ပေါ့ပေါ့လေးနေလိုက်ပါ

အခုမှစမြင်ဖူးတော့လဲ
ပွေ့ဖက်လို့ရူးဦးပေါ့
တစ်ချိန်မှာ
ကွာကျလာခဲ့ရင်(ဒါမှမဟုတ်)ခွါချပစ်ခဲ့ရင်
ပေါ့ပေါ့လေးနေပါ…………………

ဒီမြို့ကြီးမှာ
အတ္တတွေကရောင်းတမ်းဝင်တယ်
မမြင်အောင်ဖုံးထားတဲ့အတ္တက
ဈေးပိုကောင်းသတဲ့
အပြုံးတုတွေချခင်း
တပ်မက်မှုစီးချင်းထိုးပွဲတွေကြား
ဂရုဏာတရားဟာ
မစားကောင်းတဲ့အသီးလိုဖြစ်နေခဲ့
မင်းထင်နေတဲ့ကြီးကျယ်မှုတွေဟာ
ဖန်တီးမှုသက်သက်တွေပါညီမလေး
အခုချိန်မှာတော့
ပွေ့ဖက်လို့ရူးဦးပေါ့……………………..

ဒီမြို့ကြီးမှာ
မင်းလိုချင်တာတွေကို
(ပစ္စည်းသက်သက်)
နာရီပိုင်းအတွင်းဖန်တီးပေးမယ့်
အဆီပြန်မျက်နှာတွေရှိတယ်
ကျိန်းသေတာတော့
ဘယ်အရာမှအလကားမရဘူးညီမလေး
အခုအချိန်မှာတော့
ပွေ့ဖက်လို့ရူးဦးပေါ့………….

ဒီမြို့ကြီးမှာ
ဖြည်ရခက်တဲ့နှောင်ကြိုးတွေက
မသိမသာနဲ့ရစ်တတ်တယ်
သကာကုန်ရင်တော့
အခါးပေါ်လာမယ်ညီမလေး
အခုအချိန်မှာတော့
ပွေ့ဖက်လို့ရူးဦးပေါ့……………………..

ညီမလေးရေ!
မင်းဟာလောလောဆယ်မှာ
ကောက်ရိုးမီးပါကွယ့်
(တပ်မက်ခြင်းတွေနဲ့)
ပွေ့ဖက်လို့ရူးပါ
တစ်ချိန်မှာ
ကွာကျလာခဲ့ရင်(ဒါမှမဟုတ်)ခွါချပစ်ခဲ့ရင်တော့
ဘာကိုမှမဖြစ်ခဲ့သလို
ပေါ့ပေါ့လေးနေပါ
အလေးကြီးထမ်းပိုးခဲ့ဖူးပြီလေ…………………….။။။

အိုင်လွယ်ပန်

3 comments:

မျှားပြာ said...

ဘာကိုမှမဖြစ်ခဲ့သလို
ပေါ့ပေါ့လေးနေပါ
အလေးကြီးထမ်းပိုးခဲ့ဖူးပြီလေ…………

Anonymous said...

ဂရုဏာတရားဟာ
မစားကောင်းတဲ့အသီးလိုဖြစ်နေခဲ့တယ်လားး
ပေါ့ပေါ့လေးနေလိုက်တာပဲ ကောင်းပါတယ် ။
မသေခင်ထိ ထမ်းနေရအုံးမှာပဲ မဟုတ်ဘူးလားး

တင့်ထူးရွှေ said...

ကောင်းတယ်ဗျာ ၊ အားပေးလျှက်ပါ ။