Showing posts with label အမှတ်တရကဗျာများ. Show all posts
Showing posts with label အမှတ်တရကဗျာများ. Show all posts

Happy Birthday To My Little Bell

2 comments
ကျွန်တော့်ခေါင်းလောင်းလေးရဲ့မွေးနေ့ပါ။
ထုံးစံ ထုံးစံတွေအတိုင်း ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ်။

“ အဝေးကမင်းကို ငါအော်ခေါ်လိုက်တယ် ”


လည်နေတဲ့ စက်ဝန်းဟာ
စမှတ်ကို ပြန်လည်ထိခတ်မိသလိုမျိုး
နေ့သစ်တစ်ခုရဲ့ တိုးတိုက်မိသံ
ထောက်ကနဲကြားလိုက်ရပေါ့ ။

ရုတ်တရက် မမှီနိုင်တဲ့ အရပ်ဆီသို့
စိတ်ကူးတွေဟာ အလိုလိုဆန့်တန်း
ငြိမ်းချမ်းခြင်းဆီ လက်ကမ်းလိုက်တယ် ။

ပျော်ရွှင်ပါစေ
စကားသံ နဲ့ မကြားနိုင်တဲ့ စိတ်ကိုစိတ်ချင်းတိုးတိုက်မိမှု တစ်ခုနဲ့
ပျော်ရွှင်ပါစေ
ဖြတ်သန်းခဲ့တဲ့ ခရီးအတွက် အပန်းဖြေအားယူစဉ် တဒင်္ဂ
ပျော်ရွှင်ပါစေ
ရောက်ရှိလာသော ဆုမွန်ကောင်းများစွာ နှင့်အတူ ။

အသစ်အသစ်တွေ ဟောင်းဟောင်းလာသလို
အဟောင်းအဟောင်းတွေ သစ်သစ်လာတယ်
ဘဝရဲ့ နှစ်ပတ်လည် ….
စမ်းရေဟာ စမ်းရေခမ်းခဲ့သလိုမျိုး
ပန်းတွေဟာ ပန်းတွေ လန်းခဲ့သလိုမျိုး
အထိအရှ အနိုင်အရှုံးများနဲ့ကမ္ဘာ
သက္ကရာဇ်တွေ တစ်ဝုန်းဝုန်းလဲကျ ကျန်ရစ်ခဲ့ပေါ့ ။

အရှေ့ကိုမျှော်ပါ လက်ရှိကိုပျော်ပါ
မမှီနိုင်သေးတဲ့ အရပ်တစ်ကမ်းဆီက
မှန်းမျှော်တမ်းတသံ တိုးတိတ်အုံ့ဖွစွာ
ပျော်... ရွှင် ... ပါ ... စေ ။

အိုင်လွယ်ပန်

HAPPY BIRTHY TO MY LITTLE BELL :)

4 comments
ကျွန်တော့်ခေါင်းလောင်းလေးရဲ့ မွေးနေ့ပါ ..။
ပြောရရင် ဒီနှစ်မှာခေါင်းလောင်းသံတွေ ကျွန်တော်ကြားဖို့ခက်ခဲနေတယ် ..။
ဘာပဲဖြစ်ဖြစ်ပါ တကယ်မကြားရပေမယ့် တကယ်ကြားနေရသလို ကျွန်တော်
နားစိုက်ထောင်နေပါတယ် ..။ထုံးစံအတိုင်း ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ် ..။
မွေးနေ့မှာ ပျော်ရွှင်ပါစေ ခေါင်းလောင်းလေးရေ ..။


“ မာတိကာ ”


အမေ့ရင်ခွင် တိုးဝင်ခွေ့ရန် ပုခုံးနှစ်ဖက်ကြားမှ ဦးခေါင်း
စွန်းထင်းရန် လွယ်ကူသော ရင်ခွင်ဖြူ
ပတ်ဝန်းကျင်ကိုလိုက်ကာ အရောင်ပြောင်းတတ်သောစိတ်
ဆေးရောင်ဗရပွနှင့် စုတ်ချက်ကြမ်းမျိုးစုံ
အယူအဆများကြားမှ စစ်ပွဲ
သန်သန်မာမာ အတောင်အလက်များဖြင့် ပျံသန်းခြင်း
ပျော်ရွှင်စုံမက်ဖွယ် သက္ကရာဇ် ရေစီးကြောင်း
ဒဏ်ရာအနာတရ လဲပြိုကျ နေ့ရက်များ
အမှန်အမှား ခွဲခြားတတ်လိုသော အာသီသ
မီးခိုးငွေ့များကြား ၁ မှ ၃၀
၃၁ ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ချစ်သူထံမှ ပျော်ရွှင်ပါစေကြောင်း ကြေးနန်း ....။။


