဲ ငါတစ်သက်လုံးဘောလုးံမကစားနိုင်တော့လောက်တဲ့ ဒဏ်ရာထပ် ရတယ် ……
အဲဒီနိုင်ငံမှာပဲ အနားယူနေရ တယ် ….ဒီပြန်မလာချင်သေးတာကလဲ တစ်ကြောင်းပေါ့ ….
ဒီအတောအတွင်းမှာပဲ ငါနဲ့ အတော်ကြာအဆက်အသွယ်ပြတ်သလိုဖြစ်နေတဲ့
ငါ့မိဘလက်ကျန် ငါ့အမွေတွေကိုထိန်းသိမ်းပေးထားတဲ့ နယ်က ဦိးလေးဆုံးတော့ ပြန်လာပြီး
မိဘအမွေအနှစ်လုပ်ငန်းတွေကို ဆက်ခံရတယ် …အားလုံးလည်ပတ်နေပြီးသားဆိုတော့ ဘာမှသိပ်မလိုပါဘူးကွာ ............ ရှေ့နေနဲ့တွေ့ လက်မှတ်ထိုး ပြီးတော့
ဦးစီးလက်စဖြစ်တဲ့ ငါ့ဦးလေးရဲ့တစ်ဦးထဲသောသား ငါ့ညီဝမ်းကွဲကိုပဲဦးစီးခိုင်းထားတယ် ………….
ဝါသနာအနေနဲ့ကတော့ ပုဂ္ဂလိက ဘောလုံးတစ်သင်းထောင်ထားတယ် …..အဖွဲ့ချုပ်မှာမှတ်ပုံတင် …
ခြေစစ်ပွဲတွေ ဝင်စေပြီး ကစားခိုင်းထားတာ ….အခုအထိုက်အလျှောက်တော့ အောင်မြင်နေပါပြီ ……
ဒါကတော့ မင်းတို့သိပြီးသားနောက်ဆက်တွဲတွေပါ ”………..
သီဟ ပြောအပြီးမှာ ကျော်စွာက လှမ်းမေးလိုက်ပြန်သည် ………..
“သွယ်နဲ့ကောတွေ့ ဖြစ်သေးလား” ……….. သီဟ ပြုံးလိုက်သည် ….. နာကျင်ခြင်းတို့ စွန်းထင်းလျှက် ….
ရဲမင်းကဖြတ်ပြောလိုက်ပြန်သည် ………“မင်းကိုကမဟုတ်တာ ငါ့ကောင် …………မင်းအရင်ကတည်းက
မင်းဟာ မိဘ အမွေအနှစ်တွေ အားလုံး ဆက်ခံရမယ့် တစ်ဦးထဲသောသားဖြစ်တယ် ….
နယ်ကနေ ဦးလေးကိုအဆက်အသွယ်ဖြတ်ပြီး မင်းဝါသနာပါတဲ့ ဘောလုံးကိုဒီမှာလာကစားတယ် …
အဲသလို သွယ့်ကိုကော သွယ့်မိဘတွေကိုကော အသိပေးခဲ့ရင် အခုလိုမလိုလားအပ်တဲ့ ပြဿနာတွေ
ဖြစ်မလာဘူး ……. သွယ့်မိဘတွေကလည်း မင်းနဲ့ သဘောမတူစရာအကြောင်းမရှိဘူးပေါ့” ………….
သီဟမျက်လုံးများ အရောင်ဖျတ်ကနဲတောက်သွားသည် ……….“ငါ သွယ့်ကို ဖြူဖြူစင်စင်ချစ်တာကွ ”…
“အေးလေ ငါတို့သိတယ်လေ……အဲဒါကြောင့်ပဲပြောနေတာပေါ့ကွ” …………..
ကျော်စွာ့အသံမှာ စိတ်မရှည်သံပါနေသည် ………..“ငါမဖန်တီးပဲနဲ့ အလိုလိုရလာမယ့် အရာတွေနဲ့
သွယ့်ကိုသိမ်းသွင်းသလို မဖြစ်စေချင်ဘူး ….. ငါ ဘောလုံးထဲမှာ ဘဝကိုမြှုပ်ထားတယ်ကွာ …
သွယ်ငါ့ကိုစချစ်ခဲ့တုန်းကတည်းက ဘောလုံးသမားတစ်ယောက်အနေနဲ့ ချစ်ခဲ့တယ် ….
သူတကယ်တမ်း ယုံကြည်တယ် ချစ်တယ်ဆို ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်ဖြစ် ချစ်နေနိုင်ရမယ်ကွ …
စိတ်နာတယ်ဆိုရင်တောင် စိတ်နာတာကသတ်သတ် ချစ်နေတာကသတ်သတ် ဖြစ်နေရမယ်……….
ငါ့ခံယူချက် သတ်မှတ်ချက်ဟာ အရာအားလုံးနဲ့ဆန့်ကျင်နေတယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုကို
ငါကျေနပ်နေမယ် ……ငါ့ကိုယ်ငါလိမ်ညာဖြစ်ခဲ့ရင်တောင် ငါ့လိမ်ညာမှုဒဏ်ဟာ ငါ့ကိုယ်ထဲမှာပဲ
တည်နေလိမ့်မယ်ကွာ ………ဘယ်ဂယက် ဘယ်လှိုင်းမှ ပတ်ဝန်းကျင်ကိုမရိုက်ခတ်စေရဘူး” ……….
သီဟအသံက ပကတိ တည်ငြိမ်စွာ ………………..
“မင်းသွယ့်ကိုစိတ်နာနေတာလား” …………………
ကျော်စွာ့၏ထပ်ဆင့်မေးခွန်း ……………….
“ငါ သွယ့်ကိုမှမဟုတ်ဘူး သွယ့်အသိုင်းအဝန်း သွယ့်ပတ်ဝန်းကျင် နောက်ဆုံးငါ့ကိုယ်ငါကအစ
ကံကြမ္မာအဆုံးကွာ ဘာကိုမှစိတ်မနာဘူး ဖြစ်သင့်လို့ဖြစ်သွားတာလို့ပဲ ယူဆထားတယ်
ဒါပေမယ့်လူပဲကွာ ယိုင်တတ်တယ် နဲ့တတ်တယ် လဲကျတဲ့ဒဏ်ရာပြင်းရင်ပြန်ထဖို့ အချိန်ယူရတယ်
ဒီတော့ ချစ်စရာရှိ လွမ်းစရာရှိလွမ်း လဲကျစရာရှိလဲကျ ထစရာရှိပြန်ထပေါ့ ဒါပေမယ့် ဘဝဆိုတာ
ငါသိသလောက်ကတော့ အကြာကြီးလဲနေစရာလဲမလိုဘူး အကြာကြီးပြန်ထနေစရာလဲမလိုဘူး
အေး…. အကြာကြီးရပ်တည်နေစရာလဲမလိုဘူးကွာ ဖြစ်ချင်တာကိုဖန်တီး ဖြစ်လာတဲ့အကျိုးဆက်ကို
ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလိုခံ ဒါပဲပေါ့ကွာ .......
တကယ်တော့ အားလုံးဟာ နောက်ဆုံးတော့ နေသားကျသွားတာပါပဲ သူ့အံနဲ့သူပေါ့ ”….
သီဟ၏စကားများအား ကျော်စွာ နှင့် ရဲမင်း ငြိမ်သက်စွာနားထောင်နေမိသည် ……..
အတန်ကြာမှ ကျော်စွာက စကားစသည် …………
“မင်းမနက်ဖြန်ပြန်မှာလား သီဟ ”
“အေး အသင်းကိစ္စတွေလုပ်ရဦးမယ်ကွ ငါ့ရှေ့နေ ကိုလည်း ရန်ကုန်လာဖို့ ချိန်းထားတယ် ”
“နေပါဦးသီဟရာ မင်းက ဆွေမျိုးဆိုလို့ နှစ်ယောက်ပဲကျန်တော့တဲ့ ညီ နဲ့ အန်တီ ကိုတောင်
သွား မတွေ့ပဲဘာလို့ ရှေ့နေနဲ့ ချိန်း နေရတာလဲ ”………
သီဟ က လက်ကျန်ဖန်ခွက်ကို အပြတ်မရှင်းသေးပဲ လှည့်ပတ်ကြည့်နေသည် … ပြီးမှ
“ဒါကတော့ ငါ့အကြောင်းနဲ့ ငါပါကွာ ဒါကိုတော့ ငါပြောမပြချင်ဘူး …နောက်တစ်ခုက
ငါ အစောကြီးထဲကဆုံးဖြတ်ပြီးသားကွ စီးပွားရေးကိစ္စတွေ ကို ငါဝါသနာပါတဲ့ ကိစ္စတွေလောက်
စိတ်မဝင်စားဘူး ဒီတော့ ငါ့အမွေတွေလက်ခံတဲ့နေ့မှာတောင် ရှေ့နေတစ်ယောက်ထဲကိုပဲ အတွေ့ခံ
အဲဒီနေ့မှာပဲ ငါ့လုပ်ပိုင်ခွင့်အားလုံးကို ငါ့ညီကိုလွှဲပေးဖို့ လက်မှတ်ထိုး အဲဒီရှေု့နေကို ပေးလိုက်တယ်
ငါ့ညီက လက်မခံပဲ တွေ့ဖို့ကြိုးစားတယ်ကွာ ငါ ကိုက ဖုန်းနဲ့ ဖျောင်းဖျ ပြောဆိုထားရတာ အရာအားလုံး
ဟာမပြီးခင်ပဲ အသက်ဝင်တာကွ နောက်တော့ ပြီးသွားတယ် ပြီးတော့ အသစ်ပြန်စ အသက်ဝင်လာ
ပြန်တယ် ဒီလိုပါပဲကွာ ” …….
ထိုစဉ် ရဲမင်းကဖြတ်ပြောလိုက်သည် ……….
“အေးကွ ဟုတ်တယ် ဒီလိုပဲ ဒီတော့ သောက်စရာရှိသောက်မယ် ချီးယားစ်ကွာ”
“ချီးယားစ် ”……………..
အသံများသည် ဖန်ခွက်ခြင်းတိုက်သံကိုလွမ်းသွားသည် ……………
မိုးစက်များနှင့် ညသည်လည်း ပြီးဆုံးမသွားခင် သူ့အသက် သူသွင်းနေသည် ………………………။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၃)

