အရူးရေးတဲ့အရူးကဗျာ

စခဲ့တုန်းကတော့
မသိလမ်း
အဖြူထည်သက်သက်နဲ့
ကြယ်စင်ပျိုးတဲ့လက်အောက်
မေတ္တာချိုကိုစို့ယူသောက်သုံးဖို့လောက်
ဘယ်အရာကမှအားမသန်တော့
ကြိုးလျော့လျော့နဲ့ပေါ့
အမေ့ရဲ့အပြုံးက
အဲဒီမှာကတည်းကထိန်ထိန်သာခဲ့………………….

အမေရေ!
ကကြီး ခကွေးသင်ခဲ့တုန်းက
ဘဝ ဆိုတဲ့ စာနှစ်လုံးကို
အမှတ်တမဲ့ပါပဲ
အခုတော့
ဖြည်မရပြုမရနဲ့……………………….

မနေတတ်လို့ပါ
နေတတ်ရင်ကျေနပ်စရာပါတဲ့အမေရယ်
ပညာရှိလိုလို
သူရဲကောင်းလိုလို ပုဂ္ဂိုလ်ကြီးတွေရဲ့
သြဝါဒတွေက
မသောက်ဘဲမူးစေရဲ့
ဒီနေ့လဲ
ကိုယ့်ထမင်းကိုယ်စားလိုက်ပါတယ်အမေ………………

ပေါင်းနှုတ်မြှောက်စား
သင်ရိုးမကျေခဲ့တော့
(မကျေချင်ခဲ့တော့)
ပုစ္ဆာတိုင်းလိုလိုမှာ
မှင်နီပါတယ်
လူတွေကိုပဲကြတ်ခြေခတ်မိလား
လူတွေကပဲကြတ်ခြေလာခတ်သလား
မ သေ ချာ ဘူး
လက်သည်းကြားကိုအပ်စိုက်
တူနဲ့တစ်ဆုံးရိုက်သွင်းတာတောင်
မျက်နှာတစ်ချက်မပျက်ခဲ့တဲ့သမိုင်းကို
မယုံခဲ့လို့တဲ့
လူတွေရဲ့အကြည့်ကို
ဇောက်ထိုးမြင်လိုက်ရ
အပ်နဲ့ထိုးရင်မအော်တာဘယ်သူရှိလဲအမေ
အဲဒီသမိုင်းကိုရေးသွားတဲ့သူကကော
သူ့သမိုင်းသူရေးသွားပါရဲ့လား……………….

“ကြောက်ရင်လာဘ်လွဲ ရဲလျှင်မင်းဖြစ်” တဲ့
မင်းဖြစ်တော့မင်းခံပေါ့ အမေရယ်
ရုန်းမရအောင်ကို
ကိုယ့်ကိုကိုယ် နှစ်ပစ်လိုက်တယ်
ရေးလို့မရတဲ့ ကဗျာ ကားစင်ထက်က
ကောင်းကင်ကိုမော့ကြည့်လိုက်တော့
အမေ့ရဲ့အပြုံးက
ထိန်ထိန်သာနေတုန်း
အရူးတစ်ယောက်
ဦးခိုက်လျက်ပါ အမေ…………………..။။။

အိုင်လွယ်ပန်

4 comments:

Anonymous said...

သင်ရိုးမကျေခဲ့တော့
ပုစ္ဆာတိုင်းလိုလိုမှာ
မှင်နီပါတယ်
လူတွေကိုပဲကြတ်ခြေခတ်မိလား
လူတွေကပဲကြတ်ခြေလာခတ်သလား
မ သေ ချာ ဘူး

ဟုတ်တယ်...ဘာမှမသေချာဘူးး သေချာတာဆိုလို့ ဟိုအဖိုးကြီး သက်ဆိုးရှည်နေတာရယ် ကုန်ဈေးနှုန်းတွေတက်နေတာရယ်ပဲ သေချာတယ် ။ ဘ၀က နေတက်ရင် ပျော်စရာကောင်းတယ်ဆိုပေမယ့် မနေတက်တာက ခက်နေတယ်ဗျို့  ။

Kaung Kin Ko said...

လက်သည်းကြားကိုအပ်စိုက်
တူနဲ့တစ်ဆုံးရိုက်သွင်းတာတောင်
မျက်နှာတစ်ချက်မပျက်ခဲ့တဲ့သမိုင်းကို
မယုံခဲ့လို့တဲ့
လူတွေရဲ့အကြည့်ကို
ဇောက်ထိုးမြင်လိုက်ရ
အပ်နဲ့ထိုးရင်မအော်တာဘယ်သူရှိလဲအမေ
အဲဒီသမိုင်းကိုရေးသွားတဲ့သူကကော
သူ့သမိုင်းသူရေးသွားပါရဲ့လား……………….

ကဗျာ ကောင်းတယ်ဗျာ။ အတွေးလည်း ရဲရင့်တယ်။ အသုံးအနှုန်းတွေလည်းမိုက်တယ်။ ကြိုက်တယ်ဗျာ။

Unknown said...

အရူးရေးတဲ့ကဗျာ အရူးဖတ်သွားတယ်ဗျာ။
ကဗျာလေးက ကောင်းလွန်းလို့ ကြက်သီးတောင် ထတယ်ဗျာ။ ကြိုက်တယ်ဗျာ။

ကိုရင်ညိန်း said...

အတွေးရဲပြီး စကားလုံးအသုံးတစ်အားလှတယ်
ဖန်ရတာတော်တော်လေး စီးစီးပိုင်ပိုင်ရှိတယ် ။
နင့်နင့်သည်းသည်း လာထိပါတယ်ဗျာ ။ နောက်ထပ် နောက်ထပ်တွေကိုလည်း မျှော်လင့်ပါတယ် ။