အိုင်လွယ်ပန်

အကွေ့

11 comments
မနက်ဖြန် မလာခင် လေးပေါ့
ဒီနေ့ဟာ ကျလာနိုင်ကောင်းတဲ့
မနေ့က အငွေ့အသက်တွေကို
ပုတ်ဖယ် ခတ်ထုတ်လို့
ဒီနေ့ စစ်စစ် ဖြစ်ကြောင်း
လက်ခမောင်း ထခတ်တယ် ။

မခံစားအောင်နေရတာ
ပိုခံစားရတယ် ဆိုတဲ့နောက်
ခံစားစရာရှိ ခံစားလိုက်ဖို့
နှလုံးသားက မီးမောင်းထိုးခဲ့ရဲ့
ကိုယ့်ဘယ်ဘက်ရင်အုံကို ကိုယ်ပုတ်
ကျေးဇူးတင်ကြောင်း ပြောဖြစ်ခဲ့တယ် ။

အသက်ရှုသံတွေတောင်
ကမ်းမမြင် လမ်းမမြင်မို့
ကြိုတင်ကြံစည်မှု အလေ့အထမှာ
မှင်နီတစ်ကြောင်း တားပစ်ခဲ့ပေါ့
ငါ့တစ်ကိုယ်လုံး ရဲကနဲ
သာမန်နေ့မို့
စံပယ်သံတွေ ကြားစရာ
စံပယ်တွေ တဝုန်းဝုန်းကြွေပြစရာ
မလိုအပ်တော့ပါဘူး ။

လက်ညှိုးညွှန်ရာ ရေဖြစ်စေသား
ဆုတောင်းခြင်းကို မယုံကြည်တတ်သူ
ထွက်ခွာသွားတဲ့ ပင်လယ်ဘက်သွားရာလမ်းမှာ
ကြယ်တွေဟာ ငန်ပျပျ နဲ့ ။

(ကိုယ် + ရင် ) ဖိ
ကိုယ်ဖိရင်ဖိ မှုတ်ထုတ်လိုက်တဲ့
သက်ပြင်း စစ်စစ်ပါ
တစ်နေရာရာမှာပဲ
ကြုံရာကျပမ်း ပျောက်သွားလိမ့်မယ်
ဝမ်းနည်းကြောင်း သေချာသွားတော့
သေချာစွာ ဝမ်းနည်းလိုက်ပါတယ် ။

အိုင်လွယ်ပန်

ရက်ပိုင်းအတွင်း အခုလို စိတ်ကြိုက်သုံးလို့ရနေတဲ့ အင်တာနက်နဲ့ ဝေးရပါမယ် ။
အပြီးပြန်တာဖြစ်လို့ နောက်တစ်ခေါက် ပြန်မထွက်ဖြစ်မချင်း အထူးသဖြင့်
PUBLISH ခလုပ် ပျက်နေတဲ့ မြန်မာပြည် မှာ POST တွေ ဆက်တင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ ။
ခင်မင် ထိရှ ခွင့်ရခဲ့တဲ့ ညီအစ်ကို မောင်နှမတွေ နဲ့လည်း (အချိန် အတိုင်းအတာ မည်မျှမှန်းမသိ ) ခွဲရပါမယ် ..။
စရေးကတည်းက ပိတ်ဖို့ ရေးတာမဟုတ် တဲ့ အတွက် BLOG ကတော့ ဒီအတိုင်း ကျန်နေခဲ့မှာပါ ..။
ဆုံခွင့်ရှိရင် ပြန်ဆုံကြသေးတာပေါ့ ..။
အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေဗျာ ..။

ကောင်းကင်များ ၏ အတ္ထုပ္ပတ္တိ

0 comments
ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀

HAPPY BIRTHY TO MY LITTLE BELL :)