“ဝုန်း ” ……………..
အပေါ်ထပ်မှလဲပြိုကျသောအသံကြောင့် မျိုးမင်းတစ်ယောက် ထမင်းစားနေရင်းမှ မျက်မှောင်ကြုပ်လိုက်
မိသည် တစ်ဆက်ထဲမှာပဲ စိတ်ထဲမှ အိမ်မှ အကူဒေါ်ဝင်းအား လုပ်ပြန်ပြီ ကလေးတော့နိုးတော့မှာပဲဟု
အပြစ်တင်ကာထလိုက်မိလျှင်ပဲ နားမလည်သလို သူ့အားရပ်ကြည့်နေသောဒေါ်ဝင်းအား
တွေ့လိုက်ရသည် ……
“ဟာ ဒါဆို”
သူခပ်တိုးတိုးရေရွတ်ကာ အပေါ်ထပ်သို့တက်လာလိုက်သည် ………
အခန်းထဲသို့အဝင် လဲကျမေ့မြောနေသောသူ့မိန်းမအား တွေ့ရသောအခါ နားမလည်စွာဖြင့်
စိုးရိမ်တကြီး ပြေးပွေ့ ဆရာဝန်ခေါ်နှင့် အလုပ်တော်တော်ရှုပ်သွားသည် ……………………
ဆရာဝန်က ဆေးတစ်လုံးထိုးပေးပြီးသောအခါ အခန်းအပြင်သို့ထွက် စကားပြောဖြစ်ကြသည် ….
“အခြေအနေဘယ်လိုလဲဆရာ”
မျိုးမင်း၏အမေးကိုဆရာဝန်ကပြုံးပြကာ…..
“မစိုးရိမ်ရဘူးဗျ အားနည်းနေတဲ့အချိန်မို့ ရှော့ဖြစ်သွားတာပါ ဒါနဲ့ သူ့စိတ်လှုပ်ရှားစရာခင်ဗျား
ဘာများလုပ်မိလဲ ” …………
မျိုးမင်းခေါင်းများမူးဝေသွားတဲ့အထိစဉ်းစားကာဖြေသည် ………..
“ကျွန်တော်အလုပ်က ပြန်လာတယ်ဆရာ သူကျွန်တော့်ကိုထမင်းခူးပေးတယ် ပြီးတော့
ဒီနေ့ ရုံးခန်းမှာ အဖေ့ ကိုယ်ရေးကိုယ်တာဖိုင်တွေရှင်းတော့ ကျွန်တော့်ရဲ့
ကျေးဇူးရှင်ဖြစ်တဲ့ တစ်ဦးထဲသော အစ်ကိုတစ်ဝမ်းကွဲပုံ ကိုရလာတယ်
အဲဒါနဲ့ သူတွေ့ဖူးတယ်ရှိအောင် အပေါ်က အလုပ်ကယူလာတဲ့ဖိုင်ထဲမှာ
ရှိတယ် သွားယူလို့ပြောလိုက်တယ် သူတက်သွားလို့ မကြာဘူး လဲကျသံအကြား ကျွန်တော်တက်ကြည့်
တော့ ကျွန်တော့်အစ်ကိုပုံကိုကိုင်ပြီး လဲကျနေတော့တာပါပဲ ဆရာရယ် ဒီပုံပါဆရာ ”…………..
မျိုးမင်းထိုးပေးလိုက်သောပုံကိုကြည့်လိုက်မိလျှင်ပဲ ဆရာဝန်ပါးစပ်အဟောင်းသားဖြစ်သွားသည် …
ဘောလုံးပွဲ ဝါသနာပါသောဆရာဝန်အဖို့ ထိုဓာတ်ပုံထဲမှလူအားကောင်းကောင်းသိပေသည် ….
လွန်ခဲ့သောလေးနှစ်က နာမည်ကြီးခဲ့သော တစ်ချိန်က နိုင်ငံ့လက်ရွေးစင် ဂိုးသမားတစ်ဦး
ဝတ်စုံပြည့်နှင့် ဘောလုံးကိုပိုက်ထားသည့်ပုံ ………………….
“သွယ်နိုးလာမှပဲမေးကြည့် ကြတာပေါ့ ဆရာရယ် ”……………
မျိုးမင်း၏အသံမှာဖျော့တော့တိုးလျစွာ ……………………..
အပြင်တွင်ရွာနေသော မိုးစက်များသည် မိုးစက်များအလျောက်
နားမလည်ခြင်းသည်လည်း နားမလည်ခြင်းအလျှောက် အတွေးများသည်လည်းအတွေးများအလျှောက်
အရာအားလုံးသည် သူ့ဂွင်နှင့်သူ နေသားကျနေပါသည် ……………………………….။။။

အိုင်လွယ်ပန်

မြို့ကလေးကငိုပြီးပြန်ပြန်ပြောပြနေဖြစ်မဲ့ပုံပြင်တစ်ပုဒ်

6 comments

ညရဲ့နရီသည် သူ၏သာယာရာသာယာကြောင်း ရှာဖွေနေသည်……….
ကျွန်တော်တို့မြို့ကလေးတိတ်ဆိတ်နေသည်မှာ
သစ်ရွက်လှုပ်ခတ်သံများပင်အတိုင်းသားကြားရလျှက်………….
မှုန်ရီဝိုးတဝါးတွင် “အေးချမ်း” ၏မျက်နှာကို ကျွန်တော်စိုက်ကြည့်နေမိသည်………
“အေးချမ်း”၏မျက်နှာမှာ သူ၏နာမည်နှင့်လိုက်အောင်ပင် တိမ်ကင်းစင်သောလနှယ်
ပကတိ ရှင်းလင်းတည်ငြိမ်စွာ……………
“မင်းဘာလို့ “မျက်သွယ်” ရဲ့ နှလုံးသားကိုမမြင်ချင်ယောင်ဆောင်နေခဲ့တာလဲ”……..
ကျွန်တော်အေးချမ်း”ကိုလှမ်းမေးလိုက်မိသည်…………..
“ကြယ်တွေစုံတယ်ကွ”……“အေးချမ်း” ကပြန်ပြောသည်………..
“ဒီကြယ်တွေကို မင်းရဲ့ရင်ဘတ်ထဲကို သိပ်ထည့်လိုက်ရင် မင်းတစ်ကိုယ်လုံး
လင်းလက်သွားမယ်လို့ မင်းထင်လား”…………..
ကျွန်တော် “အေးချမ်း” ၏မေးခွန်းကိုမဖြေမိပါ…………ပြုံးသည်ဆိုရုံလေးသာပြုံးပြလိုက်သည်……….
“ဘယ်အရာပဲဖြစ်ဖြစ် သူ့ရဲ့နေရာလိုက်တန်ဖိုးကို ငါမြတ်နိုးတယ်ကွ” “အေးချမ်း”ကစကားဆက်သည်…..
“တကယ်တမ်း ငါ့ရင်ထဲကို ကြယ်တွေထည့်လိုက်လို့ ငါ့တစ်ကိုယ်လုံး လင်းသွားမယ်ဆိုရင်တောင်
ကြယ်ကို ကြယ်အတိုင်းပဲ ကောင်းကင်မှာရှိနေစေချင်တယ်”……….
“ငါ့ရင်ခွင်ရဲ့ ပယောဂကြောင့် မတော်တဆ ဆိုတဲ့အနေနဲ့တောင် ကြယ်တွေကို
မမှောင်စေချင်ဘူးကွာ”………..“အေးချမ်း” ၏စကားအဆုံးမှာကျွန်တော် ထပ်မေးဖြစ်သည်………..
“အဲဒီကြယ်က မင်းရင်ခွင်ထဲရောက်မှ လင်းနိုင်မှာဆိုရင်ကော”…………
“အေးချမ်း” ကပြန်ပြောသည်…………..
“ကောက်ရိုးမီးကို မင်းဘယ်လိုမြင်လဲ…. ခဏတာ လေးနဲ့ ပိုင်းဖြတ်လိုက်ရင်တော့
တော်တော်လေးကိုလင်းမယ် တောက်မယ်……ငါ့ရင်ကိုပုံပြီး အဲဒီကြယ် လင်းနိုင်လည်း ခဏပေါ့ကွာ…..
ကြာလာတော့လည်း ဘာမှမပြည့်စုံတဲ့ ငါ့ရင်ထဲမှာ လင်းရတာကို ဒီကြယ်က ငြီးငွေ့သွားလိမ့်မယ်……
သူနားမလည်တဲ့ ငါ့ရင်ထဲကကဗျာတွေနဲ့ ဒီကြယ်က ဘယ်လောက်များ ပျော်နိုင်မှာမို့လို့လဲကွာ”….
“အေးချမ်း” ၏ခံယူချက်တစ်ခု အပေါ်တွင် ရဲရင့်သောစိတ်ကို ပေါင်းလာသည့်သက်သမ်းတစ်လျှောက်
ကျွန်တော် တစ်ခါမှ မနိုင်ဖူးပါ……မည်သည့်အရာမှလည်း နိုင်အောင်ချိုးနှိမ်နိုင်မည် မဟုတ်ကြောင်းကိုလဲ
ကျွန်တော်ကောင်းကောင်းသိသည်………“အေးချမ်း” ဖန်တီးသော
ကဗျာတော်တော်များများ အား စစ်စစ်ပေါက်ပေါက် စဉ်းစားကာဖတ်သူ လက်ချိုးရေ၍ရသည်…..
လက်ချိုးရေ၍ ရသူများတွင် ကျွန်တော်ထိပ်ဆုံးကပါသည်……
ကျွန်တော် အကြိုက်ဆုံး ကဗျာတော်တော်များများကား“အေးချမ်း”၏ကဗျာများ…………
တစ်ခါက ကျွန်တော် “အေးချမ်း”ကိုပြောဖူးသည်……….
မင်းကဗျာတွေက ငါ့ကဗျာတွေထက် ပိုကောင်းတယ်ကွာဟု……“အေးချမ်း” ကပြန်ပြောလိုက်သည့်
စကားအား ကျွန်တော် တစ်သက်မမေ့………..“ရင်ထဲကလာတဲ့အနုပညာမှာ ဘယ်သူကမှဘယ်သူ့ထက်
ပိုကောင်းတယ်လို့မရှိဘူးကွ…….ကိုယ်ပြချင်တာကိုပြတယ်…လိုချင်တဲ့သူယူသွားတယ်……..
မလိုချင်တဲ့သူမယူဘူး…..မနေနိုင်မထိုင်နိုင်တဲ့သူက ဆဲသွားတယ်ကွာ…..ဘာဖြစ်လဲ….မင်းလုပ်
ချင်တဲ့ မင်းပြချင်တဲ့ အနုပညာတစ်ခုအတွက် မင်းလမ်းမင်းသွားဖို့ပဲလိုတယ်……..မင်းယုံကြည်ချက်
မင်းရဲရင့်နေဖို့ပဲလိုတယ်……လူကြိုက်များလာရုံ သက်သက်နဲ့တော့ အနုပညာကို
အရောင်မပြောင်းနဲ့……ပြီးတော့ ရင်ထဲကလာတဲ့ပုံစံမျိုးစုံနဲ့ အနုပညာတွေ ကို နှိုင်းယှဉ်မှုတွေနဲ့
ခံစားနေစရာမလိုပါဘူးကွာ”တဲ့…..ထိုစကားအား ယ္ခုတိုင် ကျွန်တော့်အသည်းထဲ စွဲနေသည်……..
သူဘာကြောင့် “မျက်သွယ်” ကို ဖွင့်ဟခြင်းမပြုကြောင်းကို ဆက်လက်မမေးဖြစ်တော့ပါ……..
ကျွန်တော် ခေါင်းစဉ်ပြောင်းလိုက်သည်…….မင်းနဲ့တကယ်တမ်းအကြာကြီးခွဲရတော့မယ်ဆိုတော့
ငါစိတ်မကောင်းဖြစ်မိတယ်ကွ……..အထူးသဖြင့် မင်းကဗျာတွေနဲ့…….
ကျွန်တော့်အသံ တိမ်ဝင်သွားသည်…………“အေးချမ်း” က တည်ငြိမ်စွာပြုံးပြရင်း
“တွေ့ဆုံတယ် ခွဲခွာတယ်ဆိုတာက စိတ်ပေါ်မှာပဲ မူတည်တယ်ကွ……ခန္ဓာချင်းဝေးနေပေမယ့်လည်း
စိတ်ချင်း နီးနေလို့ရပါတယ်ကွာ……ငါဘယ်ကိုရောက်နေနေ မင်းရယ်ငါရယ်ဟာ ကောင်းကင်ရဲ့
တစ်မိုးအောက်ထဲမှာ ပဲ အတူတူရှိနေကြတယ်လေ…..မင်းနဲ့ငါနဲ့ဟာ သူငယ်ချင်းဆိုတဲ့
နာမည်နဲ့ ရင်ထဲမှာအပြန်အလှန် နေရာပေးခဲ့ကြပြီးပြီပဲလေ……..မင်းဟာငါနဲ့ ဘယ်တော့ဖြစ်ဖြစ်
အမြဲတမ်းနီးနေမှာပါ”……..ကျွန်တော် သူ့မျက်နှာကိုစူးစိုက်ကြည့်ကာပြောလိုက်သည်…………
“ငါနောက်ဆုံးမေးချင်တာက မင်းဘာလို့ ဒီလိုလုပ်လိုက်ရတာလဲ”………….
မဖြေဘူးဟုထင်မှတ်ထားသောမေးခွန်းအား “အေးချမ်း”က ပေါ့ပါးစွာပင် ပြန်ဖြေသည်………………………
“လောလောဆယ်တော့ငါလဲ လောဘ ဒေါသ မောဟတွေဖုံးနေတဲ့လူထဲကလူတစ်ယောက်ပဲ…….
စိတ်ဆိုတာထိန်းရခက်တယ်ကွ………တစ်ခဏတာယုံကြည်ချက်လေးအပေါ်
တိမ်းညွတ်မိသွားရင် အမှောင်တွေအားလုံးဖုံးသွားတတ်တယ်…..
ငါဒါကိုလုပ်လိုက်လို့ တစ်ချို့တစ်ချို့သောအရာတွေ ငြိမ်းချမ်းသွားမယ်လို့ ခံယူလိုက်ရင်
ငါ့ယုံကြည်ချက်ကိုငါ အသက်သွင်းလိုက်မှာပဲလေ…..မှားတယ် မှန်တယ် ဆိုတာ ဖြစ်ပြိးသွား
တဲ့ အရာတစ်ခုအတွက် မလိုအပ်တာတွေပါကွာ…….ဒါပေမယ့်တစ်ခုတော့ရှိတယ်……..
ယုံကြည်ခဲ့တုန်းက အပြုံးမပျက်ခဲ့ဘူးဆိုရင် ယုံကြည်ချက်ရဲ့ အကျိုးဆက်တွေကိုလည်း
အပြုံးမပျက်ဖို့ လိုတယ်……စိတ်ဆိုတာကို ထိန်းနိုင်တဲ့နေ့ကျရင် ဘာမှမရှိတော့တဲ့ သုည
တစ်လုံးအဖြစ်နဲ့ လူတွေကြားထဲမှာပဲငါနေမယ်……..ကဲ….သွားမယ်ကွာ….
မင်းကို ငါရေးဖြစ်ထားတဲ့ ကဗျာတစ်ပိုဒ်ပေးခဲ့မယ်”…………
စာရွက်ခေါက်လေးကိုကျွန်တော့်လက်ထဲ ထိုးထည့်ကာ သူတစ်ရွေ့ရွေ့ထွက်ခွာ ပျောက်ကွယ်သွား
သည်အထိ ကျောက်ရုပ်တစ်ရုပ်လို ကျွန်တော်ရပ်နေမိသည်………….ပြင်ပမှအမှောင်ထက်
ကျွန်တော့်ရင်ထဲမှအမှောင်မှာ ပိုနက်လှပါသည်……………

နောက်တစ်နေ့မနက်တွင် ကျွန်တော်တို့မြို့လေးတွင် လူပြောများသောသတင်းတစ်ခု
ထွက်လာပါသည်………..ထိုသတင်းမှာ မြို့လေးတွင် မကောင်းမှုလုပ်ငန်းများစွာအား
နောက်ကွယ်မှ ကြိုးကိုင်ကာ အာဏာပိုင်များနှင့်လွန်စွာမှ ရင်းနှီးကျွမ်းဝင်သော
တစ်မြို့လုံးဖိန့်ဖိန့်တုန်အောင် ကြောက်ရသော ဦးဘိုးခေါင် ဟုခေါ်သည့် မြို့လေး၏
အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးအသတ်ခံရကြောင်း သတ်သူမှာ သူ့အိမ်တွင်လုံးဝမနေပဲ
မြို့စွန်တွင်တဲထိုး၍ နေသော သူ၏ မယားပါသားဖြစ်သူ “အေးချမ်း”ဟုခေါ်သည့်
ကဗျာဆရာတစ်ယောက်ဖြစ်ကြောင်း……..“အေးချမ်း”ကိုယ်တိုင်မှာလည်း ရဲစခန်းသို့လာရောက်၍
အဖမ်းခံ ထွက်ဆိုချက်ပေးသွားကြောင်း သတင်းမှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလျှက်ရှိသည်…
ကျွန်တော့်လက်ထဲတွင် ညက “အေးချမ်း” ပေးသွားတော့ ကဗျာစာရွက် အပိုဒ်လေးအား ဆုပ်ကိုင်
ထားလျှက်ရှိဆဲပင်………………..
“ဘဝ”

ခဏတာလေးပါပဲ
ဒါကိုပဲ
မက်မက်မောမောနဲ့
ဖက်တွယ်ထားလိုက်ကြတယ်……………။။။

အေးချမ်း


ကျွန်တော်မျက်လုံးများကိုမှိတ်လိုက်သည်…………….
မျက်ရည် တစ်ပေါက်စာရွက်ပေါ်သို့ကြွေကျသွားသည်…………..
ကျွန်တော်အရမ်းချစ်သော “အေးချမ်း”ကိုချစ်သော “မျက်သွယ်” ဟုခေါ်သော
ကောင်မလေးတစ်ယောက်လည်း ငိုနေပေလိမ့်မည်…………………..။။။

အိုင်လွယ်ပန်










မိခင်တစ်ယောက်သို့အလွမ်းကောက်ကြောင်း

7 comments
မေမေ့ချစ်သားလေး
ချစ်သားလေးကိုမေမေပြောချင်တာတွေအများကြီးရှိပေမယ့် ဘယ်ကစပြီး
ပြောရမလဲဆိုတာ အစရှာမရဘူးဖြစ်နေတယ်………..မေမေ့ရဲ့အသွေးနဲ့အသားနဲ့ တစ်သားထဲ မေမေ့
ဗိုက်ထဲမှာ (၁၀) လလုံးလုံးထည့်ပြီး မေမေစားသလိုကျွေး မေမေအိပ်သလိုအိပ်စေကာ မေမေနဲ့
စိတ်ချင်းဆက်မွေးလာတဲ့ သားဖြစ်တော့ သားကိုမေမေယုံကြည်တယ်………မေမေဖြစ်စေချင်သလို
ဖြစ်လာမယ်ဆိုတာလဲ ယုံကြည်တယ်…………ဖြစ်စေချင်တယ်ဆိုတာကလည်း မေမေ့အတွက်
သားဖေဖေအတွက်မဟုတ်ဘူး………..သားအတွက်ဖြစ်စေချင်တာပါ………..သားဟာ ဖေဖေထွင်ပေးတဲ့
လမ်းထက် ပိုကောင်းတဲ့လမ်းကိုထွင်ပြီး သားမှန်းထားတဲ့ပန်းတိုင်ဆီကိုသွားနေတာ မေမေသဘောကျ
ပါတယ်…..မေမေနည်းနည်းစိုးရိမ်မိတာက ပန်းတိုင်မရောက်ခင် စိတ်အလိုကိုလိုက်ပြီး
ဦးတည်ရာပြောင်းသွားမှာကိုပဲ…အဲဒီလို မေမေပြောသလိုဖြစ်လာခဲ့ရင်တော့ သား မေမေ့ကို
သတိရလိုက်ပါ……….ပြီးရင် သားရဲ့ဦးတည်ရာကို ဆက်လျှောက်ပါ…….ဦးတည်ရာကိုမပြောင်းစေနဲ့…..
သားဖေဖေရဲ့ ကျန်းမာရေဟာ သူ့ရဲ့စိတ်ကြောင့်ဖြစ်နေတာ…..စိတ်ဖိစီးမှု များလာတဲ့အခါ ဆေးမတိုး
တော့ဘူး……..သားအတွက် သူဖြစ်စေချင်သလိုဖြစ်မလာခဲ့တာတွေကလည်း စိတ်ဖိစီးမှုတစ်မျိုးပေါ့……
အတ္တကြီးတယ်လို့ထင်ရပေမယ့် ဒါတွေဟာလည်းသားအတွက် ဖြစ်စေချင်ခဲ့တာပဲလေ………ဒီတော့
သားကလည်း သားကိုယ်သားစိတ်မပူရအောင် တာဝန်ယူနိုင်ရင် သားဖေဖေအတွက် စိတ်ဖိစီးမှုတွေ
လျော့သွားစေတာပေါ့…….သားဘက်က အားပေးမှုတွေ ဖေးမမှုတွေ အများကြီးလိုလာပြီလေ……
ဘာလို့လဲဆိုတော့ သားဖေဖေကော သားမေမေကောက အိုလာရပြီ နာလာရပြီ…..ဒီတော့လည်း
မသိမသာနဲ့ အားကိုးရှာချင်ပြီပေါ့…….သားကမားမားမတ်မတ်ရှိနေရင်တော့ မေမေတို့က မှီချင်တာပေါ့….
“ငယ်တော့သား ကြီးတော့အားတဲ့” ရှေးလူကြီးတွေပြောခဲ့တာကျေးဇူးတင်ရမယ်…..မေမေကသဘောကျ
လို့ပါ……..မေမေသဘောကျပေမယ့်လည်း သားဆန္ဒမရှိဘဲနဲ့တော့ အမှီမခံပါနဲ့………..ဝတ္တရားကျေပွန်စေရုံ
သက်သက်နဲ့တော့ သားဆန္ဒမပါဘဲ အမှီမခံပါနဲ့……..ရင်ထဲကဆန္ဒစေတနာနဲ့ ဆိုရင်တော့ မှီချင်ပါရဲ့………
သားလေးရေ…သူများတိုင်းပြည်မှာသွားပြီး နေရထိုင်ရ အလုပ်လုပ်ရတာ ခက်ခဲမှုတွေအများကြီးနဲ့
ရင်ဆိုင်ရမယ်…..ဒါပေမယ့် သူတို့ဆီရောက်ရင်တော့ သူတို့စည်းကမ်းပေါ့…..သူတို့ချမှတ်ထားတဲ့စည်း
ကမ်းအတိုင်းနေထိုင်ကျင့်ကြံရင်တော့ ဘာမှအခက်အခဲမရှိနိုင်ပါဘူး……………အရာရာမှာသတိထားပါ…
ကျန်းမာရေးထိခိုက်မယ့် နေထိုင်ပြုမူမှုမျိုးတွေကို ရှောင်ပါ…..ကျန်းမာရေးအတွက် အာဟာာရပြည့်အောင်
စားပါ…….ဆေးလိပ်လျော့သောက်ပါ…….အရက်ကပိုဆိုးတယ်….ကြိုက်တယ်ဆိုရင်တောင် ဘာအကျိုးရှိ
လဲ သားလည်းစဉ်းစားတတ်ပါတယ်……..ရတနာသုံးပါးကိုမမေ့ပါနဲ့……………..ကိုယ့်အားကိုယ်ကိုးပြီး
အလုပ်ကြိုးစားပါ……..အထူးသဖြင့်ဘယ်သူ့ကိုမဆို ကတိတည်ပါ…….ကိုယ်မလုပ်နိုင်ရင်
လွယ်လွယ်နဲ့ ကတိမပေးပါနဲ့…….ကျေးဇူးသိတတ်ပါ……..မေမေနောက်ဆုံးမှာချင်တာကတော့
ရိုးသာခြင်းဟာ တာရှည်ခံ အထင်ကရပိုင်ဆိုင်မှုတစ်ခုပါ……….အရာရာကောင်းမွန်ချောမွေ့ပါစေလို့
မေမေဆန္ဒပြုလိုက်ပါတယ်………………..။။။

သားရဲ့
ချစ်မေမေ


မေမေရေ….ဝေးနေတာလည်းကြာပြီနော်……….သားခြေပစ်လက်ပစ် ပြုတ်ကျခဲ့
တဲ့နေ့တွေမှာတောင် မေမေ့စာက သားရင်ဘတ်ထဲကထွက်မသွားပါဘူး...နှလုံးသားက ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်………မေမေရေလို့တစ်ခွန်းခေါ်လိုက်တိုင်း ကမ္ဘာပေါ်က မိခင်အားလုးံရဲ့ သားသမီးအပေါ်
ထားတဲ့မေတ္တာကို ဦးညွတ်ပြီးသားပါမေမေ………..ဘဝမှာ ဘာမှအထင်ကရမရှိခဲ့ရင်တောင်မှ မေမေပြောခဲ့
တဲ့ ရိုးသားမှုအထင်ကရ တစ်ခု နစ်သထက်နစ်အောင် သားကိုယ်မှာစိုက်စိုက်သွင်းနေတုန်းပဲ……….
မေမေ့စာဟာ အားအင်တွေကုန်ခမ်းတိုင်း သား မန်းမှုတ်နေကျ ဂါထာတစ်ပုဒ်ပါ……သတိရတိုင်းပြန်ပြန်
ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ…………..ဝေးနေမှပိုသတိရတတ်သတဲ့…..မလိုအပ်သလိုဖြစ်နေတာတွေ
လိုအပ်လာတော့မှ ပိုပိုပြီးတပ်မက် လွမ်းဆွတ်မိတာ လူ့သဘာဝမဟုတ်လားမေမေ…..အခုတော့
အားရင် စာအုပ်တွေဖတ် တခန်းလုံးစာရွက်တွေပွရွနေအောင် ဘာတွေမှန်းမသိ လျှောက်လျှောက်ရေးနေ
တတ်တဲ့ မေမေပြောတဲ့ ဂျစ်ကန်ကန် ပေကပ်ကပ်ကောင်တစ်ကောင်က မေမေ့ကိုလွမ်းနေတယ်………..
မေမေလည်းသားကိုလွမ်းနေမယ်ဆိုတာကိုသိနေတယ်………………အတိုင်းအတာတစ်ခုပါမေမေ……
ဘယ့်သူကိုမှဒုက္ခမပေးချင်တဲ့နောက် သားဘဝ သားတစ်စခြင်း သီနေတုန်းမို့ပါ…….သားအလွမ်းက
မေမေ့ကိုတော့မမှီပါဘုး……ဒါပေမယ့်မေမေရယ်…….လောလောဆယ်တော့……………
မေမေနဲ့သား တစ်နေရာဆီကနေ ပြိုင်တူ လွမ်းကြရအောင်…..
ဒီည ကောင်းကင်မှာ ကြယ်တွေဆုံတယ်မေမေ……….။။။