16 comments
၂၂ .၁၀ .၂၀၀၉
ကျွန်တော့် ခေါင်းလောင်းလေး ရဲ့ မွေးနေ့ပါ ။
ကဗျာ တစ်ပုဒ် ရေးဖြစ်ပါ တယ် ။
မွေးနေ့ မှာ ပျော်ရွှင် ပါစေ ခေါင်းလောင်းလေးရေ ။

“မင်းရဲ့ အပြုံးဟာ မင်း ဂီတ”

သက္ကရာဇ်ရဲ့ သန်သန်မာမာ ပညတ်တွေက
မင်းရဲ့ အမည်နာမ မှာ နံပါတ်ပြောင်းပွဲတော်ကို
ကျင်းပကြပြန်တယ် ။

မင်းမျက်ဝန်းမှာ
ရာသီပေါ် ပြိုခဲ့ဖူးတဲ့ စံပယ်တွေ နဲ့
မင်းနှုတ်ခမ်းမှာ
ရာသီပေါ် ချိုခဲ့ဖူးတဲ့ ပျားရည်စက်တွေ ဟာ
နေ့ နဲ့ ည လို ထည်လဲ
နိဗ္ဗာန် နဲ့ ငရဲ ကို
အကြိမ်ကြိမ် ဒွေးရော ယှက်တင် နေ လာခဲ့
မင်း ... တစ် ကိုယ် စာ ။

အနှစ်သုံးဆယ် ....
ကမ္ဘာ မြေကြီး ရဲ့ ဆွဲငင်အား နဲ့ မားမားရပ်ခဲ့တဲ့
မင်းရဲ့ လွန်လေပြီးသောတွေမှာ
ဘာတွေ ဖူးပွင့်ခဲ့သလဲ
ဘာတွေ ကြွေလွင့် ခဲ့သလဲ
ဘာတွေ မှောင်ပိန်းခဲ့သလဲ
ဘာတွေ လင်းမြခဲ့သလဲ
မင်း ကိုယ်မင်း ပြန် မေးပြီး
မင်း တစ်ယောက်စာ ကြားနိုင်အောင်လောက်တော့
မင်းပြန်ဖြေ နိုင်ကောင်းရဲ့ ။

အနည်းဆုံးတော့
မင်းချိုးချလိုက်တဲ့ ဘဝ ခေါက်ချိုးမှာ
သက်တမ်း တစ်ဝက်စာ အသက်ရှုသံတွေ ပါသွားမယ်
နောက်ထပ် ...
ဘယ်ခွက် နဲ့ အနာဂတ် ကို
ဘယ်လို ဆက်လက် ငှဲ့သောက် မလဲ ဆိုတာကတော့
မင်းကိုယ်တိုင် အဖြေညှိ ရ မယ့်
မင်းရဲ့ တစ်ဦးဆိုင် ပုစ္ဆာ ။

ရွှေထီး ဆောင်းခဲ့ တာတွေ ပြန်အောက်မေ့ စတမ်းဆိုရင်
ရိုးသား ခဲ့တာ တွေထက်
ရိုးသား ချင်ယောင် မဆောင်ခဲ့ တာတွေ ကို
ဂုဏ် ယူ ပါ
မရောက်ခဲ့တဲ့ ခရီးတွေ ဆိုသော်ငြားလည်း
လျှောက်မြဲ လျှောက်ပေး ခဲ့တဲ့ ခြေထောက်တွေကို
ကောင်း ချီး ပေး ပါ
မှိုနံ့ သင်းနေခဲ့ပေမယ့်
အသက် ဝဝ ရှုရခဲ့သောနေ့စွဲများ ကို
သြဘာ ပေးပါ ။

ခေါင်းလောင်းလေးရေ !
ငါ့ရဲ့ ...
အသံ စာလှစွာသော ခေါင်းလောင်းလေးရေ !
ညစ်ပတ် ပေရေစွာ လမ်းလျှောက် တတ် တဲ့
ခြေထောက်တွေ ကို ရွံရှာ လိုက်တာ လို့ တဖွဖွ အော်နေပြီး
စွပ်ပြုတ် တစ်ခွက် ထဲက ဝက်ခြေထောက် တစ်စုံကို
မြိန်ရည် ယှက်ရည် ကိုက်စား တတ်ကြတာလည်း
သုံးဆယ့် တစ်ဘုံ ထဲက တစ်ဘုံ ပါပဲကွယ်
အဲသလို
ကိုယ် ထင်ရင် ကုတင် ရွှေနန်း လောကီ မှာ
မင်းရင်ထဲမှာ တူတူပုန်းနေတဲ့ နှင်းစက် တစ်စက်ဟာ
အဝိဇ္ဇာ တွေ ကို ပြန်ပြန် လှဲကျင်းဖို့ရာ
ငြိမ်းချမ်းစွာ ပြုံးလိုက် တဲ့ မင်းရဲ့ အပြုံးတစ်ခု ကို
မင်းကိုယ်တိုင် ပြန်လည် ရှာဖွေ တွေ့ရှိမှသာ ...။