အိုင်လွယ်ပန်

ခွေးတစ်ကောင်ရဲ့အိမ်ပြန်ခရီး

9 comments
အပိုင်း (၁)
ဆည်းဆာသည် ခွေးတစ်ကောင်အဖို့ အရုပ်ဆိုးလှပါသည်…………………..
ခွေး စိတ်ရှုပ်နေသည်…..သူလျှောက်လာသည်မှာ အတော်ကြာမြင့်ခဲ့လေပြီ……..ခွေးတစ်ကိုယ်လုံးရှိ
အကြောအချဉ်များမှာ သံချောင်းတစ်ချောင်းလို မာတောင့်လျက် သူလျှောက်လာသည့်ခရီးအား
သက်သေပြလျက်ရှိသည်……….လူတွေပြောပြောနေခြင်းကြောင့် မာကိုပိုလို ကို ခွေးကြားဖူးနားဝ
ရှိသော်လည်း ထိုသူဘာတွေလုပ်ခဲ့မှန်း ခွေးမသိပါ………ခွေးသိသည်မှာ လက်ရှိသူ့ဘဝကိုသူ
မပျော်ပိုက်တော့ခြင်းပင်ဖြစ်သည်……….သူ သမားသရိုးကျခွေးများလို လူများပေးစာကမ်းစာစား
လူများ၏အိုးအိမ်ခြံဝင်းများအားစောင့်ရှောက်…..လူများအားခေါင်းဖြင့် ပွတ်သပ်ချွဲနွဲ့………..
အစာတောင်း…ထိုဘဝအား ခွေး ညည်းငွေ့အော်ဂလီဆန်လာသည်………ထိုသို့ဖြစ်လာခြင်းသည်
ယ္ခု ခွေး ထွက်လာဖို့ အကြောင်းဖန်လာခြင်းပင်ဖြစ်သည်………..ခွေး မထွက်လာခင် ခွေး၏အမေက
ခွေးအား မင်းဟာ တစ်သက်လုံး ခေွးဖြစ်မဲ့ကောင်မဟုတ်ဘူးဟု ပြောလိုက်သည်……….ခွေးလဲထိုစကား
အားကြိုက်သည်…..ခွေး ခွေးမဖြစ်ချင်ပါ……….လူများအရိပ်အခြေကြည့်ပြီးနေရသောဘဝကို
ခွေး ရွံ့မုန်းလှပါသည်…………..ထိုသို့ဖြင့် ညစ်ညစ်နှင့် ခွေး လျှောက်သွားနေခြင်းဖြစ်သည်………….။

အပိုင်း (၂)
ညသည်ကြယ်ရောင်များအားရင်ခွင်ထဲသို့ထည့်ဝှက်ထားသည်…………..သစ်ပင်တစ်ပင်အောက်တွင်
ခွေးဆာဆာနှင့်အိပ်ပျော်သွားသည်မှာ မည်မျှကြာမြင့်သွားသည်မသိ စကားသံများကြောင့်
ခွေး နိုးလာခဲ့သည်…………“နင် .ဒီလိုဖြစ်လာမယ်မှန်းအရင်က မစဉ်းစားဘူးလား “နှင်းဆီ” ရယ်.
အခုတော့ ဟိုကနင့်ကိုမယူနိုင်ဘူးတဲ့…….နင့်ပတ်ဝန်းကျင် ကိုနင်ဘယ်လိုရှင်းမလဲ……ငါတော့သေသာသေ
လိုက်ချင်တော့တယ်ဟယ်…….နင်ဟာလေ ခွေးထက်တောင် မိုက်လုံးကြီးသေးတယ်”……..
ငိုသံနှင့်ရောထွေးနေသောစကားသံများ…. …. ခွေးလန့်သွားသည်……သူ့ထက်တောင်မိုက်သည်ဆိုပါလား…
ခွေးခေါင်းထောင်ပြီးကြည့်မိသည်………အိုး….ဒီလောက်လှပချောမွေ့သည့် မိန်းကလေးတစ်ဦးက
သူ့ထက်တောင်မိုက်သည်မှာ……သူမယုံနိုင် အောင်ဖြစ်ရသည်……..သတ္တဝါထဲတွင် ဥာဏ်ပညာ
အလိမ္မာဆုံးမို့ လူဟုခေါ်သည်မဟုတ်ပါလား……..စကားသံများ တစ်ဖြည်းဖြည်းနှင့် ဝေးဝေး
သွားသည်…….ခွေးမှာသာနားမလည်မှုများစွာနှင့်…………….။

အပိုင်း (၃)
ရောင်နီသည် ခွေးတစ်ကောင်၏ ဒွိဟများအားသဲ့ထုတ်မသွားပါ…….ထမင်းစားရေသောက်ပင်
ပျူထွက်လာသည်………………ခွေး မထသေးဘဲ ဆက်မှိန်းနေသည်…………..ညက စဉ်းစားလို့
မရဘဲ အိပ်မပျော်တစ်ချက်ပျော်တစ်ချက်…………..ထိုအချိန်မှာပင် လူငယ်တစ်ယောက် အပင်အောက်သို့
ရောက်လာပြီး တစ်စုံတစ်ရာကိုစိတ်ရှည်လက်ရှည် နှင့်စောင့်ဆိုင်းနေသည်…………
တစ်စုံတစ်ခုကိုလဲ ထုတ်ကြည့်လိုက် ပြန်ထည့်လိုက်လုပ်နေသည်…………
ခွေး လည်းစိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်……….
မကြာပါ အပင်အောက်သို့ နောက်ဆုံးပေါ်ကားတစ်စီးထိုးရပ်လာပြီး အသက်ငါးဆယ်အရွယ်
ရုပ်ရည်သန့်ပြန့်သော လူကြီးတစ်ဦးဆင်းလာကာ လူငယ်အားမေးလိုက်သည်…
“မောင်ရင်ကျုပ်ကိုတွေ့ချင်တာ “နှင်းဆီ” ကိစ္စထင်တယ်” ……. “ဟုတ်တယ် “ဦးကျော်အောင်” ……
ခင်ဗျားကြီး ယုတ်မာခဲ့တဲ့ကိစ္စ ခင်ဗျားနဲ့ဘာမှမဆိုင်သလိုဘဲ နေနေဦးမှာလား”……….
“ကျုပ် ဘယ်ကိစ္စကိုမှ မယုတ်မာခဲ့ဘူးမောင်ရင်…..ကျုပ် ဘယ်အရာကိုမှ အလကားမယူခဲ့ဘူး……
ကျုပ် “နှင်းဆီ” ဆီကို ဝင်ပြီဆိုကတည်းက ဘာလိုချင်လို့လဲဆိုတာ မောင်ရင်လဲသိတယ်….လူတိုင်းလဲသိ
တယ်…..“နှင်းဆီ” ကိုယ်တိုင်လဲသိတယ်………….ကျုပ်က တစ်ခုပေးလို့ “နှင်းဆီ”ကကျုပ်ကိုတစ်ခုပြန်ပေး
တာပဲ……လောကကြီးရဲ့အပေးအယူ သဘောတရားကိုမောင်ရင် ကောင်းကောင်းသဘောပေါက်ရင်
မောင်ရင်ကျုပ်ကို အခုလိုခေါ်တွေ့မှာတောင် မဟုတ်တော့ဘူး”…………...“ခင်ဗျားကြီး ခွေးစကား
မပြောနဲ့ …..ခင်ဗျားကြီး ခွေးကျင့်ခွေးကြံကြံ ပြီးမှ ဒီစကားမျိုးပြောထွက်တယ်……လူဆိုတာ ကိုယ်လုပ်တဲ့
ကိစ္စကိုယ် တာဝန်ယူရတယ်ဗျ”………….ခွေး ဝေခွဲမရဖြစ်သွားသည်………ဘယ့်နှယ့်လူတွေကသူ့ကို
ဆွဲဆွဲသွင်းနေရတာလဲ………….ဆက်လက်နားထောင်ကြည့်လိုက်သည်…………“ဟုတ်တာပေါ့
မောင်ရင်ရယ် လူဆိုတာ ကိုယ့်ကိစ္စကိုကိုယ် တာဝန်ယူရတာပေါ့……..ကျုပ်လဲ …သူလိုသလောက်
ပေးဖို့ ပြောထားပြီးသားပဲလေကွယ်……. မယားကြီးရှိတဲ့ကျုပ်ကို လက်ခံကတည်းကိုက သူဟာ
မယားကြီးဖြစ်ခွင့်မရှိဘူးဆိုတာ သဘောပေါက်ထားပြီးသားပါ……အခုကျမှဘာဖြစ်လို့ ရပိုင်ခွင့်တစ်ခုကို
မကျေနပ်နိုင်ရတာလဲကွယ်………ကျုပ်အခုလိုနေထိုင် သုံးဖြုံးနေနိုင်တာဟာ…..မောင့်ရင့်အရွယ်တုန်းက
မောင်ရင်အခုဖြစ်နေတဲ့ မခံချင်စိတ်တစ်ခုနဲ့ကြိုးစားခဲ့လို့ပဲ……..မောင်ရင့်အရွယ်မှာ အများကြီးပေးဆပ်ခဲ့ရ
လို့ပဲလေ……….လောကကြီးမှာ ဘယ်အရာမှအလကားမရဘူးမောင်ရင်……မောင်ရင်အခုကျုပ်ကိုစကား
ပြောနေတာတောင် မောင်ရင့်လည်ချောင်းထဲက အားထုတ်မှုတစ်ခုကို မောင်ရင်ပေးဆပ်နေရတယ်
ကွယ့်……..ဒီလိုပဲ ကျုပ်က ပေးတယ်….ပြန်ယူတယ်…..မပေးတာကြီးကို ကျုပ်အတင်းမယူဘူးမောင်ရင်
ကျုပ်ယူချင်လဲ မရဘူး………..ဘယ်သူမှလဲမရနိုင်ဘူး”………ခွေး ဇာတ်လမ်းတစ်ပုဒ်ကိုမှန်းဆကြည့်လို့
ရသွားသည်…………လူကြီး၏စကားများအား ဒေါသဖုံးလွမ်းနေသောလူငယ် မည်သို့မျှနားလည်လာမည်
မဟုတ်ပါ……..မကြာမီအချိန်အတွင်းမှာပင် လူငယ်မှာ ထိုလူကြီးမလာခင်က ထည့်လိုက်ထုတ်လိုက်လုပ်
အရာအား ထိုလူကြီးအား လက်ဆောင်ပေးပါတော့မည်……..ထိုအရာမှာ အသွားထက်လှသော
ဓါးမြှောင်တစ်ချောင်းဖြစ်ကြောင်း သိနေနှင့်သော ခွေး အဖို့ ထိုဇာတ်လမ်းအား ဆက်ကြည့်ရန်
မလိုအပ်တော့ပါ………ခွေး ထထွက်လာခဲ့သည်………………….။

အပိုင်း (၄)
နေရောင်သည် တိမ်များကိုပန်းချီချယ်နေသည်………ခွေး ရင်ထဲတွင်လဲ ပန်းချီကားများစွာရှိပါသည်…….
အေးမြလှသောဝါးပင်များ၏ အရိပ်အောက်မှ ကျောင်းဆောင်လေးတစ်ခုသို့ ရောက်လာခဲ့သည်…….
အဝေးတွင် ခပ်ဝါးဝါးအရာနှစ်ခု…..ထိုအရာများနှင့်နီးလာအောင် ခွေး လျှောက်လာခဲ့သည်………….
တွေ့ပါပြီ…….လေးချောင်းတန်း ဝါးခုံတန်းလေးပေါ်တွင်ကြည်ညိုဖွယ်ကောင်းလှသော
ရဟန်းတစ်ပါးနှင့် အောက်တွင်ဖူးမျှော်နေသော မိန်းမလှလေးတစ်ယောက်…….
ရဟန်းက စကားစလိုက်သည်……..“ဒကာမကြီး “နှင်းဆီ”……ဖြစ်ပြီးသမျှတွေကို မတွေးနဲ့တော့…..
အမှားဆိုတာလူတိုင်းနဲ့မကင်းဘူး…….လူတွေမှာ သူများရထားတဲ့ အခွင့်အရေးတွေကို မက်မောနေပြီး
လုပ်နေကိုင်နေပြောနေမယ် ဆိုရင် အဲဒီပုဂ္ဂိလ်ဟာ စိတ်မချမ်းသာနိုင်ဘူး……..စိတ်မချမ်းသာရင်
စိတ်မကြည် သမာဓိမဖြစ်နိုင်ဘူး တည်ကြည်မှု သမာဓိမဖြစ်လို့ ရှိရင် အသိဥာဏ်ဆိုတာမပေါ်နိုင်ဘူး…….
အသိဥာဏ်ပညာမရှိတဲ့ သူအတွက် လုပ်သမျှအလုပ်တွေလွဲ ပြောသမျှစကားတွေမှား စဉ်းစားသမျှ
စိတ်ကူးတွေ တက်တက်စဉ်အောင် လွဲချော်ကုန်တော့တာကလား………..ဒါကြောင့်မို့
ဒကာမကြီးသဘောပေါက်ရမှာက ကိုယ်ရလိုက်တာကိုကျေနပ် သဘောပေါက်လိုက်စမ်းပါ…..
လောကသဘောနဲ့ပြောရရင် ကိုယ်လုပ်လိုက်တဲ့အကုသိုလ် ရဲ့အလျော်အစားက တကယ်မသက်သာ
လှပေဘူး…….သူများတွေရဲ့ရပိုင်ခွင့်ကို အားမကျရဘူးလားလို့မေးစရာရှိလာမယ်…….အားကျခွင့်ရှိ
ပါတယ်….ကြိုးစားခွင့်ရှိပါတယ်…………ကြိုးစားပေါ့……အဓိကကတော့ လမ်းမှန်ရမယ်……
ရောင့်ရဲမျှတမှု ရှိရမယ်….မနာလိုမဖြစ်ရဘူး…………ကိုယ်ရထားတဲ့ရပိုင်ခွင့် ကိုလဲကျေနပ်….
ပြီးမှပိုကောင်းအောင်ကြိုးစားပေါ့…………
သလာဘံ နာတိမေညယ်
နာညေသံ ပိဟယံစရေ
အညေသံ ပိဟယံ ဘိက္ခု
သမာဓိ နာဓိဂစ္ဆတိ………… တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောတယ်……
ကိုယ့်လက်ရှိရပိုင်ခွင့် လေးကိုမကျေနပ်နိုင်ဘဲ သူများတွေ အဆင်ပြေနေတာ ကြည့်ပြီးတော့
အတင်းလိုက်လိုချင်နေရင်တော့ ရဟန်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ်ဖြစ် စိတ်ဆင်းရဲ
ဒုက္ခရောက်နေမှာပေါ့………………..ဒီတော့ ဖြစ်ပြီးသမျှနဲ့ ဖြစ်လာတဲ့ ကိုယ့်ရပိုင်ခွင့်ကို သိလိုက်စမ်းပါ
ဒကာမကြီး”…….. ရဟန်းတော်၏စကားအဆုံးတွင် ခွေး အသိဥာဏ်တစ်ခု လင်းကနဲရသွားသည်…….
ခွေး တစ်ကောင်၏စိတ်များ လုံးဝရှင်းလင်းသွားလေပြီ………..ရပိုင်ခွင့်ကို သူကောင်းကောင်းသဘော
ပေါက်ခဲ့ပြီ…………….ခွေး ပေါ့ပါးစွာထွက်လာလိုက်သည်………ခွေးရင်ထဲမှ ပန်းချီကားများအားလုံးပျောက်
ကုန်ကာ အဖြူရောင်ကင်းဘတ်စတစ်ခု သာရှိနေတော့သည်………ထို ကင်းဘတ်စ သည်ပင် ခွေး အတွက်
အလှပဆုံး ပန်ချီကားတစ်ချပ်ဖြစ်သောကြောင့် မည်သည့်ပန်းချီကားမှ ခွေးအဖို့ မလိုအပ်တော့ပါ………….။

အပိုင်း (၅)
ဆည်းဆာသည်လောကအားကိုယ်ဖိရင်ဖိပံ့ပိုးနေသည်……………….
ခွေး တစ်ကောင်၏အိမ်ပြန်ခရီးသည်လည်းမြူးကြွသွက်လက်စွာ ဆည်းဆာနှင့် ပနံရနေပါတော့သည်…………။။။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ ရပိုင်ခွင့် တရားတော်ကိုမှီးကာ ရေးဖွဲ့ ပါသည် )

အိုင်လွယ်ပန်

ရောင်နီမလာခဲ့သောကောင်းကင်ယံများ

5 comments
ချေးညှော်အထပ်ထပ်နဲ့
ရွေးချယ်ခွင့်မရှိတဲ့ဖြစ်တည်မှု
တစ်နေ့ထက်တစ်နေ့ပေါ့
ဘဝတွေပါးလျလာခဲ့ xxxxxxxxxxxx

ဒီဘဝကို စရောက်လာကတည်းကကျွန်တော့်တို့မှာ ရွေးချယ်ပိုင်ခွင့်ဆိုတာပါမလာခဲ့ဘူး………………
အစကတော့ တကယ့်ကိုဟုတ်မလိုလိုပါပဲ…………
သူတို့တွေ ရွေးချယ်ပေးခဲ့တဲ့ ကျွန်တော့်တို့ရဲ့လမ်းက အဆောင်အယောင်တွေ တလက်လက်နဲ့…………..
ကျွန်တော့်တို့ကို လှပေ့ပပေ့ဆိုတဲ့ အရောင်တွေ ချယ်ပေးကြတယ်……………..
အရမ်းကိုကောင်းမွန်လှပတဲ့ နန်းတော်တစ်ခုထဲမှာ ကျွန်တော့်တို့ဘဝကိုပိတ်လှောင်
ကောင်းမွန်လှပတဲ့ တန်ကြေးတစ်ခုကို တံဆိပ်ခပ်ပြီး ကျွန်တော်တို့ကို အဆင့်မြင့်မြင့်ထားခဲ့ကြတယ်လေ…
အခုတော့ဗျာ……………………………
…………………………………
…………………………………………………

ကလေးများပြောသောစကားအဆုံးတွင် သူစဉ်းစားမိသည်……………………….
သူဒီကလေးများထက်အရင် ဒီနေရာကိုရောက်ခဲ့ပါသည်………….
သူ့ဘဝသည်လည်း ဒီကလေးများထက်အရင် စုတ်ပြတ်ပါးလျခဲ့ရင်း နောက်ဆုံးအချိန်တစ်ခုကို
သူစောင့်စားနေရသည်…………..သူဒီကလေးများကို နှစ်သိမ့်မှုတစ်ခုခုပေးချင်ပါသည်…………….
သို့သော် နှစ်သိမ့်မှုသည် နှစ်သိမ့်မှုသက်သက်မှလွဲပြီး ဘာမှဖြစ်မလာနိုင်သည်ကိုလည်း
သူသိနေသည်………..သူ့အာခေါင်တွေခြောက်ကပ်နေသည်……………

ရွေးချယ်ခွင့်မရှိတော့ဘူးဆိုရင်လည်း ထားပါဗျာ……ရောက်နေတဲ့ဘဝမှာ ပျော်သလိုနေဖို့
ကျွန်တော်တို့ကြိုးစားပါတယ်…….ဒါပေမယ့်ဗျာ
ကျွန်တော်တို့တွေကတော့ သူတို့တွေကို အခိုက်အတန့်လေးပဲဖြစ်ဖြစ် မွှေးမြစေဖို့
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေကို အစွမ်းကုန်ပါးလျ ပွင့်အာပေးပါတယ်………
သူတို့ကတော့ ကျွန်တော်တို့ကို ရှိတယ်လို့တောင် သဘောမထားပဲ ရှိရှိသမျှ
သူတို့ရဲ့ အညစ်အကြေးတွေကို ကျွန်တော်တို့ရဲ့ ခေါင်းပေါ်ပုံချကြတယ်…….
ပြီးရင်သူတို့ ဘာမှမလုပ်ခဲ့တဲ့ မျက်နှာပေးတွေနဲ့လေ…………………..

သူ ကလေးများအားကြည့်ပြီး ရင်ထဲတွင် စကားလုံးများဖြင့်ပြည့်လျှံနေပါသည်…………..
သို့သော် ပြင်ပတွင်မည့်သည့်စသားလုံးမျှ လျှံမကျလာနိုင်အောင် သူ့ရင်ဘတ်များ
တင်းပြည့် ကြပ်ခဲနေသည်…………….သူတို့ကဲ့သို့ ဘဝတွေမည်မျှ ပါးလျခဲ့ပြီလဲ……
သူမသိပါ……သူကိုယ်တိုင်လဲ သူ့ဘဝကို သူမုန်းနေပါသည်…………….
ထိုစဉ်မှာပဲ သူ့ခေါင်းပေါ်သို့ အညစ်အကြေးများကျလာပြီး သူ့ဘဝမှာ
ပါးလျမှောင်မိုက် သွားခဲ့ပြန်သည်……………………………

ထိုသို့ဖြင့် အိမ်သာထဲမှ “ပရုပ်ခဲ” လေးများ၏စကားသံများ ခဏတာတိတ်ဆိတ်သွားခဲ့သည်………။။။