အိုင်လွယ်ပန်

စည်းချက်ညီသောရင်ခုန်သံများ

3 comments

အမေနေ့အတွက် BLOGGER များပေါင်းစည်းထားတဲ့ ရင်ခုန်သံစည်းချက်များပါ ……
ကောင်းကင်များ၏အတ္ထုပတ္တိ လို့ အမည်ရပါတယ် ………….
ကျွန်တော်တို့တွေ ရင်ဘတ်ကိုယ်စီက မြည်တမ်းနေတဲ့ အမေ့အသံတွေနဲ့
ကျွန်တော်တို့ရဲ့ အမေ တွေကို ဦးခိုက်ကြည့်ကြရအောင်လား …………….။။။
[Download လင့်ခ်ကို ကိုဆိုးသွမ်း ဘလော့မှ ယူထားပါတယ် ]

အိုင်လွယ်ပန်

HAPPY BIRTHDAY TO MY LITTLE BELL

10 comments

ကျွန်တော် စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် စိတ်ပျော်ရွှင်နေရင်ပဲဖြစ်ဖြစ် ကျွန်တော်ဘေးနားမှာအမြဲတွယ်ကပ်နေပြီး
အသံစာစာ စာစာနဲ့ ထိုးတတ်တဲ့ ခေါင်းလောင်းလေးတစ်လုံး ကျွန်တော့်မှာရှိတယ်……..
အဲဒီခေါင်းလောင်းလေးက ကျွန်တော်လုပ်သမျှ တော်တော်များများကိုလည်း (ယုတ်စွအဆုံး)
အရက်သောက်ဖြစ်တာကအစ ဘာကိုမှဂရုမစိုက်တဲ့ မျက်နှာပေးလေးနဲ့ လိုက်လုပ်တတ်သေးတယ်….
မလုပ်ရရင် ကွေးနေအောင်ကောက်ပြီး ခေါင်းလောင်းသံစာစာလေးပျောက်သွားရောဗျ……
ကျွန်တော်ကလည်းကျွန်တော်ပဲ နားညီးကာမှ ညီးရော ခေါင်းလောင်းသံလေးကို
အမြဲတမ်းကြားချင်နေမိတော့တယ်….
22th October မှာ ကျွန်တော့်ခေါင်းလောင်းလေး ရဲ့ မွေးနေ့ကျရောက်ပါတယ်…………..
ဘာကိုမှမယ်မယ်ရရမပေးနိုင်ရင်တောင် မဖြစ်ညစ်ကျယ်ကဗျာလေးတစ်ပုဒ်တော့
ရေးထားဖြစ်ပါတယ်…….မွေးနေ့မှာပျော်ရွှင်ပါစေ ခေါင်းလောင်းလေးရေ…………………..။။။

“မင်းကိုယ်တိုင်သွန်းလောင်းမှရမယ့် မင်းပုံစံခွက်”

ကာလရဲ့ဓါးက
မင်း တစ်ရာသီကို ထပ်ပိုင်းပြန်တယ်………….

စောင့်ဆိုင်းနေရတာထက်
ပြေးပြေးတွေ့ရမှာ ပိုမက်တဲ့
မင်းအတွက်
နရီရဲ့ အဓိပ္ပါယ်ရှိခြင်းတွေဟာ
မင်းရဲ့ရဲရင့်မှုတွေနဲ့အတူ
သုံးပုံတစ်ပုံစာအချိုးကျခဲ့ဖူးပြီ………………….

မင်းရဲ့
အဖြူရောင်ရနံ့
တွန်းကန်အား
နားလည်တတ်ခဲ့ခြင်းတွေကြောင့်လည်း
မင်းရဲ့ပတ်ဝန်းကျင်တွေမှာ
ကြည်နူးမှုဘာသာဗေဒတို့
စိုစွတ်ခဲ့ဖူးပြီ………………….