အိုင်လွယ်ပန်

ကျွန်တော့်ရဲ့စိတ်နဲ့ကျွန်တော်စကားပြောတယ်

1 comments
အရာအားလုံးဟာ မွန်းကြပ်နေသယောင်ယောင် ဖြစ်နေတယ်………..
တကယ်တမ်းပဲ မွန်းကြပ်နေခဲ့တာလား………..ဖြစ်ချင်တာတွေကို လိုက်လုပ်ခဲ့တယ်……..
ဖြစ်ချင်တာတွေဖြစ်လာတယ်…………တကယ်တမ်းတော့လိုချင်တာတစ်ခုဟာ မဖြစ်ခင်ကတော့
အရမ်းမက်မောဖို့ ကောင်းသလောက် တကယ်တမ်းဖြစ်လာခဲ့တော့ ဘာမှမထူးဆန်းတော့သလိုလိုပါပဲလား…
ဒါပေမယ့် လူဆိုတာရဲ့ဖြစ်ချင်မှု တပ်မက်မှုတွေက မဆုံးနိုင်ဘူးလေ……..အသစ်အသစ်တွေဖြစ်တည်လာ
တယ်…….ဒါဟာလူ့သဘာဝလား………..အခုငါ မွန်းကြပ်နေတယ်………မင်းငါ့ကိုပြောမယ်……..
ငါ့ရဲ့မွန်းကြပ်မှုတွေဟာ ငါမနေတတ်လို့ ဖြစ်နေတာပါလို့……ဟုတ်ပြီလေ......ီဒီလိုဆိုမင်းကိုငါမေးမယ်…..
နေတတ်တယ်ဆိုတာဘာလဲ……….ဘယ်လိုကံကြမ္မာမျိုးနဲ့ပဲ ကြုံကြုံ မတုန်မလှုပ် ဘာမှမခံစားရတဲ့အတိုင်း
ဘဝကို ပေါ့ပေါ့လေးဖြတ်သန်းသွားတာ ကိုယ့်ရည်ရွယ်ချက်ဆီကို ရောက်အောင်သွားတာ
နေတတ်တာလား…………..ဒါမှမဟုတ် လူ့သဘာဝအတိုင်း ပျော်စရာရှိရင်ပျော်လိုက် ဝမ်းနည်းစရာရှိရင်ဝမ်းနည်းလိုက်နဲ့ လူဆိုတာကိုအပြည့်အဝခံယူပြီး စခန်းသွားနေရတာက နေတတ်တာလား………..မင်းအခု
ငါ့ကိုပေးလိုက်တဲ့ အဖြေတစ်ခုကိုကော တစ်ချိန်ချိန်မှာ မင်းကိုတိုင်မပြင်ဆင်တော့ပါဘူးလို့ အာမခံနိုင်လား..
တကယ်တမ်း မင်းနေတတ်နေပါပြီတဲ့……….
အဲဒီနေတတ်နေတဲ့ မင်းဘဝကြီးကိုကော မင်းကိုယ်တိုင် မပျင်းတော့ဘူးလား………သေချာလား……….
သူများတွေက မနေတတ်ပဲ မင်းကနေတတ်ပါတယ်ဆိုတဲ့ အခြေအနေမှာ အနည်းဆုံးတော့သူများတွေနေတတ်လာအောင် မင်းခံယူထားတဲ့ နည်းလမ်းတွေကို မင်းနည်းနည်းလောက်ဖြစ်ဖြစ်တော့ မင်းပြောပြမှာပဲ………အဲဒါကိုက မင်းရဲ့မနေတတ်မှုတွေ ဖြစ်နေပြီ………ငယ်ငယ်တုန်းကတော့ မင်းဟာကျောင်းသားဘဝကို စာကျတ်ရမှာဆိုးလို့ မြန်မြန်ကုန်လွန်ဖြတ်သန်းချင်တယ်……..အခုတကယ်တမ်း
လက်တွေ့ဘဝကို မင်းပိုင်ဆိုင်လာခဲ့တော့ ကျောင်းသားဘဝကို မင်းပြန်လွမ်းနေတယ်…….ဒီလိုပဲ...........
တကယ်တမ်းမင်းနေတတ်လာရင် အရင်မင်းရဲ့ မနေတတ်မထိုင်တတ်ဘဝကို ပြန့်မလွမ်းတော့ဘူးဆိုတာ ကျိန်းသေပြီလား…………တကယ်တမ်းအောင်မြင်တဲ့ ဘဝတစ်ခုကိုမင်းပိုင်ဆိုင်လာရပြီဆိုရင်
မင်းအခုငါ့ကိုပြောနေတဲ့ နေတတ်ချင်းမနေတတ်ချင်းတွေကို မင်းခဏတော့မေ့သွားမယ်………
ဥပမာဆိုပါတော့……..မင်းဟာအရမ်းအောင်မြင်နေတဲ့ အဆိုတော်ကြီးတစ်ယောက် ဆိုရင်
မင်းရဲ့အင်တာဗျုးမှာ မင်းကသုံးနှစ်သားနဲ့ သီချင်းစဆိုတာပါလို့မင်းပြောရင် မင်းပြောနေသမျှကတော့
အဲဒီအချိန်မှာ တင့်တယ်နေမှာပဲ……..ဒါပေမယ့်အဲဒီတင့်တယ်ခြင်းတွေကို ဘယ်လောက်များမင်းမက်မောနေနိုင်မှာလဲ………..မင်းတစ်ခုလိုချင်ရင် တစ်ခုကိုတော့
မင်းပေးလိုက်ရမယ်ဆိုတာကိုယုံ…………….မင်းအောင်မြင်လာရင်မင်းရဲ့မအောင်မြင်ခြင်းတွေကို
မင်းပေးလိုက်ရလိမ့်မယ်………မင်းကအဲဒီအောင်မြင်ခြင်းတွေကြားမှာ နေတတ်နေပါပြီတဲ့…….
မအောင်မြင်ခဲ့စဉ်ကဘဝကို မင်းမမက်မောတော့ပါဘူးတဲ့……..ဟုတ်ပါပြီ……..တစ်ချိန်မှာ
ဘာလုပ်လုပ် သူများကမျက်စိ ဒေါက်ထောက်ကြည့်နေတဲ့ မင်းရဲ့ အောင်အောင်မြင်မြင်မလွတ်မလပ်ဘဝကို မင်းတစ်ချိန်ချိန်မှာ အော်ဂလီ ဆန်မလာတော့ဘူးတဲ့လား………….ငါသိတယ် မင်းစိတ်တွေလဲ ဝေလာပြီ….
မင်းမေ့ထားတဲ့ နေတတ်ချင်းမနေတတ်ချင်းတွေကြားထဲ မင်းပြန်ရောက်လာပြီ………….ငါအစောကြီးထဲက မင်းကိုပြောတယ်……………လိုချင်တာတွေကရသွားရင် ဘာမှမဟုတ်တော့ပါဘူးလို့………..
ဒီတော့ အခု ငါမွန်းကြပ်နေတယ်……..တကယ်တမ်းမွန်းကြပ်နေတာဟုတ်လားမဟုတ်လားလဲ
ငါမသိဘူး……………ဒီတော့ ကျေးဇူးပြုပြီးမင်းဖာသာမင်း နေတတ်သလိုနေပါ………..ငါလဲငါ့ဖာသာ……………………။။။

အိုင်လွယ်ပန်

ကျွန်တော် နဲ့ အဖေ

3 comments
ခွမ်း………….
“အဖေ” ဒေါသတကြီးနဲ့ဖန်ခွက်နဲ့နံရံကိုပစ်ပေါက်လိုက်တယ်……………..
ပြီးတော့ကျွန်တော့်ဘက်ကိုလှည့်ပြီးပြောတယ်……………
“မင်းမိဘတွေကို ဘယ်အထိဆက်ပြီး ဒုက္ခပေးနေအုန်းမှာလဲ………ညဘက်ဆိုရင် မိုးလင်းပေါက် အပြင်မှာ
နေတယ်……မိုးလင်းပြီဆိုမှမင်းအိမ်ထဲပြန်ဝင်တယ်…………မင်းအမေဆို တညလုံးမင်းကို တစ်မျှော်မျှော်နဲ့
မအိပ်ဘူး……..မင်း ကျောင်းပြီးထဲက အလေလိုက်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ…….တစ်ရက်လဲမဟုတ်
နှစ်ရက်လဲမဟုတ်…………မိဘအတွက်ကော ပတ်ဝန်းကျင်အတွက်ကော ဘာမှကောင်းကျိုးမပေးတဲ့ကောင်
မင်းအတွက်နဲ့ ငါအရှက်ရခဲ့ပေါင်းလဲများပြီ……မင်းလိုကောင်ကို ငါ့သားလို့ပြောရမှာတော်တော်ရှက်ဖို့
ကောင်းတယ်……..ဒီတော့ဒီနေ့ကစပြီး မင်းအချိုးကိုပြင်ရင်ပြင်………မပြင်ရင်တော့မင်းလမ်းမင်းလျှောက်
လို့ရတယ်”……………“အဖေ”က ကျွန်တော့်ကိုကောင်းကောင်းကြိမ်းပြီးလှည့်ထွက်သွားလေရဲ့……………
ကျွန်တော်လဲအနေအထားမကောင်းတာနဲ့ အခန်းထဲကိုလစ်ရတော့တယ်………..တစ်ညလုံးဘောပွဲ
ကြည့်ထားရတော့လူကလည်း နှပ်ချင်နေပြီ……………အခန်းထဲရောက်တော့မှအောက်မှာ ဆေးလိပ်ဘူးကျန်
ခဲ့တာနဲ့ပြန်ဆင်းအယူ ဧည့်ခန်းထဲကအဖေ့အသံကြားလိုက်ရတော့ တော်တော်ခေါင်းစားသွားတယ်……..
“သားလေး မင်းကလည်းတစ်ညလုံးကိုပျောက်နေတော့တာပဲကွာ………. ဗိုက်ဆာလာပြီလား……..
အဖေ့ဆီလာပါဦးကွ”………
??????????????????????........ဘယ်လိုဖြစ်တာတုန်း….“အဖေ”အပြောင်းအလဲမြန်လှချေလား……..
ကိုယ့်လက်ကိုကိုယ် တစ်ချက်ဖမ်းဆိတ်ပြီး ယောင်ကမ်းယောင်ကမ်းနဲ့ လှမ်းဝင်သွားလိုက်တော့
“အဖေ”က ကျွန်တော်ရောက်နေမှန်းတောင်မသိဘဲ အိမ်မှာမွေးထားတဲ့ခွေးလေး “ဘော်ဘီ” နဲ့
အလုပ်တွေရှုပ်နေလေရဲ့…………………………
xxxxxxxxxxxxxxxxxxxxxxxxxxx
စိတ်လေပါတယ်ဗျာ………………………….
အဖေကကျွန်တော့်ကို သားတော်ရမှာ ရှက်သတဲ့……………………။။။။

အိုင်လွယ်ပန်

အရင်အတိုင်း

0 comments
ဒီနေ့ မင်းမွေးနေ့ဆိုတော့ မင်းဆီကိုငါထွက်လာလိုက်တယ်…..
အပြင်ထွက်ရင်တစ်ခုမဟုတ်တစ်ခုကျန်ခဲ့တတ်တဲ့ငါ့ကို
မင်းမှာနေကျအတိုင်းပါပဲ…..အပြင်ထွက်ရင်ငါယူလာရမယ့် ဖုန်း၊အိမ်သော့၊ပိုက်ဆံအိတ်
အားလုံးကိုငါ မမေ့မလျော့ သေချာစစ်ပြီးတော့ကို ယူလာတယ်…….
ငါအပြင်ရောက်တော့ ပတ်ဝင်းကျင်က နှင်းတွေနဲ့မှုန်မှိုင်းနေတုန်းပဲ……
စောစောထရောင်းတတ်တဲ့ လမ်းထိပ်က ကွမ်းယာဆိုင်လေးတောင် မခင်းသေးဘူး……..
ငါကိုကစိတ်စောနေလို့ဖြစ်မယ်…..ထိုင်နေကျ တီးရှော့ပ် ကိုရောက်တော့ စားပွဲထိုးလေးကတောင်
“အစ်ကို ဒီနေ့စောလှချည်လားတဲ့”…….ဟုတ်တော့လည်းဟုတ်တယ်….ဒီနေ့လိုရုံးပိတ်ရက်မျိုးမှာ
ဘယ်တုန်းက ငါ စောစောထဖူးလို့လဲ….ထုံးစံအတိုင်းကော်ဖီတစ်ခွက်သောက်ပြီးမှ ကားငှားဖို့ထွက်
လာလိုက်တယ်….ဒီနေ့ နှင်းတွေတော်တော်ကျနေလို့နဲ့တူတယ်…ကားကတော်တော်နဲ့ငှားမရဘူး…..
ကားရတော့ ကားသမားနဲ့ ဈေးစကားပြောနေတုန်း ကားသမားပြောတဲ့ဈေးကို ထက်ဝက်ပြောပစ်
ဆိုတဲ့ မင်းရဲ့ ဂျစ်တီးဂျစ်ကန် အမူအရာလေးကိုတောင် သတိရမိသေးတယ်…..
မင်းမွေးနေ့ရောက်တိုင်း ငါတို့စချိန်းနေကျဆုံမှတ်နေရာလေးကိုရောက်တော့ ကုလားကြီးတစ်ယောက်
ထိုင်ငိုနေတာတွေ့တော့ ငါလည်းတော်တော်အံ့သြသွားတယ်….ဒါနဲ့မေးကြည့်တော့ သူ့ရဲ့
စမူဆာဗန်းမှောက်သွားလို့တဲ့…..ဒီတော့မှငါသတိထားမိတယ်…..ဘေးမှာကစက်ဘီးတစ်စီးလဲနေပြီး
လမ်းပေါ်မှာစမူဆာတွေပြန့်ကျဲနေတာပဲ….ဒါနဲ့ငါလည်း ချစ်သူမွေးနေ့မှာ ကောင်းမှူလုပ်မဟဲ့ဆိုပြီး
ဘယ်လောက်ဖိုးလောက်ရှိလဲလို့မေးကြည့်တော့ ၆၅၀၀ ဖိုးတဲ့…ဒီတော့ငါက “ဘာဘူ ခင်ဗျား
အမြတ်ပါတွက်ပြီးပြောတာလား” ဆိုတော့ “မဟုတ်ပါဘူး..ကုလား အရင်းကြီးပဲ ၆၅၀၀” ရှိသတဲ့……
ငါလည်းဆုံးဖြတ်ထားပြီးမှမထူးပါဘူးဆိုပြီး ၆၅၀၀ ထုတ်ပေးလိုက်တော့ ကိုကုလားကမယူဘူးတဲ့….
ဆက်ငိုနေတယ်…ဒီတော့ငါလဲ ကြုံတော့မှ ခင်ဗျားပြန်ပေးပေါ့ဆိုပြီး အတင်းပေးလိုက်ရတယ်….
ဒါနဲ့ကုလားလည်းငါ့ကိုကျေးဇူးတင်စကားပြောပြီး စက်ဘီးကောက်နင်းသွားလေရဲ့…………
နေတောင်ပွင့်လာပြီ…..အရာအားလုံးကအခုမှသစ်လွင်လန်းဆန်းလာတယ်………..
လူတွေကပြောကြတယ်….အရာအားလုံးဟာပြောင်းနေတယ်တဲ့……..
ငါ့ရင်ထဲမှာတော့ မင်းနဲ့ပတ်သတ်ရင် အားလုံးဟာ အရင်ကလိုပါပဲ………
ဘာလိုလိုနဲ့မင်းထွက်သွားတာ ၇ နှစ်တောင်ပြည့်ခဲ့ပြီနော်……
မင်းလူ့လောကကို ဝင်လာတဲ့နေ့နဲ့ပြန်ထွက်သွားခဲ့တဲ့ နေ့ကလည်း တစ်နေ့ထဲပဲ……….
ငါ့အတွက်ကတော့ မင်းမရှိတော့ပေမယ့် မင်းရှိနေတဲ့ အတိုင်းပါပဲ……
မင်းပြောဖူးတယ်နော်…“ချစ်ရဲရင်လွမ်းရဲရမယ်” တဲ့……..
ဟုတ်တယ်…ငါမင်းကိုတစိမ့်စိမ့်လေးခံစားပြီးတော့ ရဲရဲရင့်ရင့် လွမ်းနေတယ်….
မင်းမှာခဲ့တဲ့အတိုင်းပဲ မင်းရဲ့အငွေ့အသက်တွေနဲ့အတူ……………
လောကကြီးမှာ အဓိပ္ပါယ်ရှိရှိ နေထိုင်ဖြတ်သန်းရင်း နဲ့ ခုံမင်နှစ်သက်စွာ
မင်းကို ငါလွမ်းနေပါတယ် ………..
အားလုံးဟာ ငါ့အတွက်တော့ မင်းနဲ့ပတ်သတ်ရင် အရင်အတိုင်းပါပဲ…………။။။

အိုင်လွယ်ပန်


ကျွန်တော်နဲ့လူများ

1 comments
(၁)
တူ..တူ...(ဖုန်းမြည်သံ…)
Me: “ဟယ်လို”….
Friend: “ဟိတ်ကောင်ဘယ်လိုလဲ..? ”
Me: “ဘာကိုတုန်း..? ”
Friend: “ကိုဝင်းနိုင်ကိစ္စ”
Me: “ဘယ်ကကိုဝင်းနိုင်တုန်းဟ..? ”
Friend: “သြော်..မင်းမသိရင်လည်းထားလိုက်တော့”
ဂွက်..(ဖုန်းချသံ)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၂)
တူ..တူ..(ဖုန်းမြည်သံ)
Me: “ဟယ်လို”
Someone: “I want to speak with Mr.Grogery”
Me: “where you want to call ?”
Someone: “Mr.Grogery”
Me: “Sorry! I think you make the wrong number”
Someone: “shit ”
Me: “အင်….!”
ဂွက်..(ဖုန်းချသံ)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၃)
ကလင်..ကလင်..(အခန်းတံခါးမှဘဲလ်မြည်သံ)
………………………………………………
………………………………………………….
ဂလောက်..(တံခါးဖွင့်သံ)
Madam: “It is Ms.Shila’s room?
Me: “No,Madam”
Madam: “why?”
Me: “အင်..! ”
Madam: “Is it room-102 ,right?”
Me: “Not,it is room-103 , Madam”
Madam “ကျွတ်..(စိတ်လေ၍စုပ်သပ်သံ)
ဒေါက်..ဒေါက်..ဒေါက်…(လှည့်ထွက်သွားသောဒေါက်ဖိနပ်သံ)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၄)
တူ..တူ..(ဖုန်းမြည်သံ)
Me: “ဟယ်လို”
Sweetheart: “မောင်..စိတ်ကောက်နေသေးလား..?”
Me: “မကောက်ပါဘူး..ဘာကိုမေးတာလဲ..?”
Sweetheart: “တော်ပြီ..တော်ပြီ”
“ဒီကတော့…မနေ့တုန်းကကိစ္စကိုကောက်နေတယ်မှတ်လို့”
“သူကတော့ဘာမှမဖြစ်တဲ့ အတိုင်းပဲ”
“ဘယ်တော့မှလည်းလေးနက်လာမှာမဟုတ်ဘူး…ဒါဘဲ..”
ဂွက်..(ဖုန်းချသံ)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်လူတွေအားလုံးကိုလေးလေးစားစားဆက်ဆံပါတယ်ဗျာ………….
ဒါပေမယ့်……….
လူတွေကခက်တယ်…………
ကျွန်တော်ကိုက မဟုတ်တာလည်းဖြစ်မယ်………..။။။။

အိုင်လွယ်ပန်

ကြုံခဲ့ရတဲ့ရွှေနိုင်ငံသား

2 comments
မြန်မာလူမျိုးမှန်ရင်ဘယ်အရာကိုမဆိုအနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ဓါတ်အနည်းနဲ့အများတော့
ပိုင်ဆိုင်ထားကြပါတယ်……အဲဒါဘယ်နိုင်ငံနဲ့ယှဉ်ယှဉ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အားသာချက်တစ်ခု
ပါ…..ကျွန်တော်အခုပြောချင်တဲ့အကြောင်းအရာလေးကကျွန်တော်စက်ရုံအလုပ်သမားဘဝနဲ့
အရှေ့တောင်အာရှနိုင်ငံတွေထဲကတစ်နိုင်ငံမှာသွားရောက်အလုပ်လုပ်နေတုန်းဖြစ်ခဲ့တဲ့ကျွန်တော့်ရဲ့
ဝမ်းသာဂုဏ်ယူမှုလေးတစ်ခုပါ…….တစ်နေ့မှာကျွန်တော်အလုပ်လုပ်နေတဲ့စက်ရုံမှာ DEPARMENT ပေါင်းစုံ
ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပါတယ်……လာရောက်အလုပ်လုပ်ကြတဲ့အထဲကမှလူဦးရေအနည်းဆုံးဖြစ်တဲ့
မြန်မာလူမျိုးကသက်သက်တစ်သင်းထွက်ရတယ်………ကျွန်တော်ကတော့ကိုယ့်မြန်မာတွေသက်သက်
တစ်သင်းဆိုတာက တကြောင်း ဝါသနာပါတာကတစ်ကြောင်း ကြောင့် ပွဲတိုင်းလိုလိုသွားအားပေးဖြစ်ပါ
တယ်…..ခက်တာကမြန်မာထဲမှာ ပိုက်ကျော်ခြင်းကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တာဆိုလို့ ၄ ယောက်
ပဲရှိတယ်….၄ ယောက်ထဲကမှ ၁ ယောက်က ပြိုင်ပွဲမစခင် ၁ ရက်က
လေ့ကျင့်ရင်းနဲ့ဒူးခေါင်းပြုတ်သွားတယ်……ဒီတော့ “ရှင်နည်းရာ အဂ္ဂ လူထွက်”ဆိုသလိုပေါ့ဗျာ……..
ဒါပေမယ်မြန်မာတွေတော်ကြပါတယ်ဗျာ…….ရှိတဲ့ ၃ ယောက်ကလည်း တကယ့်ကို အဆင့်မြင့်မြင့်
ကစားနိုင်ကြပါတယ်……….မြန်မာပရိသတ်ရဲ့အားပေးမှုတွေကလည်း တစ်ခြားနိုင်ငံတွေထက် ပိုတော့
ဒိုင်လူကြီးကတောင် သတိပေးယူရတယ်……..ဒီလိုနဲ့မြန်မာအသင်း အကြိုဗိုလ်လုပွဲကိုတက်လာတယ်…….
အကြိုဗိုလ်လုပွဲမှာတော့ မြန်မာအသင်း က ကျွန်တော်အလုပ်လုပ်တဲ့ နိုင်ငံ အိမ်ရှင် အသင်းနဲ့တွေ့တယ်…
အိမ်ရှင်အသင်းဆိုတာကလည်း သူတို့နိုင်ငံမှာ ပိုက်ကျော်ခြင်းကို အဆင့်မြင့်မြင့်ကစားနိုင်တဲ့ သူတွေက
အများသားလား………
ဒီတော့ “နောက်ထိန်း” ကအစ ရှေ့က“ ဖိုက်တာ” နဲ့ “လစ်ဘရို ”သမား အဆုံး တော်တော်
ကြီးကိုကောင်းကြတယ်……..ကစားနည်း က (INTERNATIONAL) နည်းနဲ့ ကစားကြတာပါ……
ပိုက်ကျော်ခြင်းကိုကြားဖူးနားဝရှိကြသူတိုင်းသိကြမှာပါ………(INTERNATIONAL) ဆိုတော့ ၃ပွဲ ကစား
ရာမှာ မြန်မာအသင်းက ပထမပွဲ ရှုံးထားတဲ့အပြင် ဒုတိယ ပွဲကလည်း အမှတ်တစ် ဝက်လောက် ပြတ်ပြီး
ရှုံးနေတော့ မြန်မာပရိသတ်တွေ လည်းမျက်နှာ မကောင်းကြဘူး……အိမ်ရှင်အသင်း “ ဖိုက်တာ” ရဲ့
တစ်ပတ်လည် ရိုက်ချက်တွေ ကလည်း အမြှောက်နဲ့ပစ်လိုက်သလားအောက်မေ့ရတယ်……….
ဆယ်လို့မရ ၊ ဘရော့ တက်ကာ ပြန်တော့ လည်း ဟိုက ပါးပါးနပ်နပ်နဲ့ ကျော်ကျော် ချသွားတော့
မြန်မာအသင်းအခြေအနေ မကောင်းဖြစ်နေတယ်……အဲဒီမှာတင်ပဲ ပိုဆိုးတဲ့ အခြေအနေတစ်ခုက
ဟိုဘက်ကရိုက်တဲ့ တစ်လုံး ကို ဘရော့ မကာမိတော့ မြန်မာ “နောက်ထိန်း” ကခေါင်းနဲ့ဆယ်ပါတယ်…..
ရိုက်ချက်ကတော်တော် ပြင်းတော့ မြန်မာ “နောက်ထိန်း” ရဲ့မျက်ခုံး ဟက်တက် ကွဲပါလေရော……
သွေးတွေကလည်းဖြာကနဲပဲ…….ဒီတော့မြန်မာတွေ (TIME OUT ) ခေါ်ပြီးအနားတောင်း လိုက်ရတယ်……
ကြက်ခြေနီတွေကဒဏ်ရာကိုဆေးထည့်ပေးပါတယ်……ဒါပေမယ့်ဒဏ်ရာကနည်းနည်းကြီးတော့ သွေးက
တော်တော်နဲ့ မတိတ်ဘူး………..လဲစရာလူကလည်းမရှိ ဆိုတော့ ပွဲကပြီးသလောက်ဖြစ်သွားတယ်……..
ဒူးခေါင်းပြုတ်နေတဲ့ တစ်ယောက်ကလည်း စာရင်းသာပေးထားတာ တစ်ကယ်တမ်းမခပ်နိုင်ဘူး…..
မနှစ်တုန်းကတော့ အဲဒီ တစ်ယောက်က အကောင်းဆုံးကစားသမားဆုရထားတာဆိုတော့
ဘာရယ်မဟုတ်ဘူး….လူရှိန်အောင်လို့သူ့ကိုထည့်ထားတာ……..အားလုံးစိတ်ဓါတ်တွေကျနေချိန်မှာ
မြန်မာ “နောက်ထိန်း”ဘာလုပ်တယ်ထင်ပါသလဲ……..ခေါင်းကိုလက်ကိုင်ပဝါနဲ့ဖြစ်သလိုစည်းပြီး
ကွင်းထဲကိုပြန်ဝင်လာပါတယ်……ဒိုင်လူကြီးတားနေတဲ့ကြားကနေ အတင်းပဲ ပွဲကိုပြန်စဖို့ပြောပါတယ်……..
နောက်ဆုံးတော့ ဒိုင်လူကြီးလည်း မသက်မသာ နဲ့ ပွဲကိုပြန်စရတယ်…..
အိမ်ရှင်အသင်းကလူတွေကတော့ မြန်မာ “နောက်ထိန်း” ကိုလူမှဟုတ်ရဲ့လား ဆိုတဲ့အကြည့်တွေနဲ့
လန့်ပြီးကြည့်နေလေရဲ့………မြန်မာပရိသတ်တွေရဲ့အားပေးသံတွေဟာ ကွင်းထဲမှာ လျှံတက်နေတယ်…….
တိုတိုပြောရရင် အဲဒီအချိန်ကစပြီး အိမ်ရှင်အသင်း ရဲ့ ဆာဗင် (စပေးခြင်း) တွေပျက်လာပါတယ်…..
(INTERNATIONAL) ဆိုတော့ ဟိုဘက်က ဆာဗင် (စပေးခြင်း) မဝင်လေ ကိုယ့်ဘက်က အမှတ်
ရလေပါပဲ……တဖြည်းဖြည်းနဲ့ မြန်မာအသင်းက တည်ငြိမ်လာသလောက် ဟိုဘက်အသင်းက
အမှားတွေများလာပါတယ်……စိတ်ဓါတ်ရဲ့အင်အားကတကယ့်ကိုကြောက်ဖို့ကောင်းပါတယ်…..
အထူးသဖြင့် သွေးတွေရဲပလောင်းခတ်နေတဲ့ကြားထဲက တစ်ဘက်အသင်းကို တည်တည်ငြိမ်ငြိမ်နဲ့
တုန့်ပြန်ကစားနေတဲ့ မြန်မာတစ်ယောက်ရဲ့ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓါတ်အင်အားက
တစ်ဘက်အသင်းကိုယောက်ယက်ခတ်စေပါတယ်…….ဒီတော့ မြန်မာအသင်း က အမှတ်တစ်ဝက်
လောက်ပြတ်နေတဲ့ ဒုတိယ ပွဲကို အနိုင်ရတဲ့အပြင် နောက်ဆုံး ပွဲငယ်လေးကိုပါ အနိုင်ရရှိခဲ့ ပါတယ်…..
မြန်မာတွေ ပျော်လိုက်ကြတာဗျာ……..ဘာနဲ့မှကိုနှိုင်းပြလို့ကိုမရပါဘူး………..အောင်ပွဲခံချက်တွေကလည်း
စက်ရုံ လုံခြုံရေး ကတောင် တားယူုရတယ်……..ကျွန်တော် လည်းအဲဒီနေ့က
တော်တော်ပျော်ခဲ့ရတယ်လေ………၊၊။။