မင်းရဲ့
နူးညံ့စွာသက်ဝင်ခဲ့ခြင်းရဲ့
ရိုးသားခဲ့မှုကြောင့်လည်း
ဘာကိုမှအယုံအကြည်မရှိခဲ့တဲ့
ဗြုတ်စဗျင်းတောင်း
ရင်ခွင်တစ်ခုဟာလည်း
နူးညံ့စွာတန်ပြန် ထပ်တူကျခဲ့ဖူးပြီ……………

ကျေနပ်စွာ
ပြုံး စမ်း ပါ……………

ရှေးဟောင်းနှောင်းဖြစ်တို့က ကျန်ခဲ့ပြီ
နောင်ဖြစ်လတ္တံ့တို့က မျှော်ရမှာမောမယ်
ဒီနေ့ဆိုတာထဲမှာမှ
လက်ရှိဆိုတဲ့အချိန်
မင်းရယ် မင်းဆန္ဒရဲ့အရိပ်ရယ်ဟာ
နှစ်ကိုယ့်တစ်စိတ်ဖြစ်စေဖို့
မင်းရဲ့မောင်းနှင်အား
မင်းကိုယ်ကိုယ်တိုင်ပဲ အသက်သွင်းစမ်းပါကွယ့်
မင်းရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်
ကမ္ဘာပေါ်မှာ
မင်းတစ်ယောက်ထဲပိုင်တယ်လေကွယ်……………………………။။။

အိုင်လွယ်ပန်


ကောင်းကင်ပါငိုတဲ့နေ့

5 comments


အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့မြင့်မြတ်ခြင်းခရီးမှာ
ကောင်းကင်ကြီးကပါငိုတယ်………………..

ပျိုးရုံသာပျိုးရသေးတဲ့
အလင်းအိမ်လေးကို
အပြီးသတ်ထွန်းညှိ
ငြိမ်းချမ်းခြင်းစည်းချက်ညီစေခဲ့သူ…………….

မြေပြန့်အနှံ့ကအုံ့မှိုင်းမိုး
တောင်ရိုးတစ်လျှောက်ကဒုက္ခအခိုးတွေကို
မျိုးချစ်စိတ်ရဲရဲနဲ့ဇလဗေဒကောင်းစေခဲ့သူ………………………

တစ်ခုထဲသောကုတ်အနွမ်းအောက်က
ဂရုဏာရင်ငွေ့နွေးနွေးနဲ့
ရဲရင့်ခြင်းသွေးတွေပွက်
ဘေးအပေါင်းအားပျက်စေခဲ့သူ………………………….

သူဟာ…….
ပြန့်ကျဲနေတဲ့
ကျွန်တော်တို့ရဲ့ အိပ်မက်တွေကိုအစီအရီစုစည်း
ခလုပ်ကန်ကန်သင်းတွေပြည့်နှက်နေတဲ့
ကျွန်တော်တို့ရဲ့လမ်းကို
ရင်ဘတ်နဲ့နင်းပြီး
ကျွန်တော်တို့အတွက်
ပန်းခင်းတွေထားပစ်ခဲ့တယ်…………………….

အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့မြင့်မြတ်ခြင်းခရီးပေါ့
ကျွန်တော်တို့ကို
လွတ်လပ်ခြင်းတွေနီးစေပြီး
သူတို့ကတော့ကျွန်တော်တို့နဲ့
ဝေး…..သွား…..လိုက်…..တာ……..
ကောင်းကင်ရဲ့ပုလဲဥတွေလေ……
ကြွေလို့လွင့်လို့……………………။။။

အိုင်လွယ်ပန်

(19th JULY မှာကျရောက်တဲ့ကျွန်တော့်ရဲ့မွေးနေ့မှာ ဒီကဗျာလေးနဲ့ “ဖခင်” ပီသ ခဲ့တဲ့နိုင်ငံရဲ့
“ဖခင်”ကြီးကို ဂါရဝပြုလိုက်ပါတယ်ဗျာ……အရင်ရေးထားတဲ့ကဗျာအဟောင်းလေးကိုပဲ
ပြန်ပြီးမွန်းမံလိုက်တာပါ…………)