အိုင်လွယ်ပန်

ဒီတစ်နေ့တော့ကျွန်တော်လွမ်းမယ်

0 comments
ဒီနေ့တော့ဘာဖြစ်နေလဲမသိဘူး……..
ကွန်ပြူတာရှေ့မှာထိုင်နေတာကြာပြီ……
စာတစ်ပုဒ်မှရေးလို့မရဘူး……
စိတ်ကူးထဲမှာလည်းအားလုံးကဗလာပဲ……….
မနေ့ညကတော့အခန်းထဲမှာအတူနေတဲ့သူငယ်ချင်းကအိမ်ကိုလွမ်းတယ်ဆိုပြီးရင်ဖွင့်လေရဲ့…………
သူပြောကာမှပဲကိုယ်လည်းအိမ်ကိုလွမ်းလာတယ်………
လွမ်းတယ်ဆိုတာလည်းအခုမှလွတ်လွတ်လပ်လပ်လွမ်းရဲတာ……..
ညတုန်းကတော့လူက 2feel ဖြစ်နေတယ်……..
ကိုယ့်ဘာသာကိုယ်လွမ်းနေတာကတစ်မျိုး ၊ သူငယ်ချင်းကိုနှစ်သိမ့်ရတာကတစ်မျိုးနဲ့…..
အခုမှ ဟိုကောင်အလုပ်သွားနေတုန်း…………
ကိုယ့်ဘာသာကိုတစ်ယောက်ထဲအေးအေးဆေးဆေးလွမ်းတော့မယ်…….
လွမ်းပြီဗျာ….
ကျွန်တော်လုပ်တာကိုင်တာအချိုးမကျရင်ဒေါသထွက်တတ်တဲ့ “အဖေ့” ကိုလွမ်းတယ်………..
ကျွန်တော်လုပ်ချင်တာကိုကျွန်တော်ဇွတ်လုပ်ပြီးတဲ့အခါ “အဖေ”လုံးဝမကြိုက်တဲ့ကိစ္စဖြစ်နေခဲ့ရင်
ကျွန်တော့်ဆီကိုဝင်ဝင်လာတတ်တဲ့ “အဖေ့ရဲ့လက်သီး” တွေကိုလွမ်းတယ်…………..
ကျွန်တော့်ကိုဘယ်ကိစ္စကိုမဆိုမရရအောင်လုပ်တတ်တဲ့စိတ်ဓါတ်တွေရိုက်သွင်းပေးခဲ့တဲ့
“အဖေ့” ကိုလွမ်းတယ်…………..
လောကဓံကသူ့ကိုတိုက်ခတ်ပြီဆိုရင် လောကဓံတရားကိုပြန်ပြန်ပြုံးပြတတ်တဲ့
“အဖေ့ ရဲ့ စိန်ခေါ်တဲ့ အပြုံး” တွေကိုလွမ်းတယ်……………
ကျွန်တော်ဘယ်လောက်ပဲစိတ်ဆင်းရဲမှုတွေကိုပေးပေး ကော်ဖီကြိုက်တတ်တဲ့ကျွန်တော့်
အတွက် မိုးလင်းတိုင်း ကြောင်အိမ်ပေါ်မှာကော်ဖီတစ်ခွက်ရှိနေစေတဲ့ “အမေ့”ကိုလွမ်းတယ်…….
ကျွန်တော်အောင်မြင်မှုတစ်ခုခုကိုဆွတ်ယူလာခဲ့ရင် ကျွန်တော့်ခေါင်းကိုပွတ်ပြီး ဂုဏ်ယူမှုတွေ
နဲ့ပြုံးပြတတ်တဲ့ “အမေ့ ရဲ့ အပြုံး” တွေကိုလွမ်းတယ်………
ကျွန်တော် ဘဝရဲ့ လှေခါးထစ်တွေကိုတက်ခါနီးတိုင်း “သားလုပ်နိုင်မှာပါ” ဆိုတဲ့စကားတစ်ခွန်းကို
အမြဲပြောတတ်တဲ့ “အမေ့” ကိုလွမ်းတယ်……….
အဖေ+အမေ+ကျွန်တော် တို့ အတူတူနေ ခဲ့ကြတဲ့ ကျွန်တော်တို့ ရဲ့ အိမ်လေးကို
ကျွန်…….. တော်………………လွမ်းးးးးးးးးးးးးးးးးးးးးးးးးးးတယ်……………
ကျွန်တော့်လိုပဲအဝေးရောက်နေပြီး အိမ်နဲ့ ခေတ္တခဏ ခွဲခွာနေရသူများရှိမှာပါ………
ကျွန်တော်တို့ဟာ ခံယူချက်တွေကိုယ်စီထမ်းထားပြီးလမ်းတွေလျှောက်နေကြပါတယ်………
တစ်ချိန်ကျရင်တော့ ကျွန်တော်တို့ဟာ နွေးထွေးလှတဲ့ မိဘရဲ့ အငွေ့အသက်တွေနဲ့
ပြည့်နှက်နေတဲ့ “အိမ်”လေးကိုပြန်ကြဦးမှာပါ……..
နေ့တွေညတွေပြောင်းနေသလိုပဲသံသရာဆိုတာလည်နေပါတယ်………..
ဘယ်သူမှအမြဲတမ်းပျော်မနေနိုင်သလိုအမြဲတမ်းလွမ်းမနေနိုင်ကြပါဘူး…………………….
ဒီတော့ ဆန္ဒ တွေကို ခဏတာရင်းထားရတဲ့ အခုလိုလွမ်းခွင့်ရနေစဲ အခိုက်အတန့်လေးမှာ
ကျွန်တော်တို့ကျေကျေနပ်နပ်နဲ့လွမ်းလိုက်ကြရအောင်……………။။။။။

အိုင်လွယ်ပန်


ကြယ်အကြွေကောက်ချင်တဲ့ကောင်

0 comments
နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့……မင်းအတွက်ဆိုရင်ကိုယ့်အိပ်မက်တွေကိုကိုယ်အကြိမ်ကြိမ်
ပြန်ထုပ်သိမ်းခဲ့သူပါ…..အရာအားလုံးထက်ကိုပိုပြီးမင်းကိုမြတ်နိုးတယ်ဆိုတာသေချာသိလိုက်ရတော့ ငါ့ဦး
နှောက်တွေဆွံ့အသွားတယ်……နဂိုကတည်းကနောင်တဆိုတာကိုငါမုန်းတယ်…….တစ်ခုလိုချင်ရင်တစ်ခု
ကိုတော့ပေးရစမြဲပေါ့……သီအိုရီတွေကတစ်ခါတစ်လေဆန္ဒနဲ့ထပ်တူမကျတတ်ဘူး……မင်းဆီကိုငါလှမ်းဖို့ငါ
နင်းရမယ့်ရင်ဘတ်က“မိဘ”ဖြစ်နေရအောင်ဘယ်ဂြိုလ်တွေကစီးနင်းထားသလဲတော့ငါမသိဘူး……..ဖြစ်နိုင်
ရင်ငါ့“မိဘ”ရဲ့နှလုံးသားကို……………
မင်းကိုနှစ်သက်တတ်လာအောင်အိပ်မွေ့ချချင်တယ်……….ဆန္ဒဟာဆန္ဒသက်သက်ပါပဲ……….
ဘာတွေပဲဖြစ်ဖြစ်……………….
အားလုံးကိုခဏလွှတ်ချပြီးငါလှမ်းခဲ့တယ်………..ငါသိတဲ့ငါ့အမှန်တရားဟာငါ့ခြေလှမ်းပေါ့……….
နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့……………တစ်ခါတစ်လေမင်းနဲ့ငါနားလည်မှုလမ်းကြောင်းတွေ
လွဲကောင်းလွဲမယ်………သေချာတာတစ်ခုကတော့ငါဟာဘာကောင်မှမဟုတ်ရင်တောင်…………
မင်းကိုချစ်တဲ့ကောင်ပါ.....ဆန္ဒတွေတနင့်တပိုးကိုမီးရှို့သုတ်သင်ပြီးမှနှလုံးသားရင်ငွေ့ခိုသူပါ……….
မင်းရဲ့ဆန္ဒတွေကိုလျစ်လျူရှုပြီးမင်းရဲ့နားလည်မှုတွေကိုဥပေက္ခာပြုပြီးနေခဲ့မိတဲ့ကြိမ်နှုန်းတွေရှိကောင်းရှိမိ
မယ်……….နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့……………….နားလည်ပေးပါ………………………….
ကြယ်တွေကြွေရင်ဆုတောင်းရမှာထက်စာရင်အဲဒီကြယ်အကြွေတွေကိုငါလိုက်ကောက်ကြည့်ချင်တယ်…….
မဖြစ်နိုင်ဘူးလို့ပဲဆိုချင်ဆိုငါ့“မိဘ”ရဲ့မင်းနဲ့ပတ်သတ်ရင်ဖြစ်တတ်တဲ့ခါးသီးမှုဆိုတဲ့ကြယ်ကြွေတွေကို………..
ငါလိုက်ကောက်ကြည့်ချင်တယ်……………နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့…………………………..
မင်းငါ့ကိုအားရပါးရပြုံးပြစမ်းပါ………………ကမ်းထားတဲ့ငါ့ရဲ့လက်ပေါ်မင်းရဲ့လက်ကိုထပ်ပါ…………………
ပြီးရင်…ငါတို့ရဲ့အားနေတဲ့လက်တွေနဲ့ကြယ်ကြွေတွေကိုကောက်ကြရအောင်ကွယ်……………………….။။
အိုင်လွယ်ပန်